အခန်း ၈၅
Vol. 9 Ch. 85
Ch-85
တပ်ချုပ်မှူးကျိုးမှာ ဒေါသပေါက်ကွဲလုမတတ်ဖြစ်နေချေပြီ။ အမြင့်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး အလောင်းကောင်များကြားမှ တွားသွား၍ထွက်လာခဲ့ရသူတစ်ဦးအနေဖြင့် သူသည် အပြင်လူများရှေ့တွင် သူ့ခံစားချက်များကို ထုတ်ဖော်ပြသလေ့မရှိသလို သူ့အားအသိစိတ်လွတ်သွားအောင်လုပ်နိုင်သူမှာလည်း အလွန်နည်းပါးလှသည်။
ထိုအနည်းစုထဲတွင် ရှန်ဟွိုင်နျန်က နံပါတ် ၁ နေရာမှ ဦးဆောင်နေသည်။ သူ လိုချင်သော အဖြေကိုရသွားပြီးနောက် ရှန်ဟွိုင်နျန်က အလေးပြုလိုက်ပြီး လှည့်ထွက်သွားတော့၏။
အဘိုးအိုသည် ထွက်ခွာသွားသော ရှန်ဟွိုင်နျန်၏ကျောပြင်ကို ကြည့်ကာ ရယ်မောလိုက်သည်။
“ခုနက ရှောင်ချယ်ပြောတာ ဒီလူက ရှဲ့လီရဲ့ခင်ပွန်းဆိုတာလား”
တပ်ချုပ်မှူးကျိုး ခေါင်းညိတ်ပြလိုက်ရာ အဘိုးအိုမျက်နှာပေါ်ရှိ အပြုံးမှာပိုမိုနက်ရှိုင်းသွားခဲ့၏။
“ဒီလူငယ်လေးက စိတ်ဝင်စားစရာပဲ၊ ရန်သူ့သူလျှိုသုံးယောက်ကို တစ်ယောက်တည်းနှိမ်နင်းနိုင်တဲ့ ဇနီးအတွက် တရားမျှတမှုကိုရှာဖွေဖို့ ဒီလောက်တောင် လေးလေးနက်နက်လုပ်နေတယ်ပေါ့လေ၊ ဘယ်သူကများ သူ့ဇနီးကို အနိုင်ကျင့်နိုင်မှာလဲ ဟားဟားဟား”
ပေါ့ပေါ့ပါးပါးစကားပြောဆိုပြီးနောက် သူတို့သုံးဦးက လုပ်ငန်းများကို စတင်ဆွေးနွေးကြလေတော့သည်။
တပ်ချုပ်မှူးကျိုးသည် ရှဲ့လီ၏နောက်ခံစစ်ဆေးမှု ရလဒ်များကို ကြည့်ရှုခဲ့ပြီးဖြစ်ကာ သူမမှာ သူ့စံသတ်မှတ်ချက်များအရ သီသီလေးသာအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ရှဲ့လီမှာ နူးညံ့သိမ်မွေ့သောအရင်းရှင် သခင်မလေးတစ်ဦးမျှသာ ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း သူမက တကယ့်ပါရမီရှင်တစ်ဦးဖြစ်နေလိမ့်မည်ဟု မည်သူထင်မည်နည်း။
သူမကို နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ကပင် လိုချင်နေကြသေး၏။ နှစ်ဖက်လုံး သဘောတူညီချက်တစ်ခု ရရှိသွားကြလေသည်။ ရှဲ့လီအား ရေတပ်ဆေးဘက်ဆိုင်ရာဌာနသို့ ဝင်ရောက်နိုင်ရန် တပ်ချုပ်မှူးကျိုးက တာဝန်ယူစီစဉ်ပေးမည်ဖြစ်သည်။
ဤသည်မှာ သူ သေချာပေါက်ကူညီရမည့် ကိစ္စတစ်ခုဖြစ်၏။ ယဲ့ကျန့်မင်သည် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ပြီဖြစ်ရာ သူ့မိသားစုကို ကာကွယ်စောင့်ရှောက်ရန် ပူးပေါင်းဆောင်ရွက်ရမည့် တာဝန်နှင့် ဝတ္တရားမှာ သူ့အပေါ်တွင်ရှိနေလေသည်။
စစ်တပ်ဝင်းအတွင်း
“ရှောင်ရှန်၊ မင်း ဒီလောက်အကြင်နာကင်းမဲ့လို့ မရဘူးလေ၊ ဒါက နားလည်မှုလွဲတာ သက်သက်ပါ၊ ငါတို့ အေးအေးဆေးဆေးစကားပြောလိုက်ရင် အဆင်ပြေသွားမှာပဲမဟုတ်ဘူးလား”
လျူရှို့အော်သည် အဆောက်အအုံ အဝင်ဝတွင်ပိတ်ရပ်ကာ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့ကို တားဆီးလိုက်၏။ စစ်သည်ဇနီးများသည် ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့ အရူးနှစ်ယောက်ကို သတိထားနေကြပြီး ပြဇာတ်ကို အဝေးမှနေ၍သာစောင့်ကြည့်နေကြသည်။
စုံစမ်းစစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာခဲ့ချေပြီ။ စုံစမ်းမေးမြန်းချက်များအရ ကောလာဟလများ၏မြစ်ဖျားခံရာမှာ ယဲ့ရှုဟွာပင်ဖြစ်လေသည်။ အတင်းအဖျင်းပြောဆိုခဲ့ကြသော အခြားစစ်မှုထမ်းဇနီးသည်များမှာလည်း ရှဲ့လီအားတောင်းပန်ကြရမည်။ ယဲ့ရှုဟွာကမူ တောင်းပန်စာတစ်စောင်ကိုရေးသားကာ စစ်တပ်ဝင်းအတွင်းရှိ လူတိုင်းရှေ့တွင်ဖတ်ပြရမည်ဖြစ်သည်။
ထို့အပြင် သူမသည်ပြစ်ဒဏ်မှတ်တမ်းတစ်ခုရရှိမည်ဖြစ်ပြီး စစ်တပ်တစ်ခုလုံးရှေ့မှောက်တွင် လူသိရှင်ကြားဝေဖန်ခံရပေမည်။ ယဲ့ရှုဟွာသည် စစ်တပ်ဆရာဝန်တစ်ဦးဖြစ်ရာ ဤပြစ်ဒဏ်မှာ အတော်လေးပြင်းထန်လှသည်။
သူမသည် ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သူဖြစ်ပြီး ဤကဲ့သို့သော အပြစ်ဒဏ်မျိုး တစ်ခါမျှမခံစားခဲ့ရဖူးပေ။ ထို့အပြင် ဤပြစ်ဒဏ်မှာ ရှန်ဟွိုင်နျန်မှ တပ်ချုပ်မှူးကျိုးထံတွင်တိုင်ကြားခဲ့သောကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သူမ ကြားသိခဲ့ရသေးသည်။
…..
“မေမေ သူက သမီးကိုသဘောမကျရင် သမီးကလည်း အတင်းအကြပ်မလုပ်ပါဘူး၊ သမီးမှာလည်း ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို မိန်းမမျိုးအတွက် သူက သမီးကို ဒီလိုလုပ်ရက်တယ်ပေါ့လေ၊ အဲဒီတုန်းက သမီးက ဆေးတက္ကသိုလ်မှာ ပါရမီရှင်တစ်ယောက်လေ၊ ဆရာက သမီးကို ပညာဆက်သင်ဖို့ တိုက်တွန်းခဲ့ပေမဲ့ သူ့အတွက်ကြောင့် သမီးက စစ်တပ်ဆရာဝန်လုပ်ဖို့ စစ်တပ်ထဲကို တွန့်ဆုတ်မနေဘဲပြန်လာခဲ့တာပါ၊ သမီးက ဒီလောက်ထူးချွန်နေတာပဲကို၊ အဲဒီဆွဲဆောင်မှုရှိတဲ့မိန်းမထက် ဘယ်နေရာကများ ညံ့နေလို့လဲ”
ယဲ့ရှုဟွာက အထိန်းအကွပ်မရှိ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့လေသည်။
သူမရင်ထဲတွင် ရှန်ဟွိုင်နျန်သည် ခန့်ညားထည်ဝါသော သူရဲကောင်းတစ်ဦး စစ်နတ်ဘုရားတစ်ပါးဖြစ်၏။ သို့သော် သူမရင်ထဲရှိ လက်လှမ်းမမီနိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့သော အမျိုးသားက ထိုကဲ့သို့သော အမျိုးသမီးမျိုးကို လက်ထပ်ခဲ့သည်။
‘သူမက မထိုက်တန်ဘူး၊ သူမက လုံးဝကို မထိုက်တန်ဘူး'
လျူရှို့အော်သည် သမီးဖြစ်သူမှာ နှစ်ရက်တိုင်တိုင် အစာမစား ရေမသောက်ဘဲ နေနေသည်ကိုမြင်သောအခါ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ရှန်ဟွိုင်နျန်ထံ ရှင်းလင်းချက်တောင်းရန် ပြေးလာခဲ့ခြင်းဖြစ်သည်။
….
“ဟွာဟွာက ကိုယ့်ကိုကိုယ်အရမ်းအလေးထားတာကို မင်းက စစ်တပ်ဝင်းတစ်ခုလုံးရဲ့ရှေ့မှာ မင်းဇနီးကို တောင်းပန်စာ ဖတ်ပြခိုင်းချင်သေးတယ်ပေါ့လေ”
လျူရှို့အော်သည် ရှဲ့လီအားစူးစူးရဲရဲ စိုက်ကြည့်ကာ ရှန်ဟွိုင်နျန်ကို လေးလေးနက်နက် ပြောလိုက်လေသည်။
“ဟွာဟွာက အဲဒီတုန်းကပညာဆက်သင်မယ့်အစီအစဉ်ကို စွန့်လွှတ်ပြီး စစ်တပ်ထဲကို ဘာလို့ပြန်လာခဲ့တယ်ဆိုတာ မင်း တကယ်ပဲမသိတာလား”
ရှဲ့လီ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်မိ၏။ ရှန်ဟွိုင်နျန်က ခေါင်းခါပြလိုက်လေသည်။
“သူ့ကိစ္စကို ကျွန်တော်ကဘယ်လိုလုပ်သိမှာလဲ”
လျူရှို့အော် : “.....”
သူမသည် သူမပေါင်ကိုသူမရိုက်လိုက်ပြီး နာကြည်းစွာပြောလိုက်လေသည်။
“အကုန်လုံးက မင်းအတွက်ချည်းပဲလေ”
ရှန်ဟွိုင်နျန်က လက်မြှောက်ကာ ရှဲ့လီ၏ဆံပင်များကို ပွတ်သပ်ပေးလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုအပ်ဘူး”
လျူရှို့အော်မှာ ဒေါသကြောင့် စကားပြောမထွက်ဖြစ်သွားရပြီး နောက်ဆုံးတွင် ကိုယ်ကျင့်တရားဖြင့် ဖိအားပေးရန် ဆုံးဖြတ်လိုက်၏။
“ဟွာဟွာ ပြန်ရောက်လာပြီးတဲ့နောက်မှာ စစ်တပ်နဲ့အတူ စစ်ဆင်ရေးတွေထွက်ခဲ့ပြီး မင်းကိုလည်းကယ်ခဲ့တာပဲလေ၊ သူက မင်းအတွက်ဆိုရင် သူ့အသက်ကိုတောင် ပေးဝံ့တယ်”
ရှန်ဟွိုင်နျန် : “ဘယ်သူမှမလိုချင်တဲ့ အရာတွေကို အမြဲတမ်းပေးနေတာမျိုး သူ ရပ်လို့ရမလား”
လျူရှို့အော် : “......”
“ဒီငါ...”
ရှဲ့လီက ရှန်ဟွိုင်နျန်အနောက်တွင်ရပ်ကာ သွားများပေါ်သည်အထိ ပြုံးရင်း ပြဇာတ်ကို ကြည့်နေခဲ့၏။
‘အဆိပ်ပြင်းလိုက်တာ၊ အရမ်း သဘောကျတာပဲ'
“မေမေ”
ယဲ့ရှုဟွာသည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိပြေးလာခဲ့လေသည်။ သူမမျက်နှာတွင် မိတ်ကပ်မရှိဘဲ နူးညံ့လှပနေကာ သူမမျက်ဝန်းများထဲတွင် ခေါင်းမာသောအကြည့်တစ်ခု ရှိနေခဲ့လေ၏။
“မေမေ သူ့ကိုမတောင်းပန်နဲ့၊ သမီး တောင်းပန်စာ ဖတ်ပြပါ့မယ်”
ရှန်ဟွိုင်နျန် ခေါင်းညိတ်ပြလိုက်သည်။
“ဘယ်တော့ဖတ်မှာလဲ၊ မြန်မြန်ဖတ်တာ ပိုကောင်းမယ်၊ ပြီးတော့ မင်းခိုးသွားတဲ့ ငါ့ဖောင်တိန်ကိုလည်း ပြန်ပေးပါဦး၊ အရင်က မင်းကို ခဏခဏတောင်းဖူးပေမဲ့ မင်းက အမြဲတမ်းထွက်ပြေးသွားတာလေ”
ယဲ့ရှုဟွာ ဆွံ့အသွားခဲ့ရလေသည်။ သူမမျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး ထူးဆန်းသောအသံဖြင့် အော်ဟစ်ကာ ပြေးထွက်သွားလေတော့၏။
“အားးး”
ယခင်က သူမသည် ချစ်ခြင်းမေတ္တာ၏သင်္ကေတတစ်ခုအဖြစ် သဘောထားကာ ရှန်ဟွိုင်နျန်သတိမထားမိချိန်တွင် ဖောင်တိန်တစ်ချောင်းကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
ရှန်ဟွိုင်နျန်က ထိုဖောင်တိန်ကို အကြိမ်ကြိမ် လေးလေးနက်နက်ပြန်တောင်းခဲ့သော်လည်း သူမသည် ရှက်သွေးဖြာကာ အမြဲတမ်းထွက်ပြေးလေ့ရှိသည်။
ထိုသို့လုပ်ခြင်းမှာ မိန်းကလေးတစ်ဦး၏ချစ်စရာကောင်းသော ဟန်ဆောင်မှုတစ်ခု၊ အချစ်ကို ဖော်ပြခြင်းတစ်ခုဟု သူမ တွေးထင်ထားခဲ့၏။
သို့သော် ယခု ရှန်ဟွိုင်နျန်က ထိုဖောင်တိန်ကို ပြန်ပေးရန်ပြောဆိုခဲ့သည့်အပြင် သူမခိုးယူသွားသည်ဟုပင် စွပ်စွဲခဲ့သေးသည်။
“အားးး”
ယဲ့ရှုဟွာမှာ လုံးဝပြိုလဲသွားခဲ့လေပြီ။
ပြဇာတ်ကိုကြည့်ရှုနေကြသော စစ်သည်ဇနီးများမှာလည်း လန့်ဖျပ်သွားကြပြီး တီးတိုးရေရွတ်လိုက်ကြလေသည်။
“ရှောင်ယဲ့ဘာဖြစ်သွားတာလဲ၊ တစ်ယောက်ယောက်က သူ့ကို အနောက်ကနေ လာဆိတ်သွားလို့လား”