← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

Ch-81

အချိန်ဇယားအရဆိုလျှင် ရှန်ဟွိုင်နျန် စစ်ဆင်ရေးပြီးဆုံးရန် အနည်းဆုံး လဝက်ခန့်လိုသေးသည်။ ဝူချန်ကျွင်း သူ့ပေါင်သူ ရိုက်လိုက်လေသည်။

‘ဒီခွေးကောင်လေးက ဇနီးဖြစ်သူကိုလာကြည့်ဖို့အတွက် စစ်ဆင်ရေးကို အစောကြီး အပြီးသတ်လာခဲ့တာဖြစ်ရမယ်'

ရှန်ဟွိုင်နျန်၏အသံမှာ အလွန်အမင်း အေးစက်နေပြီး သူ့မြေခွေးမျက်ဝန်းများမှာ လူသတ်ချင်နေသောဓားသွားများအလား ဖြစ်နေခဲ့၏။

ဝူချန်ကျွင်းသည် သူ့လည်ပင်းလှီးဖြတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူသည် တံတွေးကို အတင်းမြိုချလိုက်ပြီး နှစ်သိမ့်ရန် ရှေ့တိုးသွားသည်။

“ဟွိုင်နျန် စိတ်လျှော့ပါကွာ၊ ဘာမှမဖြစ်ပါဘူး၊ ရှဲ့လီ ဒဏ်ရာနည်းနည်းရသွားရုံလေးပါ”

ရှန်ဟွိုင်နျန်ခေါင်းငုံ့ကာ လက်ပစ်ဗုံးတစ်လုံးကို ဆွဲထုတ်လိုက်လေ၏။

“အား မလုပ်နဲ့ မလုပ်ပါနဲ့ မလုပ်ပါနဲ့ကွာ”

ဝူချန်ကျွင်းသည် ရှန်ဟွိုင်နျန်၏လက်ကိုဖိထားရန် အလျင်အမြန်ခုန်အုပ်လိုက်ရင်း အမှန်တရားကိုအမြန်ပြောပြလိုက်လေသည်။

“မင်းဇနီးက စစ်တပ်ဝင်းထဲက စစ်မှုထမ်းဇနီးသည်တွေနဲ့ ပြဿနာဖြစ်ပြီး သူတို့ကိုရိုက်လိုက်တယ်လေ၊ အဲဒါ မင်းဇနီးကစခဲ့တာ၊ ဒါပေမဲ့ နောက်တော့ သူတို့ယောက္ခမတွေက မကျေနပ်ဘဲ ဆေးရုံအထိလာပြီး ရှင်းလင်းချက်လာတောင်းကြတယ်၊ ပြီးတော့... ပြီးတော့...”

ဝူချန်ကျွင်း အံတင်းတင်းကြိတ်ကာ ဆက်ပြောလိုက်လေသည်။

“ရှဲ့လီက ဒီလောက်ကြောက်တတ်မှန်း ဘယ်သူသိမှာလဲ၊ သူကကြောက်လွန်းလို့ သတိလစ်သွားတာ၊ ဖြစ်နိုင်တာကတော့... သူ သေတော့မယ်ထင်တယ်...”

ရှန်ဟွိုင်နျန်၏ခန္ဓာကိုယ် တောင့်တင်းသွားခဲ့လေသည်။ သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့၏။

‘သေတော့မယ် ဟုတ်လား၊ ရှဲ့လီက သေတော့မယ်ဟုတ်လား'

ဝူချန်ကျွင်းနှင့် ရှန်ဟွိုင်နျန်တို့ ဆေးရုံသို့ရောက်ရှိလာချိန်တွင် ရှဲ့လီမှာ အဖြူရောင်အဝတ်တစ်ခုဖြင့် ဖုံးအုပ်ခံထားရလေပြီ။ ရှန်ဟွိုင်နျန်၏ခြေလှမ်းများမှာ နှေးကွေးသွားခဲ့၏။ သူသည် ရှဲ့လီနှင့် မလှမ်းမကမ်းတွင်ရပ်နေခဲ့ပြီး ရှေ့ဆက်မတိုးရဲတော့ပေ။

ပတ်ဝန်းကျင်မှာ ဆူညံပွက်လောရိုက်နေသော်လည်း သူ ဘာမျှမကြားရတော့ပေ။ သူ့စိတ်ထဲတွင် ရှဲ့လီ၏ရယ်မောသံများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူတို့ ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က သူမသည် စုတ်ပြတ်သတ်နေပြီး သူ့ခြေထောက်ကို ဖက်ထားခဲ့သည်။

သူမကိုရှာဖွေရန် ဟိုတယ်သို့ သွားရောက်ခဲ့စဉ်က သူမသည် ဒေါက်မြင့်ဖိနပ်ကိုဝတ်ဆင်ကာ သူခိုးတစ်ယောက်ကို အရူးအမူးလိုက်လံဖမ်းဆီးနေခဲ့၏။

မြို့တော်သို့ခေါ်ဆောင်သွားစဉ်က သူမသည် မြေခွေးငယ်လေးတစ်ကောင်အလား ကောက်ကျစ်စဉ်းလဲစွာဖြင့် သူ့ညီဖြစ်သူကို ထောင်ချောက်ဆင်ခဲ့သည်။

‘သူမက ရဲရင့်တယ်၊ မြန်ဆန်တယ်၊ ချစ်စရာကောင်းတယ်၊ ပြီးတော့ အရမ်းလှတယ်'

‘သူမက ပြိုင်ဘက်ကင်းပဲ၊ အရမ်းကို တက်ကြွလွန်းတယ်'

သူမသည် သူ၏တည်ငြိမ်ပြီး ပျင်းစရာကောင်းသောဘဝထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သူလည်း ဖြစ်သည်။

သူမကို သူ သေမတတ်ချစ်မြတ်နိုးမိ၏။ သို့သော် သူ့အမျိုးသမီးမှာ ယခုအခါတွင် အဖြူရောင်အဝတ်တစ်ခုဖြင့် ဖုံးအုပ်ခံထားရပြီး ဆေးရုံကုတင်ပေါ်တွင် အထီးကျန်စွာ လှဲလျောင်းနေခဲ့လေပြီ။ ထိုအဝတ်အောက်ရှိ ရှဲ့လီ၏ပုံစံမှာ မည်သို့ရှိမည်ကို သူ စိတ်ကူးမကြည့်ရဲတော့ပေ။

“ရှောင်လီ”

ရှန်ဟွိုင်နျန် ရှေ့သို့ယိမ်းထိုးသွားခဲ့သည်။ သူ့အသံမှာ ပုံမှန်အေးစက်နေမှုများ ပျောက်ကွယ်သွားပြီး ငိုသံအနည်းငယ် စွက်ဖက်နေခဲ့၏။

ကုတင်နှင့် အကွာအဝေးမှာ သုံးမီတာပင်မပြည့်သော်လည်း အနားသွားဖို့ မဝံ့မရဲဖြစ်နေခဲ့သည်။ သူ လုံးဝကို ဖရိုဖရဲ ဖြစ်နေခဲ့လေပြီ။

ဝူချန်ကျွင်းလည်း စိတ်ထိခိုက်သွားခဲ့ရ၏။ ဤသည်မှာ ရှန်ဟွိုင်နျန်ကို ဤကဲ့သို့သောအခြေအနေမျိုးဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။

“ရှောင်လီ”

သူသည် ကုတင်ရှေ့တွင်ဒူးထောက်လိုက်ပြီး သူ့လက်များတုန်ရီနေကာ အဝတ်ကို တစ်ချက်လေးမျှပင်လှန်မကြည့်ရဲခဲ့ပေ။

သူ့ရှောင်လီလေးသည် သူ့ကိုအားကိုးရန်အတွက် မိုင်ပေါင်းထောင်ချီခရီးနှင်ကာ သူ့ထံသို့လာရောက်ခဲ့ခြင်းဖြစ်သည်။

‘ငါ သူမကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး'

ဝူချန်ကျွင်းရှေ့တိုးလာကာ ရှန်ဟွိုင်နျန်ပခုံးကို ပုတ်လိုက်သည်။

“ဟွိုင်နျန် စိတ်မကောင်းပါဘူးကွာ”

ရှန်ဟွိုင်နျန်သည် ဝူချန်ကျွင်းလက်ကို ပုတ်ထုတ်လိုက်ပြီး လက်ပစ်ဗုံးတစ်လုံးကိုကိုင်ကာ ထိုအဘွားကြီးများကို ရှာဖွေရန် ထွက်သွားတော့၏။

'ရှဲ့လီ ဒီလိုအလဟဿသေသွားလို့မဖြစ်ဘူး'

“နေဦး ဟွိုင်နျန်၊ ငါ့စကားကို နားထောင်ဦး၊ ဒါ သူတို့အမှားချည်းပဲမဟုတ်ဘူး၊ အဓိက,က မင်းဇနီး သူတို့ကို အရင်စရိုက်လို့ဖြစ်တာပါ”

“သူတို့အရိုက်ခံသင့်လို့ အရိုက်ခံရတာပေါ့”

“မင်း အကြောင်းပြချက်လေး ဘာလေး နားထောင်ပါဦး၊ သူတို့က တမင်သက်သက်လုပ်တာမဟုတ်ပါဘူး၊ ဒီကိစ္စကို ငါသတင်းပို့ပေးပါ့မယ်၊ အဖွဲ့အစည်းက မင်းအတွက်တရားမျှတမှုကို ရှာပေးပါလိမ့်မယ်”

“ပြောစရာ ဘာအကြောင်းပြချက်မှမရှိဘူး၊ ရှဲ့လီဆိုတာ အကြောင်းပြချက်ပဲ”

ဝူချန်ကျွင်းမှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်လိုက်မိသည်။

‘ဒီခွေးကောင်လေး’

‘ဒီအရူးကောင်ရှန်ဟွိုင်နျန်က သူ့လူတွေကို ကာကွယ်ဖို့ဆိုရင် တကယ်ကို အကျိုးအကြောင်းမဆီလျှော်တော့တာပဲ’

ထိုစဉ်က သူသည် သူ့လက်အောက်ငယ်သားအတွက် တပ်စုမှူးရုံးခန်းကို ဖောက်ခွဲပစ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် အဖိုးတန်သူ့ဇနီးလေးအတွက် ထိုသူများပူးတွဲသေဆုံးပေးရန်မှာလည်း မဖြစ်နိုင်စရာအကြောင်းမရှိပေ။

“ဟွိုင်နျန် မင်းမိဘတွေကိုလည်း ငဲ့ပါဦး”

“သူတို့မှာ ကျွန်တော့်ညီရှိတယ်လေ”

“မင်း ညီကိုလည်းငဲ့ပါဦး”

“သူ့မှာ မိန်းမရှိတယ်လေ”

ဝူချန်ကျွင်း : “.....”

‘နင့်မေ...’

“ရှန်ဟွိုင်နျန် အခုချက်ချင်းရပ်ဖို့ မင်းကို ငါအမိန့်ပေးတယ်”

ဝူချန်ကျွင်းက အထက်အရာရှိတစ်ဦး၏အရှိန်အဝါကို ထုတ်သုံးလိုက်သည်။ စစ်သားများသည် အမိန့်ကိုနာခံရမည်ဆိုသည်မှာ လူတိုင်းသိရှိထားသော အချက်ပင်။ အမိန့်ကိုမနာခံပါက အကျိုးဆက်မှာ အလွန်ပြင်းထန်လှသည်။

“ကျွန်တော် နုတ်ထွက်တယ်”

ရှန်ဟွိုင်နျန်မှာ အနည်းငယ်ပင်မရပ်တန့်သွားဘဲ စိတ်ရှည်လက်ရှည် ဆက်လက်ရှာဖွေနေခဲ့လေ၏။ ဝူချန်ကျွင်းမှာ ပြောစရာစကားရှာမရဖြစ်သွားရလေ၏။

ရှန်ဟွိုင်နျန်သည် ရာစုနှစ်တစ်ခုအတွင်းတစ်ဦးသာ ပေါ်ထွက်လာနိုင်သော ဘက်စုံတော်သည့် စစ်ဘုရင်တစ်ဦးဖြစ်သော်ငြား သူသည် ကိုင်တွယ်ရ အလွန်ခက်ခဲသူတစ်ဦးလည်း ဖြစ်လေသည်။

အသက်ဆယ့်ရှစ်နှစ်တွင် စစ်တပ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ရာထူးများကို အဆင့်ကျော်ကာ ရရှိခဲ့သူဖြစ်သည်။

All Chapters