← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

Ch-83

ဝူချန်ကျွင်း၏အော်ဟစ်သံကြောင့် လူတိုင်း ချက်ချင်းပင် မြေပြင်ပေါ်သို့ ဝပ်ချလိုက်ကြသည်။ အပြေးအလွှား ရောက်ရှိလာသော ဆေးရုံခေါင်းဆောင်ပိုင်းများပင်လျှင် သူတို့လက်ထောက်များက လည်ပင်းမှဆွဲကိုင်ကာ နဖူးနှင့် ကြမ်းပြင်ကို တိုက်ရိုက်ဆောင့်ချခြင်းခံလိုက်ကြရလေ၏။

*ဒုန်း*

ထိုအထိအတွေ့က သူတို့ဦးနှောက်များကိုပင် ထွက်ကျသွားလုမတတ်ဖြစ်သွားခဲ့ရသည်။ လက်ထောက်ကမူ ယုတ်မာသောအပြုံးမျိုးဖြင့် ပြုံးလိုက်လေသည်။

‘ငါ့ကို အမြဲတမ်းခေါင်းပုံဖြတ်နေတဲ့ သောက်အဘိုးကြီး၊ ခင်ဗျားကို သေအောင်ဆောင့်ချပစ်မယ်'

ရှန်ဟွိုင်နျန်သည် ရှဲ့လီအားရင်ခွင်ထဲတွင် တင်းကြပ်စွာဖက်ထားရင်း ဘေးတိုက် လိမ့်ချလိုက်လေ၏။ ဆေးရုံတစ်ခုလုံး ငြိမ်သက်သွားခဲ့၏။

လက်ပစ်ဗုံးမှာ ပေါက်ကွဲမလာခဲ့ပေ။

အစိုဓာတ်ဝင်နေသောကြောင့် မပေါက်ကွဲတော့သည့် ဗုံးတစ်လုံးဖြစ်နေခဲ့လေသည်။ ထိုနေ့တွင် ရှန်ဟွိုင်နျန် လက်ပစ်ဗုံးကိုင်ကာ ဆေးရုံကိုဖောက်ခွဲရန် လာရောက်ခဲ့သည်ဟူသော သတင်းမှာ ရေတပ်ဆေးရုံကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အရိုက်ခံရသော စစ်မှုထမ်းဇနီးသည်များ၏ခင်ပွန်းများမှာ အထိတ်တလန့် ဖြစ်သွားကြ၏။ မူလက သူတို့ဇနီးများ အရိုက်ခံရသော်ငြား အမျိုးသားများအနေဖြင့် ရှေ့သို့အလွယ်တကူမထွက်ရဲခြင်းနှင့် ရှန်ဟွိုင်နျန်သည် သူတို့ ပြဿနာမရှာရဲသော သူတစ်ဦးဖြစ်နေသောကြောင့် သူတို့မိခင်များကိုသာ ဒေါသထွက်ပေါက်ကွဲရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အခြေအနေက ဤမျှလောက်အထိ ကြီးကျယ်သွားမည်ဟု မည်သူထင်မည်နည်း။ သူတို့မိခင်များက အလွန်တရာစိတ်လှုပ်ရှားပြီး ရှဲ့လီအား ရောဂါဖောက်သွားအောင် ခြောက်လှန့်ခဲ့ကြကြောင်းနှင့် ရှန်ဟွိုင်နျန်က စစ်ဆင်ရေးမှပြန်လာကာ ဆေးရုံကိုဖောက်ခွဲရန် လက်ပစ်ဗုံးယူဆောင်လာခဲ့ကြောင်း သူတို့ ကြားလိုက်ကြရ၏။

တစ်ခဏတာမျှ လူတိုင်း အထိတ်တလန့် ဖြစ်သွားကြသည်။ ရှန်ဟွိုင်နျန်၏နောက်ထပ်ပစ်မှတ်မှာ သူတို့အိမ်များဖြစ်လာမည်ကို သူတို့ စိုးရိမ်နေကြလေသည်။

တပ်စုမှူး ရုံးခန်း

ဝူချန်ကျွင်းသည် ယခုမှသာအသိပြန်ဝင်လာခဲ့၏။ သူ သေလုမတတ် ကြောက်လန့်သွားခဲ့ရပြီး ဒေါသကြောင့် ပေါက်ကွဲလုမတတ်ဖြစ်နေခဲ့လေသည်။

သူသည် မတ်တတ်ရပ်နေသော ရှန်ဟွိုင်နျန်နှင့် ခေါင်းငိုက်စိုက်ကျကာ စိတ်ဓာတ်ကျနေဟန်ရှိသော ရှဲ့လီတို့ကို ကြည့်ပြီး သူ့ခေါင်းပင်ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရလေသည်။

‘ဒီနှစ်ယောက်လုံး တစ်ယောက်မှမကောင်းဘူး'

သူတို့နှစ်ဦးမှာ အနည်းငယ်ကွဲပြားကြလေသည်။ ရှဲ့လီက ရူးသွပ်သွားသောအခါ မည်သည့်အရာကိုမျှဂရုမစိုက်ဘဲ လူများကိုရိုက်နှက်တတ်ပြီး ရှန်ဟွိုင်နျန်ကမူ တည်ငြိမ်အေးဆေး ယဉ်ကျေးပျူငှာစွာဖြင့် လူများကိုသေသည့်အထိ ရိုက်နှက်တတ်သူဖြစ်လေ၏။ ဝူချန်ကျွင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိလေသည်။

“မင်းတို့နှစ်ယောက်က တကယ့်ကို ကောင်းကင်ကဖန်ဆင်းပေးထားတဲ့ ဖူးစာရှင်တွေပဲ”

ရှန်ဟွိုင်နျန် အလေးပြုကာ တက်ကြွစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တပ်စုမှူး”

ဝူချန်ကျွင်း : “.....”

‘မင်းမေကြီးတော်...’

“ရှန်ဟွိုင်နျန် မင်းကို ငါပြောမယ်၊ မင်းက အရည်အချင်းရှိရုံနဲ့ တရားဥပဒေမဲ့ လုပ်ချင်တိုင်းလုပ်လို့ရမယ်လို့ လုံးဝမထင်နဲ့နော်၊ ဒီကိစ္စက တပ်ချုပ်မှူးကျိုးအထိ ရောက်သွားပြီ၊ ငါတောင် မင်းအတွက် ဖုံးပေးထားလို့မရတော့ဘူး”

ဝူချန်ကျွင်း အော်လိုက်သည်။ ရေတပ်ဆေးရုံကို ဖောက်ခွဲရန်ကြိုးစားခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ သေချာမဖြေရှင်းနိုင်ပါက ရာထူးမှ ဆိုင်းငံ့ခံရခြင်း သို့မဟုတ် စစ်တရားရုံးတွင်ပင် တရားစွဲဆိုခံရခြင်းတို့နှင့်ပင် ကြုံတွေ့နိုင်လေသည်။

ရှဲ့လီ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရှန်ဟွိုင်နျန်ခါးကို လက်ဖြင့်ကလိကာ တီးတိုးမေးလိုက်လေသည်။

“ဘယ်လိုလုပ်ကြမလဲ၊ ကျွန်မပြဿနာရှာလိုက်မိပြီထင်တယ်”

ရှန်ဟွိုင်နျန်သည် ရှဲ့လီ၏လက်ချောင်းထိပ်လေးများကို ညင်သာစွာဆုပ်ကိုင်လိုက်၏။

“ကိစ္စမရှိပါဘူး၊ မင်း ပြဿနာရှာရတာ သဘောကျရင် ဆက်လုပ်ပါ၊ မင်း ပြဿနာရှာရင် ကိုယ်ဖြေရှင်းပေးပါ့မယ်”

ဝူချန်ကျွင်း : “….…”

‘အခုက ဘယ်အချိန်လဲ'

‘ဟမ်’

‘အခု ဘယ်အခြေအနေရောက်နေပြီလဲလို့'

‘ဒီနှစ်ယောက်က ဒီနေရာမှာချစ်ကြည်နူးနေကြတုန်းပဲလား”

ရှန်ဟွိုင်နျန် သူ့နောက်သို့လိုက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော်လည်း ဤကောင်လေးက အချစ်ကြီးသူတစ်ယောက်ဖြစ်နေမည်ဟု သူ တစ်ခါမျှမထင်ခဲ့ဖူးချေ။

‘ဟမ့် သူ့ဇနီးသူ အလိုလိုက်နေလိုက်တာ'

‘ကိုယ်.. ဖြေရှင်း.. ပေးပါ့မယ်..တဲ့လား'

“မင်းတို့ နှစ်ယောက်လုံးတည့်တည့်ရပ်စမ်း”

ဝူချန်ကျွင်း လုံးဝသည်းမခံနိုင်တော့ပေ။ သေလုဆဲဆဲ ခွေးအိုကြီးတစ်ကောင်အလား အော်ဟစ်လိုက်သည်။

ရှဲ့လီမှာတွန့်လိမ်သွားပြီး ရှန်ဟွိုင်နျန်ကမူ မျက်မှောင်ကြုတ်လိုက်လေသည်။

“တပ်စုမှူး ပြောစရာရှိရင် ကျွန်တော့်ကိုပြောပါ၊ သူ့ကို မခြောက်ပါနဲ့”

“ဟီးဟီးဟီး ဟားဟားဟား”

ဝူချန်ကျွင်း စိတ်ဖောက်သွားသလိုမျိုးရယ်မောလိုက်၏။ ထိုအသံကိုကြားသော ကိုယ်ရေးအရာရှိသည် တံခါးခေါက်ကာဝင်လာပြီး ပတ်ပတ်လည်ကြည့်ရှုပြီးနောက် ပြန်ထွက်သွားလေသည်။

သူ့တပ်စုမှူးမှာ တပ်မှူးရှန်ကြောင့် ရူးသွားပြီထင်ရသည်။

“ရှန်ဟွိုင်နျန် မင်းရဲ့အဖိုးတန်ဇနီးလေး စစ်တပ်ဝင်းထဲက စစ်မှုထမ်းဇနီးသည်တွေအားလုံးကို ခြေကျိုးလက်ကျိုးအနေနဲ့ ဆေးရုံပို့လိုက်ပြီ၊ သူတို့သာ ပူးပေါင်းပြီးတိုင်လိုက်ကြရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မင်း သေချာစဉ်းစားထားတာ ပိုကောင်းမယ်”

ဝူချန်ကျွင်း ခေါင်းကိုကိုင်ကာ ကုလားထိုင်ပေါ်သို့ မှီချလိုက်လေ၏။

သူသည် ရုတ်တရက် သူ့ကိုယ်သူ အလွန်သနားလာမိလေသည်။ သူ့ဆံပင်များမှာ ကျဲနေပြီဖြစ်၏။ ရှန်ဟွိုင်နျန် ပြဿနာရှာမည်ကို စိုးရိမ်ပူပန်လာခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့လေပြီ။

သူ့အဖိုးတန်ဆံပင်လေးများမှာ လုံး၀ ပြောင်ရှင်းလုမတတ် ဖြစ်နေချေပြီ။ သူ့ခေါင်းပေါ်တွင် ကျန်ရှိနေသော ဆံပင် ၁၄ ပင်မှာ သူတို့ကိုယ်ပိုင်နာမည်လေးများ ရှိကြလေသည်။

အစောင့်သင်္ဘော၊ ဖျက်သင်္ဘော၊ ရေငုပ်သင်္ဘော၊ ထောက်ပံ့ရေးသင်္ဘော၊ စစ်သင်္ဘော..... သူသည် လက်မြှောက်ကာ အဖိုးတန်ဆံပင်လေးများကိုပွတ်သပ်လိုက်သည်။

ဝူချန်ကျွင်းလက်မှာ ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်လာခဲ့လေ၏။

သူသည် တုန်ရီနေသောလက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးပေါ်တွင် မီးခိုးရောင်ဆံပင်တစ်ပင်ရှိနေလေသည်။

ရှန်ဟွိုင်နျန်က သေချာကြည့်ရန် ကိုင်းညွတ်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“တပ်စုမှူး ခင်ဗျားရဲ့အစောင့်သင်္ဘောလေးပြုတ်ကျသွားပြီ”

“အား”

တပ်စုမှူးဝူ ကျယ်လောင်စွာအော်ဟစ်လိုက်မိ၏။

ရင်ကွဲမတတ် နာကျင်စွာအော်ဟစ်လိုက်ခြင်းဖြစ်သည်။ နားမလည်နိုင်သော ရှဲ့လီသည် ရှန်ဟွိုင်နျန်၏အင်္ကျီလက်ကိုဆွဲကာ မေးလိုက်လေသည်။

“ဘာအစောင့်သင်္ဘောလဲဟင်”

ရှန်ဟွိုင်နျန်ကပြိုလဲနေသော ဝူချန်ကျွင်းကို လျစ်လျူရှုကာ ရှဲ့လီအား လေးလေးနက်နက် ရှင်းပြလိုက်၏။

“တပ်စုမှူးဝူရဲ့ခေါင်းပေါ်မှာ ဆံပင် ၁၄ ပင်ကျန်သေးတယ်၊ အဲဒီဆံပင်လေးတွေမှာ နာမည်လေးတွေ အသီးသီးရှိတယ်၊ အခုလေးတင် ပြုတ်ကျသွားတဲ့ဆံပင်လေးကို အစောင့်င်္ဘောလို့ခေါ်တယ်”

*ဝှစ်*

ရှန်ဟွိုင်နျန်သည် တပ်မမှူးဝူ၏လက်ထဲမှအစောင့်သင်္ဘောကို လုယူလိုက်ပြီး ရှဲ့လီမြင်စေရန် မြှောက်ပြလိုက်သည်။

“ဒီဆံပင်ကို ကြည့်လိုက်၊ သုံးပုံတစ်ပုံက အဖြူရောင် သုံးပုံနှစ်ပုံက အနက်ရောင်၊ အဲဒါ အစောင့်သင်္ဘောပဲ”

ရှဲ့လီက အသစ်အဆန်းတစ်ခုကို သင်ယူလိုက်ရသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထို့‌နောက် သူမက ရှန်ဟွိုင်နျန်အား လက်မထောင်ပြလိုက်လေသည်။

“အားနျန် ရှင်ကအရမ်းတော်တာပဲ”

ရှန်ဟွိုင်နျန် မျက်နှာတစ်ခုလုံးနီရဲသွားပြီး သူ့လက်ချောင်းများမှာ အလိုအလျောက်ပင် အချင်းချင်း ပွတ်တိုက်မိသွားလေ၏။

အစောင့်သင်္ဘောလေးမှာ အမှုန့်ဖြစ်သွားလေတော့သည်။

ဝူချန်ကျွင်း အလွန်တရာဒေါသထွက်သွားခဲ့သည်။ သူ စားပွဲကိုရိုက်ကာ အော်ဟစ်လိုက်၏။

“ရှန်ဟွိုင်နျန် သူတို့ အထက်ကို ပူးပေါင်းတိုင်တန်းတဲ့အခါ မင်းကိုငါ လုံးဝမကူညီဘူး၊ မင်းအဖေ ငါ့အထက်လူကြီးဟောင်းကိုယ်တိုင် ငါ့ဆီဖုန်းဆက်ရင်တောင် အလကားပဲဖြစ်လိမ့်မယ်”

သူသည် ဒေါသတကြီးဖြင့် ရှန်ဟွိုင်နျန် ခေါင်းငုံ့ကာ အမှားဝန်ခံမည်ကို စောင့်ဆိုင်းနေခဲ့သည်။

*ဒေါက် ဒေါက် ဒေါက်*

တံခါးခေါက်သံထွက်ပေါ်လာပြီးနောက် ကိုယ်ရေးအရာရှိသည် စုပေါင်းတိုင်ကြားစာတစ်စောင်ကို ကိုင်ဆောင်ကာ ဝမ်းသာအားရပြေးဝင်လာခဲ့လေသည်။

“တပ်စုမှူး တပ်စုမှူး အရိုက်ခံရတဲ့ စစ်မှုထမ်းဇနီးသည်တွေနဲ့ သူတို့မိသားစုတွေက စုပေါင်းတိုင်ကြားစာ ရေးလာကြပြီ”

ဝူချန်ကျွင်း အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့အား စူးစူးရဲရဲစိုက်ကြည့်လိုက်လေ၏။

‘အစောင့်သင်္ဘောရေ ဖေဖေ သားအတွက် ကလဲ့စားချေပေးမယ်'

နောက်တစ်စက္ကန့်တွင်မူ

“သူတို့က ရှဲ့လီကိုတာဝန်မယူခိုင်းပါဘူးလို့ စုပေါင်းတိုင်ကြားလာတာပါ၊ ရှဲ့လီက တမင်သက်သက်လုပ်တာမဟုတ်ပါဘူး၊ သူတို့ကလည်း အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ခဲ့မိလို့ သူတို့အမှားလည်းပါပါတယ်တဲ့”

ရှန်ဟွိုင်နျန်က သူတို့ကိုဖောက်ခွဲရန် မြေမြှုပ်မိုင်းယူဆောင်လာမည်ကို သူတို့ သေမတတ်ကြောက်လန့်သွားကြခြင်းပင်။

ဝူချန်ကျွင်း : “……”

“ဒါဆို အတွင်းလူနာဆောင်ထဲ လွင့်သွားတဲ့ အဒေါ်ကြီးတွေကရော”

ဝူချန်ကျွင်း အရှုံးမပေးသေးပေ။ ကိုယ်ရေးအရာရှိက အလျင်အမြန်ဖြေကြားလိုက်လေသည်။

“အဲဒီမှာ မျက်မြင်သက်သေတွေရှိပါတယ်၊ အဲဒီလူတွေကို ရဲဘော်ရှဲ့လီရိုက်ခဲ့တာမဟုတ်ပါဘူး၊ ရဲဘော်ရှဲ့လီက သူတို့ရဲ့ဆံပင်တစ်ပင်ကိုတောင် မထိခဲ့ပါဘူး”

ဝူချန်ကျွင်း အရှုံးပေးလိုက်ရလေတော့သည်။။ရှန်ဟွိုင်နျန်သည် ရှဲ့လီ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီးနောက် နောက်လှည့်ကာ လေးလေးနက်နက်ပြောဆိုလိုက်၏။

“တပ်စုမှူးဝူ သူတို့က အုပ်စုဖွဲ့အနိုင်ကျင့်တာနဲ့ ရှဲ့လီအကြောင်းမဟုတ်မမှန် ကောလာဟလတွေဖြန့်ပြီး အသရေဖျက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တိုင်ကြားချင်ပါတယ်၊ ဒီကိစ္စကမပြီးသေးဘူး”

ဝူချန်ကျွင်း : “……”

‘သူတို့က ကျေအေးပေးနေတာကိုတောင် မင်းကဆက်လုပ်ချင်သေးတာလား'

“ဒီကိစ္စက အစကတည်းက သူတို့ ရှောင်လီကို အနိုင်ကျင့်လို့ဖြစ်ရတာပါ၊ ရှောင်လီက အားကိုးစရာမရှိတဲ့ကောင်မလေးတစ်ယောက်ပါ၊ ကျွန်တော်ကလွဲရင် သူ့မှာ တခြားမိသားစုမရှိဘူး၊ ဒါပေမဲ့ သူတို့က သူမကိုအသရေဖျက်ပြီး ကောလာဟလတွေ ဖြန့်ခဲ့ကြတယ်၊ ရှောင်ချီက ကျွန်တော့်ကို အကုန်ပြောပြပြီးပြီ၊ အဲဒီလူတွေက ဆေးရုံခန်းထဲဝင်လာပြီး ရှောင်လီကို ရန်သူ့သူလျှိုလို့ ခေါ်ခဲ့ကြတာ၊ လူအများကြီးမြင်လိုက် ကြားလိုက်ကြပြီး သက်သေပြနိုင်ပါတယ်၊ ရှောင်လီအပေါ် ရန်သူ့သူလျှိုဆိုတဲ့တံဆိပ်ကပ်ခံရရင် သူ့အနာဂတ်ဘဝက ဘယ်လိုလုပ်ကောင်းနိုင်တော့မှာလဲ၊ ကျွန်တော် ဘာဖြစ်ဖြစ်ဂရုမစိုက်ဘူး၊ ဒါပေမဲ့ သူတော့ဖြစ်လို့မရဘူး၊ သူတို့ဘက်က အလွတ်ပေးချင်ပေးမယ်၊ ဒါပေမဲ့ ရှောင်လီကိုအသရေဖျက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်အဆုံးအထိ စုံစမ်းစစ်ဆေးသွားမယ်”

စကားပြောပြီးနောက် ရှန်ဟွိုင်နျန်က ရှဲ့လီအားဆွဲကာ တံခါးအပြင်သို့ထွက်သွားလေတော့သည်။ ဝူချန်ကျွင်းမှာ ဒေါသလည်းထွက် ရယ်လည်းရယ်ချင်နေခဲ့၏။

‘ဒီကောင်လေး’

‘သူက တကယ့်ကိုရိုမန့်တစ်ဆန်တဲ့ကောင်ပဲ'

ငယ်စဉ်က သူ့ဇနီးအတွက် အထက်လူကြီးရှေ့တွင် စားပွဲခုံအား ရိုက်ကာဒေါသထွက်ခဲ့ဖူးသည်ကိုပင် ရုတ်တရက် ပြန်လည်သတိရသွားခဲ့လေသည်။

‘ထားလိုက်ပါတော့၊ ဘယ်သူကများ ဒီအဆင့်ကို မဖြတ်သန်းခဲ့ရဖူးလို့လဲ'

ရှန်ဟွိုင်နျန် လက်ပစ်ဗုံးကိုင်ကာ ဆေးရုံကိုဖောက်ခွဲရန် ကြိုးစားခဲ့သည့်သတင်းမှာ ဌာနချုပ်အထိရောက်ရှိသွားခဲ့၏။

တပ်ချုပ်မှူးကျိုးမှာ စိုးရိမ်တကြီးဖြစ်သွားကာ စားပွဲကိုရိုက်ပြီး အော်ဟစ်လိုက်လေသည်။

“အဲဒီကောင်လေးကို ဒီခေါ်ခဲ့စမ်း၊ သူ့ရာထူးကို ငါဖြုတ်ပစ်မယ်”

All Chapters