← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

Ch-88

‘ရှန်ဟွိုင်နျန်လား'

ရှဲ့လီသည် လျင်မြန်စွာဆုံးဖြတ်ချက်ချလိုက်ပြီး ရှန်ဟွိုင်နျန်၏လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမသည် မျက်နှာထားကို အလွန်တည်ကြည်လေးနက်သွားစေကာ လီချယ်ဘက်သို့ လှည့်ကြည့်လိုက်၏။

“ခေါင်းဆောင်လီ၊ ဒါက ကျွန်မအမျိုးသား ရှန်ဟွိုင်နျန်လေ၊ ရှင်တို့ အရင်ကဆုံဖူးပါတယ်”

လီချယ်တစ်ယောက် မှင်တက်သွားရပြီး ရှဲ့လီ မည့်သည့်အရာများကြံစည်နေသလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။

ရှဲ့လီသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏အထူးတပ်သားသစ်တစ်ဦး ဖြစ်သည်။ သူမကို လီချယ်၏အဖွဲ့တွင် တာဝန်ချထားပြီး သူ့ကွပ်ကဲမှုအောက်တွင်ရှိနေခြင်းဖြစ်၏။

စစ်ဆင်ရေးလုံခြုံမှုအရ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတွင် ရှဲ့လီ၏လျှို့ဝှက်အမည်မှာ တလီခွေ့ဖြစ်သည်။ တလီခွေ့ဆိုသည်မှာ ရှဲ့လီမှန်း လီချယ်နှင့် ဝန်ကြီးဌာနရှိ ခေါင်းဆောင်ကြီးတို့သာလျှင် သိကြသည်။

တပ်ချုပ်မှူးကျိုးဘက်ကမူ ရှဲ့လီသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ဖြစ်ကြောင်းကိုသာသိရှိပြီး သူမသည် တလီခွေ့ဖြစ်ကြောင်းကို လုံးဝမသိရှိချေ။ တိတိကျကျဆိုရလျှင် လီချယ်သည် ရှဲ့လီ၏အထက်အရာရှိဖြစ်ပေသည်။

သို့သော် သူတို့ဆက်ဆံရေးမှာ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး အခြားသူများသိရှိ၍မဖြစ်ပေ။ လီချယ်၏ ဦးနှောက်များက အပြင်းအထန်အလုပ်လုပ်နေပြီး ဤအခြေအနေကို ရှန်ဟွိုင်နျန်အား မည်သို့ရှင်းပြရမည်နည်းဟု စဉ်းစားခန်း ဝင်နေတော့သည်။

လူသူကင်းမဲ့သော ဤတောအုပ်ငယ်လေးထဲတွင် သူအနေဖြင့် ဘယ်လိုလုပ် ရှင်းပြနိုင်မည်နည်း။ ရေခဲတမျှအေးစက်စူးရှလှသော ထိုမြေခွေးမျက်လုံးများနှင့် ဆုံတွေ့လိုက်ရချိန်တွင် လီချယ်၏ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။

ထိုအချိန်လေးတွင်ပင် ရှဲ့လီသည် အလိုလိုက်ခံထားရသော ကလေးငယ်လေးတစ်ဦးပမာ ရှန်ဟွိုင်နျန်၏ရင်ခွင်ထဲသို့ပစ်ဝင်သွားပြီး ချွဲနွဲ့တိုင်တန်းလိုက်၏။

“အားနျန် ခေါင်းဆောင်လီက ကျွန်မကို လိုက်နေတာ၊ ကျွန်မမှာ အိမ်ထောင်ရှိတယ်လို့ ပြောထားတာတောင် သူက လုံးဝလက်မလျှော့ဘူး”

လီချယ်၏မျက်လုံးများ ပြူးကျယ်သွားသည်။ ရှန်ဟွိုင်နျန်သည် သူ့ရင်ခွင်ထဲတွင် လူးလွန့်နေသော ရှဲ့လီကိုထိန်းရန် လက်မြှောက်လိုက်သည်။ ထို့နောက် သူမဆံပင်လေးများကို အသာသပ်တင်ပေးရင်း နူးညံ့စွာနှစ်သိမ့်လိုက်၏။

“စိတ်မပူပါနဲ့ ရှောင်လီ၊ ဖိအားတွေလည်း မခံစားနေနဲ့၊ ကားဆီကို ရှောင်ချီနဲ့အတူပြန်သွားပြီး ကိုယ့်ကိုစောင့်နေနော်၊ ခေါင်းဆောင်လီနဲ့ ကိုယ်စကားနည်းနည်းလောက် သီးသန့်ပြောလိုက်ဦးမယ်”

လီချယ့်မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသားပေါ်လွင်နေသည်။

‘မဟုတ်ဘူးလေ မသွားပါနဲ့၊ ရှဲ့လီ ပြန်လာခဲ့ပါဦး'

လီချယ်သည် ထွက်ပြေးသွားသော ရှဲ့လီထံသို့ လက်တစ်ဖက်ကို ဆန့်တန်းရင်း အသည်းအသန် အော်ဟစ်တားဆီးချင်နေမိသည်။ ရှဲ့လီမှာ ပြေးထွက်သွားရင်း လီချယ့်ထံလှည့်ကြည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

‘အဖွဲ့အစည်းအတွက် နည်းနည်းလောက်တော့ စွန့်လွှတ်အနစ်နာခံပေးလိုက်ပါဦး’ ဟူသော အဓိပ္ပာယ်ပင်။

ရှဲ့လီ ကားပေါ်တက်သွားသည်ကိုကြည့်ပြီးနောက် ရှန်ဟွိုင်နျန်သည် လီချယ်ကို အကဲခတ်စစ်ဆေးတော့သည်။

သူ့မျက်ဝန်းထဲမှနူးညံ့မှုများက လွင့်စင်ပျောက်ကွယ်သွားပြီး လှောင်ပြောင်သရော်မှုများနှင့် အေးစက်စက် အငွေ့အသက်များက နေရာယူလာသည်။

“ခေါင်းဆောင်လီ၊ ငါ့ရှောင်လီကို လိုက်ဖို့ ငါ့ဆီကခွင့်ပြုချက်ရပြီးပြီလား”

လီချယ်မှာ ဆွံ့အသွားရ၏။

“အာ... ဒါကလေ... တပ်မှူးရှန်၊ တကယ်တော့ ဒါကအထင်လွဲမှုတစ်ခုပါ”

ရှန်ဟွိုင်နျန်က သူ့စကားကိုဖြတ်ပြောလိုက်သည်။

“ခေါင်းဆောင်လီ၊ ငါ့ရှောင်လီက လှပတဲ့အရာတွေ၊ ရုပ်ရည်ချောမောတဲ့သူတွေကို သဘောကျတယ်”

ပြောပြောဆိုဆိုပင် ထိုမြေခွေးမျက်လုံးများဖြင့် လီချယ်ကိုအထက်အောက် စုန်ဆန်ကြည့်ရှုလိုက်သည်။ လီချယ်တစ်ယောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး လေဆာဖြင့် စကင်ဖတ်ခံနေရသကဲ့သို့ ထုံကျဉ်သွားရ၏။ ရှန်ဟွိုင်နျန်က လှောင်ပြုံးပြုံးကာ ဆက်ပြောသည်။

“ခေါင်းဆောင်လီ၊ မင်းက အရပ်ပုတယ်၊ မျက်နှာကလည်းဝိုင်းတယ်၊ အသားအရေကလည်းမည်းတယ်၊ ဆောရီးပဲ ငါ့မိန်းမက ကင်ထားတဲ့အာလူးတွေကို သဘောမကျဘူးကွ”

လီချယ်မှာ အံ့အားသင့်လွန်း၍စကားပင် မဆိုနိုင်တော့ချေ။

‘မင်းမေကြီးတော် မင်းက တကယ့်ကို တိရစ္ဆာန်တစ်ကောင်ပဲ၊ တောင်ပေါ်က မြည်းရိုင်းကြီး ဝူး ဝူး ဝူး သူကမျှမျှတတ တိုက်ခိုက်တာမဟုတ်ဘူး၊ ပုဂ္ဂိုလ်ရေးကိုပါ တိုက်ခိုက်နေတာပဲ ဝူး ဝူး ဝူး'

“ငါ့မိန်းမကို နောက်တစ်ခါထပ်ပြီး အနှောင့်အယှက်မပေးပါနဲ့ မဟုတ်ရင် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနအထိ ကိုယ်တိုင်လာရှာဖို့ ငါဝန်လေးနေမှာမဟုတ်ဘူး”

ထိုစကားကိုပြောပြီးသည်နှင့် ရှန်ဟွိုင်နျန် လှည့်ထွက်သွားခဲ့ရာ လီချယ်တစ်ယောက်တည်း ထိုနေရာတွင် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့လေတော့သည်။ သူသည် အခန်းပြန်မရောက်မီ ညတစ်ဝက်ခန့်ငိုကြွေးနေခဲ့သည်။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ရဲဘော်များကမူ သူလုပ်ကြံခံလိုက်ရပြီဟုပင် ထင်မှတ်ခဲ့ကြ၏။

ထို့နောက် သူသည် ဟိုခုန်ဒီခုန်ဖြင့် အဖွဲ့အစည်းထံမှ နှစ်သိမ့်ဆုတစ်ခုခုရရှိရန် လျှောက်ထားတော့သည်။ သူအရမ်းကို စွန့်လွှတ်အနစ်နာခံခဲ့ရသည်မဟုတ်လော။

*ဝူး ဝူး ဝူး*

အံ့သြစရာကောင်းသည်မှာ နှစ်သိမ့်ဆုရမည့်အစား ဝံပုလွေအိုဟုလျှို့ဝှက်အမည်ပေးထားသော အထက်လူကြီးက အခြားအဖွဲ့တစ်ခုအတွက် ပြဿနာများကို သွားရောက်ရှင်းလင်းရန် အမိန့်ပေးခဲ့ခြင်းပင်။

ခေါင်းဆောင်တစ်ယောက်အနေဖြင့် အခြားအဖွဲ့တစ်ခုအတွက် ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ရခြင်းက ကြီးမားလှသော အရှက်တကွဲ အကျိုးနည်းဖြစ်မှုကြီးပင်။ ထိုကျိန်ဆဲချင်စရာ ဝံပုလွေအိုကြီးက အဘယ်ကြောင့် သူ့အားဒုက္ခပေးနေရသလဲဆိုသည်ကို သူ လုံးဝနားမလည်နိုင်အောင်ဖြစ်ရသည်။

တစ်ချိန်တည်းမှာပင် ရှဲ့လီမှာ သူမသံသယရှိနေသူ၏ အချက်အလက်များကို လီချယ်ထံမှရရှိခဲ့သည်။ ကိုယ်ရေးမှတ်တမ်းအရ ကြီးမားသော ပြဿနာတစ်စုံတစ်ရာ မရှိချေ။ သူမ၏မူလမိသားစုမှာ ဆင်းရဲသော တောင်သူလယ်သမားများဖြစ်သည်။ သူမတွင် အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်နှင့် မောင်တစ်ယောက်ရှိသည်။

ခင်ပွန်းဖြစ်သူမှာ တပ်မှူးတစ်ဦးဖြစ်ပြီး လွန်ခဲ့သော သုံးနှစ်ကတည်းက စစ်တပ်နှင့်အတူ လာရောက်နေထိုင်ခဲ့ခြင်းပင်။

သို့သော် မှတ်တမ်းတွင် သူမသည် အသက်ဆယ့်လေးနှစ်အရွယ်တွင် ပျောက်ဆုံးသွားခဲ့ပြီး ဆယ့်ခုနစ်နှစ်အရွယ်ရောက်မှ သီလရှင်ကျောင်းတစ်ခုတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ရေးသားထား၏။

All Chapters