← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

Ch-86

ယဲ့ရှုဟွာသည် လမ်းတစ်ဝက်အထိပြေးသွားပြီးမှ နောက်သို့ပြန်လှည့်လာကာ ရှန်ဟွိုင်နျန် ဘာတွေပြောနေသလဲဆိုသည်ကိုကြားချင်ဇောဖြင့် စစ်တပ်ဝင်းအတွင်းရှိ စစ်သည်ဇနီးများနှင့်အတူ ပေါ့ပလာသစ်ပင်ကြီးနောက်တွင် ပုန်းနေလေသည်။

ထိုမိန်းမကို ရှန်ဟွိုင်နျန်ဘယ်လိုဆက်ဆံမလဲဆိုသည့် သိချင်စိတ်က သူမရင်တွင်း၌ ပြင်းပြနေခဲ့သည်။ ဝမ်ရှို့လီသည် သူမအတွက် နေရာဖယ်ပေးရန် ကိုယ်ကို အနည်းငယ်တိုးလိုက်၏။

နှလုံးကွဲမတတ်ဝမ်းနည်းပူဆွေးကာ ပြေးထွက်သွားသော သမီးဖြစ်သူကို ကြည့်ရင်း လျူရှို့အော်ရင်ထဲတွင်လည်း ဗျာများသွားရသည်။

သူမသည် ရှန်ဟွိုင်နျန်ကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ဒီတစ်ကြိမ်မှာ ဟွာဟွာဘက်က မှားခဲ့တယ်ဆိုရင်တောင် ရှဲ့လီကရော မမှားဘူးလား၊ သူမကလည်း လူအများကြီးကို ဆေးရုံတက်ရတဲ့အထိ ရိုက်နှက်ခဲ့တာပဲ မဟုတ်ဘူးလား”

ရှန်ဟွိုင်နျန်၏မျက်နှာထားမှာ ယခင်ကထက် ပိုမိုမှောင်မိုက်သွားပြီး အေးစက်စက်အငွေ့အသက်များ ဖြာထွက်လာ၏။

“ကျွန်တော့်ရဲ့ရှောင်လီလို နူးညံ့သိမ်မွေ့တဲ့သူမျိုးတောင် ဒေါသထွက်လာအောင်ဆွပေးနိုင်တယ်ဆိုတော့ သူတို့တွေ ဘယ်လောက်တောင်လွန်ကြူးခဲ့လို့လဲ၊ ကျွန်တော့်ရှောင်လီလေးကို ဒီလိုဖြစ်အောင် လုပ်ရက်ကြတယ်”

ထိုစကားကိုကြားလိုက်ရသော အနီးနားရှိ လူအားလုံး၏မျက်နှာပေါ်တွင် အံသြမှင်တက်မှုများ အထင်းသားပေါ်လွင်သွားပြီး သူတို့စိတ်ထဲ၌ တူညီသောမေးခွန်းတစ်ခုသာ ရှိနေတော့သည်။

“ရှင် တကယ်ပဲခေါင်းကောင်းသေးရဲ့လား”

ထိုစကားများကိုကြားလိုက်ရချိန်တွင် ရှဲ့လီသည် ခေါင်းလေးကို အသာငဲ့စောင်းကာ အလွန်အားနည်းပြီး အကာအကွယ်မဲ့နေသည့်ဟန်ဖြင့် ရှန်ဟွိုင်နျန်ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

“အားနျန်”

ရှန်ဟွိုင်နျန်၏ပါးပြင်နှစ်ဖက်မှာ နီရဲသွားပြီး သူသည် ဤချစ်စရာကောင်းသော ဟန်ဆောင်မှုလေးထဲတွင် အလုံးစုံနစ်မွန်းသွားတော့၏။

ပေါ့ပလာသစ်ပင်ကြီးအောက်တွင် ပုန်းကွယ်ကာ အတင်းအဖျင်းပြောနေကြသော စစ်သည်ဇနီးများအားလုံးမှာမူ ပတ်တီးများ၊ ကျောက်ပတ်တီးများဖြင့် စည်းနှောင်ထားရသူများချည်းပင်။

ရှဲ့လီ၏ အားကိုးတကြီးအသံလေးကို ကြားလိုက်ရသောအခါ သူတို့သည် ကျောက်ပတ်တီးများနှင့် ပတ်တီးများကို ဒေါသတကြီးဖြင့် ကုပ်ခြစ်ပစ်လိုက်ကြသည်။

တစ်စုံတစ်ယောက်ကို ထုထောင်းပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသော်လည်း မည်သူကမျှအပြင်သို့ထွက်ကာ မရမ်းကားရဲကြပေ။ သမီးဖြစ်သူအတွက် အခွင့်အရေးလုံးဝမရှိတော့ကြောင်းကို လျူရှို့အော်သဘောပေါက်သွားလေပြီ။ ထို့ကြောင့် ဟန်ဆောင်နေမှုများအားလုံးကို ခဝါချပစ်လိုက်ကာ မျက်နှာဖုံးကို ဆွဲခွာလိုက်တော့သည်။

“ရှန်ဟွိုင်နျန် နင်က ငါ့ရဲ့ဟွာဟွာနဲ့ လုံးဝမထိုက်တန်ဘူး၊ ပြီးတော့ ရှဲ့လီဆိုတာကရော ဘာမို့လို့လဲ၊ ငါ့ရဲ့ဟွာဟွာက ထိပ်တန်းကျောင်းသူ ပါရမီရှင်တစ်ယောက်၊ သူကရော ဘာအဆင့်ရှိလို့လဲ”

ရှန်ဟွိုင်နျန်၏မြေခွေးမျက်လုံးများမှာ ရေခဲတမျှအေးစက်သွားပြီး သူ့နှုတ်မှထွက်လာသော စကားလုံးများမှာလည်း အလွန်တရာ ကရုဏာကင်းမဲ့လွန်းလှသည်။

“ယဲ့ရှုဟွာက အသက်တစ်နှစ်မှာ ခိုးတယ်၊ နှစ်နှစ်မှာ လုတယ်၊ သုံးနှစ်မှာ ချီးစားပြီး ဂုဏ်ထူးဆောင်စာရင်းဝင်ခဲ့တာလေ၊ အခုအရွယ်ရောက်လို့ အသိတရားရလာပြီထင်ရပေမယ့် ကျွန်တော့် ပါကားဖောင်တိန်ကို ခိုးသွားတုန်းပဲ၊ အဲဒါကိုပဲ ခင်ဗျားကဂုဏ်ယူနေသေးတာလား၊ ရဲဘော် လျူရှို့အော် နောက်နောင် ရှောင်လီနဲ့စကားပြောရင် ယဉ်ယဉ်ကျေးကျေးပြောပါ၊ မဟုတ်ရင် တပ်မှူးယဲ့နဲ့ ကျွန်တော့်ကြားက ဆက်ဆံရေးကို ငဲ့ကွက်နေမှာမဟုတ်ဘူး”

အတင်းအဖျင်းပြောနေကြသော စစ်သည်ဇနီးများမှာ ယဲ့ရှုဟွာကိုသနားကရုဏာသက်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ယဲ့ရှုဟွာသည် ကလေးဘဝကတည်းက ဆိုးသွမ်းခဲ့ပြီး သူမ၏ဂုဏ်ယူဖွယ်ရာလုပ်ရပ်များက စစ်တပ်ဝင်းတစ်ခုလုံးတွင် သတင်းမွှေးနေခဲ့သည်ပင်။ ရှဲ့လီသည် ရှန်ဟွိုင်နျန်၏ခါးကို လက်ညှိုးဖြင့် အသာထိုးလိုက်ပြီး လက်မထောင်ပြလိုက်သည်။

“အားနျန် ရှင်က တကယ့်ကိုအံ့သြစရာပဲ၊ ခုနက ရှင်ပြောလိုက်တဲ့စကားတွေက ရက်ပ်ပါတစ်ယောက်လို ရစ်သမ်လေးနဲ့ အရမ်းမိုက်တာပဲ”

ရှဲ့လီပြောလိုက်သော ‘ရက်ပ်ပါ’ ဆိုသည့်စကားလုံးကို ရှန်ဟွိုင်နျန်နားမလည်သော်လည်း သူမက သူ့ကို ချီးကျူးနေခြင်းဖြစ်ကြောင်းကိုတော့ သိနေသည်။ ထို့ကြောင့် ခေါင်းငုံ့ကာ တိုးတိုးလေးရယ်မောလိုက်လေ၏။

ထိုအပြုံးလေးက အေးစက်လှသော သူ့မြေခွေးမျက်လုံးများကို နူးညံ့သွားစေသည်။ သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လျက်ရှိနေပြီး တစ်ယောက်က ချွဲနွဲ့ကာ အခြားတစ်ယောက်က ရှက်သွေးဖြာနေသည်။

လျူရှို့အော်မျက်နှာမှာ ဒေါသကြောင့် နီရဲလျက်ရှိပြီး သူမလည်ချောင်းဝတွင် ဆဲရေးတိုင်းထွာလိုစိတ်များ တစ်ဆို့နေ၏။

“နင့်မေကြီးတော်၊ ဒီကောင်စုတ်လေးက ငါ့ရှေ့မှာတင် လာချစ်ပြနေကြတာလား”

ယခုအချိန်တွင် သူမမှာမုဆိုးမတစ်ယောက်ဖြစ်နေပြီဆိုသည်ကို သတိရသွားသဖြင့် လျူရှို့အော်သည် အသံကျယ်ကြီးဖြင့် အော်ဟစ်ငိုယိုကာ အိမ်သို့ပြန်သွားတော့သည်။ ဤစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုက နှုတ်ဖြင့် တိုက်ခိုက်မှုထက် သူမကိုပို၍ အသက်ရှူကျပ်စေခဲ့သည်။

စစ်သည်ဇနီးများအားလုံးမှာလည်း တိတ်ဆိတ်သွားကြသည်။ အစပိုင်းတွင် ရှဲ့လီကို သူမ၏အပြင်ပန်းသွင်ပြင်အတိုင်း နူးညံ့သိမ်မွေ့သောအမျိုးသမီးငယ်လေးတစ်ဦးဟု ထင်မှတ်ခဲ့ကြသော်လည်း အခြေအနေများမဟန်သည့်အခါ ချက်ချင်းပင် လူများကို ရိုက်နှက်တတ်သော တော်ပီဒိုဒုံးပျံတစ်စင်းဖြစ်သွားမည်ကို မည်သူသိမည်နည်း။

အနည်းငယ်မျှ စိတ်အလိုမကျသည်နှင့် လူများကို ဖောက်ခွဲပစ်ရန် လက်ပစ်ဗုံးကို ထုတ်ယူတတ်သည့် ရှန်ဟွိုင်နျန်နှင့် သူမက အတော်လေးကိုလိုက်ဖက်ညီလှသည်။ မိုးကြိုးနတ်ဘုရားနှစ်ပါး ပေါင်းဆုံသွားခြင်းမှာ ကောင်းကင်ဘုံမှ ဖန်တီးပေးထားသည့်ဖူးစာဟု လူတိုင်းက ပြောကြပေလိမ့်မည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ယဲ့ရှုဟွာသည် စစ်တပ်ဝင်းအတွင်းရှိ လူအများရှေ့နှင့် ရှဲ့လီရှေ့တွင် တောင်းပန်စာကို ဖတ်ပြရလေသည်။ ရှဲ့လီသည် ရန်သူ့သူလျှိုတစ်ဦးမဟုတ်ကြောင်းကို လူတိုင်းသိရှိသွားကြပြီဖြစ်သည်။ ယဲ့ရှုဟွာက မနာလိုဝန်တိုစိတ်များကြောင့် သူမအား တမင်တကာမဟုတ်မမှန် လုပ်ကြံစွပ်စွဲခဲ့ခြင်းပင်။

သူမအတွက် တရားမျှတမှုရရှိစေရန် ရှန်ဟွိုင်နျန်က အဘယ်ကြောင့် အဆူခံကာလုပ်ဆောင်ပေးခဲ့သလဲဆိုသည်ကို ရှဲ့လီ သဘာဝကျကျပင်နားလည်ထားသည်။ ဤခေတ်ကြီးတွင် နာမည်ဂုဏ်သတင်းဆိုသည်မှာ လူတစ်ယောက်ကို အလွယ်တကူချေမှုန်းဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ သူမကဲ့သို့ အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် ကိုယ်ပိုင်အစွမ်းအစထက် ဂုဏ်သိက္ခာက ပို၍အရေးကြီးကြောင်းကို ကောင်းကောင်းသဘောပေါက်ထား၏။

ဤနေရာသို့ရောက်လာသော အမျိုးသမီးတစ်ဦးအနေဖြင့် သူမတွင် ရှန်ဟွိုင်နျန်မှလွဲ၍ အားကိုးစရာမရှိချေ။ ဤစစ်တပ်ဝင်းသည် သူမဘဝတစ်သက်တာလုံး နေထိုင်သွားရမည့် နေရာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဤသို့ ရေရှည်နေထိုင်ရမည့် ပတ်ဝန်းကျင်တွင် သူမနာမည်ဂုဏ်သတင်းသာ ပျက်စီးသွားပါက နောင်တစ်ချိန်တွင် သူမခြေချရပ်တည်နိုင်မည် မဟုတ်တော့ပေ။

အတင်းအဖျင်းစကားများက လူကို သေစေနိုင်သည်။

သို့သော် ယဲ့ရှုဟွာက စစ်တပ်ဝင်းအတွင်းရှိ လူအများရှေ့တွင် တောင်းပန်စာဖတ်ပြလိုက်သောအခါ ရှဲ့လီမှာ ရန်သူ့သူလျှိုမဟုတ်ကြောင်းကို လူတိုင်းသိရှိသွားကြသည်။ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြဿနာရှိနေသူမှာ ယဲ့ရှုဟွာသာလျှင်ဖြစ်၏။

ဤအမျိုးသားသည် ထင်မှတ်မထားလောက်အောင်ပင် စဉ်းစားဆင်ခြင်ဉာဏ် ပြည့်ဝလှပေသည်။ ရှဲ့လီ၏ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ်ကွေးတက်သွားသည်။ မထင်မှတ်ဘဲ လူကောင်းတစ်ယောက်နှင့် ကြုံဆုံခွင့်ရခဲ့သည်ဟု သူမခံစားလိုက်ရ၏။

All Chapters