← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

Ch-84

ရှန်ဟွိုင်နျန် စားပွဲရှေ့တွင်မတ်မတ်ရပ်နေခဲ့သည်။ တပ်ချုပ်မှူးကျိုးသည် စူးရဲသောမျက်ဝန်းများနှင့် ထောင်တက်နေသော မုတ်ဆိတ်မွေးများဖြင့် သူ့အား ဆူပူကြိမ်းမောင်းနေခဲ့သည်မှာ နှစ်နာရီပင်ရှိနေချေပြီ။ ကိုယ်ရေးအရာရှိရေလာပို့ရန် အခန်းတွင်းသို့ဝင်လာခဲ့သည်မှာလည်း သုံးကြိမ်တိုင်တိုင် ရှိခဲ့လေပြီ။

“ကောင်လေး၊ မင်းက အရည်အချင်းရှိရုံနဲ့ လုပ်ချင်တိုင်းလုပ်လို့ရမယ်များ ထင်နေတာလား၊ စစ်တပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေက ဘယ်ရောက်သွားပြီလဲ၊ ငါက မင်းကိုအပြစ်မပေးရက်ဘူးလို့ ယောင်လို့တောင်မတွေးလိုက်နဲ့”

တပ်ချုပ်မှူးကျိုးက စားပွဲပေါ်ရှိကြွေခွက်ကိုကောက်ယူကာ ရေတစ်ကျိုက် မော့သောက်လိုက်သည်။

“ဒီကိစ္စက ကျွန်တော့်အမှားပါ၊ ဘယ်လို ပြစ်ဒဏ်မျိုးပဲ ပေးပေး ကျွန်တော် လက်ခံပါတယ်”

ရှန်ဟွိုင်နျန်သည် မတ်မတ်ဆက်ရပ်နေဆဲပင်။ ပူပူနွေးနွေး လက်ဖက်ရည်တစ်ကျိုက်က တပ်ချုပ်မှူးကျိုးရင်ထဲရှိ ဒေါသများကို အနည်းငယ်ငြိမ်းအေးသွားစေခဲ့သည်။

သူသည် ရှန်ဟွိုင်နျန်အားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှန်ဟွိုင်နျန်သည် သူ့အသက်ကိုကယ်တင်ခဲ့ဖူးသူဖြစ်၏။ ယခင်က စစ်ဆင်ရေးတစ်ခုတွင် ရှန်ဟွိုင်နျန်သာ ကျည်ဆန်ကိုဝင်မခံပေးခဲ့ပါက သူအသက်ဆုံးရှုံးသွားလောက်ပြီဖြစ်သည်။

သို့သော် ဤနှစ်များတစ်လျှောက်လုံး ဤကောင်လေးသည် ထိုအချက်ကို အသုံးချကာ အခွင့်အရေးမယူခဲ့ဖူးဘဲ ယနေ့ သူရောက်ရှိနေသောနေရာသို့ ရောက်ရှိလာရန် ကိုယ်ပိုင်စွမ်းဆောင်ရည် သက်သက်ဖြင့်သာကြိုးစားခဲ့ခြင်းဖြစ်သည်။

သူသည် ရဲရင့်ပြီး အရည်အချင်းအလွန်မြင့်မားသည်မှာ အမှန်ပင်။ သို့သော် သူသည် ပြဿနာများကိုဖန်တီးနိုင်စွမ်းရှိသူတစ်ဦးဖြစ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။

‘တကယ့်ကို ခေါင်းကိုက်စရာပဲ'

တပ်ချုပ်မှူးကျိုးစိတ်မှာ နူးညံ့သွားခဲ့လေသည်။ တပ်ချုပ်မှူးကျိုး ဆူပူကြိမ်းမောင်းခြင်းရပ်တန့်သွားသည်ကို မြင်သောအခါ ရှန်ဟွိုင်နျန်ကစကားစလိုက်လေ၏။

“တပ်ချုပ်မှူးကျိုး၊ ကျွန်တော့်ရဲ့ ပြစ်ဒဏ်အကြောင်း ဆွေးနွေးပြီးသွားပြီဆိုရင် ကျွန်တော်ပြောစရာတစ်ခုရှိပါသေးတယ်”

တပ်ချုပ်မှူးကျိုး : “……”

“အုပ်စုဖွဲ့ပြီး ကောလာဟလတွေဖြန့်တဲ့လူတွေ၊ ကျွန်တော့်ဇနီးကို ရန်သူ့သူလျှိုဆိုပြီး အသရေဖျက်ခဲ့တဲ့လူတွေရှိတယ်၊ ဒီကိစ္စအတွက် ရှင်းလင်းချက်တစ်ခု ကျွန်တော်လိုချင်ပါတယ်၊ ဒီလိုမှမဟုတ်ရင် ကျွန်တော့်ဇနီးက စစ်တပ်ဝင်းထဲမှာ ခေါင်းမော့နေနိုင်မှာမဟုတ်ဘူး”

တပ်ချုပ်မှူးကျိုးက လက်ကိုမြှောက်ကာ ကြွေခွက်ဖြင့် ရှန်ဟွိုင်နျန်အားပစ်ပေါက်လိုက်၏။

“အခုက ဘယ်အချိန်ရောက်နေပြီလဲ၊ မင်းက ငါနဲ့ဈေးဆစ်ချင်နေသေးတာလား၊ မင်းရဲ့အဖိုးတန်ဇနီးလေးအကြောင်းကို တွေးနေတုန်းပဲလား၊ ဟမ် ကောင်လေး မင်းက မင်းဇနီးကို တကယ့်ရွှေတုံးရွှေခဲကြီးလို သဘောထားနေတာပဲ၊ အခုချိန်မှာ မင်းကိုယ်မင်းတောင် မကာကွယ်နိုင်သေးဘူးလေကွာ”

တံခါးဝရှိနိုင်ငံရေးမှူးရွှီက ဆူညံသံများကိုကြားသောအခါ အလျင်အမြန်ပင် တံခါးဖွင့်၍ ဝင်လာခဲ့သည်။ ကြမ်းပြင်ပေါ်တွင် လည်ထွက်နေဆဲဖြစ်သော ကြွေခွက်နှင့် ရှန်ဟွိုင်နျန်ကိုယ်ပေါ်ရှိ ရေစက်များနှင့် လက်ဖက်ခြောက်ဖတ်များကိုမြင်သောအခါ မည်သည့်အရာများဖြစ်နေသည်ကို သူ သဘောပေါက်သွားခဲ့လေသည်။

‘ဒီကောင်လေးက ထပ်ပြီးခေါင်းမာနေပြန်တာပဲ ဖြစ်ရမယ်'

နိုင်ငံရေးမှူးရွှီက ကြွေခွက်ကို ကောက်ယူကာ ရှေ့တိုးလာပြီး တပ်ချုပ်မှူးကျိုးလက်မောင်းကို ပုတ်လိုက်လေ၏။

“အဘိုးကြီးကျိုး ခင်ဗျားအသက်အရွယ်နဲ့ ဒေါသထွက်တာလေး နည်းနည်းလျှော့သင့်တယ်၊ လူငယ်တွေဆိုတာ မိန်းမလှလေးတစ်ယောက်အတွက် အသိစိတ်လွတ်သွားတဲ့အချိန်ဆိုတာမရှိဖူးတဲ့သူ ဘယ်သူရှိလို့လဲ၊ ဒါ့အပြင် ဒီကိစ္စက တကယ်ကိုအရေးပါတယ်၊ စစ်သားတစ်ယောက်ရဲ့မိသားစုဝင်ကို ရန်သူ့သူလျှိုလို့ကောလာဟလ ဖြန့်တာက ကိစ္စအသေးလေးမှမဟုတ်တာ”

တပ်ချုပ်မှူးကျိုး အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

“ဒါက ကိစ္စအသေးလေးမဟုတ်ဘူးဆိုတာ ငါသိတာပေါ့၊ ပြီးတော့ ငါကမဖြေရှင်းပေးဘူးလို့ ဘယ်တုန်းကပြောခဲ့လို့လဲ၊ ဒါပေမဲ့ ဒီခွေးကောင်လေးက သူ့ကိုယ်သူ လုံးဝဂရုမစိုက်ဘူး၊ သူ့ပါးစပ်ကထွက်သမျှ စကားတိုင်းက ‘သူ့ဇနီး၊ သူ့ဇနီး’ ဆိုတာချည်းပဲ၊ သူက လူကို ဒေါသထွက်အောင် လုပ်နေတာ၊ တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ”

နိုင်ငံရေးမှူးရွှီမှာ ပို၍ပင်အားရပါးရ ရယ်မောလိုက်လေသည်။

“အဘိုးကြီးကျိုး ခင်ဗျားကိုယ်ခင်ဗျား ပြန်ကြည့်စမ်းပါ၊ ရှောင်ရှန် မိန်းမမရတုန်းကလည်း ခင်ဗျားပဲစိုးရိမ်ပူပန်နေခဲ့တာ၊ အခု သူ မိန်းမရသွားပြီဆိုတော့လည်း စိုးရိမ်ပူပန်နေတုန်းပဲ၊ ဒါ့အပြင် လဝက်လောက်နေရင် ရေကြောင်းတိုက်ခိုက်ရေး စစ်ဆင်ရေးတစ်ခုရှိသေးတယ်၊ ဒီစစ်ဆင်ရေးအတွက် ရှောင်ရှန်ထက်ပိုပြီး သင့်တော်တဲ့သူမရှိလောက်ဘူး၊ ခင်ဗျား သူ့ကို တကယ်ပဲ အပြစ်ပေးရက်လို့လား”

တပ်ချုပ်မှူးကျိုး တိတ်ဆိတ်သွားခဲ့လေသည်။ သူ အပြစ်မပေးရက်သည်မှာ ထင်ရှားနေပေ၏။ သို့မဟုတ်ပါက ရှန်ဟွိုင်နျန်အား ဤမျှလောက် တရားဥပဒေမဲ့လုပ်ခွင့်ပေးထားမည်မဟုတ်ပေ။

သို့သော် ရှန်ဟွိုင်နျန်သည် ရေခဲတုံးကြီးတစ်တုံးအလားရပ်နေပြီး သူ့အား အခြေအနေကို ကောင်းမွန်စွာဖြေရှင်းနိုင်မည့် လမ်းကြောင်းဖွင့်မပေးခဲ့ပေ။

နိုင်ငံရေးမှူးရွှီက သူ့အားအကဲခတ်သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ရှောင်ရှန် တပ်ချုပ်မှူးကျိုးကို တောင်းပန်လိုက်ပါ၊ မင်းရဲ့ဇနီးကလည်း ကိုင်တွယ်ရလွယ်တဲ့သူတော့မဟုတ်ဘူးနော်”

ရှန်ဟွိုင်နျန်က သူ့မြေခွေးမျက်ဝန်းများဖြင့်တစ်ချက်ကြည့်လိုက်ရာ တပ်ချုပ်မှူးကျိုးမှာ ဒေါသထွက်လွန်းသဖြင့် နှလုံးရောဂါပင် ရလုမတတ်ဖြစ်သွားခဲ့ရ၏။

“ကျွန်တော့်ဇနီးက အမှားလုပ်ထားတာ မဟုတ်ဘူး”

နိုင်ငံရေးမှူးရွှီ : “.....”

“ကြည့်စမ်း၊ အဲဒါကို ကြည့်စမ်း”

တပ်ချုပ်မှူးကျိုးသည် နွားတစ်ကောင်အလားမျက်လုံးများ ပြူးကျယ်လျက် ဒေါသတကြီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။

*ဒေါက် ဒေါက် ဒေါက်*

တံခါးခေါက်သံထွက်ပေါ်လာပြီးနောက် တပ်ချုပ်မှူးကျိုးက ပြောလိုက်လေသည်။

“ဝင်ခဲ့”

ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားသော အသက်ခုနစ်ဆယ်ကျော်အရွယ် အရပ်ရှည်ရှည်ပိနိန်ပါးပါးအဘိုးအိုတစ်ဦး ဝင်ရောက်လာခဲ့လေသည်။ ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသည်ကိုမြင်သောအခါ ထိုသူမှာ အားပါးတရရယ်မောလိုက်၏။

“ရှောင်ကျိုးက အရင်လိုပဲဒေါသကြီးတုန်းပဲကိုး”

အဘိုးအိုကိုမြင်သောအခါ တပ်ချုပ်မှူးကျိုးသည် အလျင်အမြန် မတ်တတ်ရပ်ကာ ရှေ့တိုးသွားပြီး လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

“ဆရာ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ”

ရှန်ဟွိုင်နျန် လှမ်းကြည့်လိုက်လေသည်။ အဘိုးအို၏နောက်တွင် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့မှတပ်မှူးတစ်ဦးရှိနေပြီး သူ့အမည်မှာ လီချယ်ဖြစ်လေသည်။

အဘိုးအိုသည် တပ်ချုပ်မှူးကျိုးနှင့် စကားစမြည်ပြောဆိုပြီးနောက် သူ့နောက်တွင်ရှိနေသူများအား ပြောလိုက်လေ၏။

“မင်းနဲ့ ကိစ္စအချို့ရှိလို့၊ ရှောင်ချယ် သူ့ကို စာရွက်စာတမ်းတွေပေးလိုက်”

လီချယ်က တပ်ချုပ်မှူးကျိုးထံသို့ စာရွက်စာတမ်းအထပ်လိုက်ကို ကမ်းပေးလိုက်ပြီး အဘိုးအိုကဆက်ပြောလာသည်။

“ဒီကိစ္စကို မင်းကူညီပေးမှဖြစ်မယ်”

တပ်ချုပ်မှူးကျိုးသည် စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုလိုက်ပြီးနောက် ရှန်ဟွိုင်နျန်အား လှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

“ငါ တကယ်ကိုမမျှော်လင့်ထားခဲ့ဘူး”

အဘိုးအိုသည် သူ့အဖြေကိုစောင့်ဆိုင်းရန် ဘေးတွင်ရပ်နေခဲ့၏။ သူသည် လက်မြှောက်ကာ ရှန်ဟွိုင်နျန်အားပြန်လွှတ်ရန် ပြင်လိုက်သည်။

“ကောင်းပြီ၊ မင်းပြန်လို့ရပြီ”

ရှန်ဟွိုင်နျန် နေရာမှမရွေ့ခဲ့ပေ။

“မင်းမေ...”

တပ်ချုပ်မှူးကျိုးသည် ဆဲရန်ပြင်နေရင်းမှ ရပ်တန့်သွားခဲ့၏။ သူသည် အဘိုးအိုအား မော့ကြည့်လိုက်ပြီး လေသံကို လျှော့ကာ ဆူပူလိုက်သည်။

“မင်း ဘာလိုချင်သေးတာလဲ”

ရှန်ဟွိုင်နျန်သည် ထပ်မံပြောဆိုလိုက်လေသည်။

“အဲဒီလူတွေက ကောလာဟလတွေဖြန့်ပြီး ကျွန်တော့်ဇနီးကိုအသရေဖျက်ခဲ့တယ်”

“ကောင်းပြီလေ၊ သုံးရက်အတွင်း ငါ ဖြေရှင်းပေးမယ်၊ သေချာပေါက် ဖြေရှင်းပေးမယ် ဟုတ်ပြီလား”

All Chapters