← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

Ch-89

ရှဲ့လီ ဖိုင်တွဲကိုပိတ်လိုက်သည်။ ထိုပျောက်ဆုံးနေသော သုံးနှစ်တာကာလအတွင်း သူမနေရာတွင် အခြားတစ်ယောက်ယောက် အစားထိုးဝင်ရောက်လာနိုင်ခြေ အလွန်များသည်။

ဤကိစ္စကို သေချာစစ်ဆေးအတည်ပြုရန်နှင့် သဲလွန်စများရှာဖွေရန်အတွက် ထိုအမျိုးသမီး၏ ဇာတိအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ အသေးစိတ် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန်လိုအပ်၏။

လီချယ်၏အဖြေမှာလည်း သူမကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းက အကောင်းဆုံးဖြစ်မည်ဟူ၍သာ။ ရှဲ့လီတစ်ယောက် အကျပ်ရိုက်သွားသည်။

ဤခရီးစဉ်သည် အနည်းဆုံးလဝက်ခန့် ကြာမြင့်မည်ဖြစ်သည်။ ဤကိစ္စကို ရှန်ဟွိုင်နျန်အား သူမမည်သို့မည်ပုံ ရှင်းပြရမည် မသိတော့ချေ။ တိုက်ဆိုင်စွာပင် ရှန်ဟွိုင်နျန် လျှောက်ထားသော အိမ်ရာကလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ရှဲ့လီသည် ခိုင်လုံမှုမရှိသော ဆင်ခြေတစ်ခုကို ရှာဖွေလိုက်သည်။

“အားနျန် နေစရာထိုင်စရာနဲ့ ပတ်သက်ရင် ကျွန်မကနည်းနည်းဂျီးများတယ်၊ ပရိဘောဂကောင်းကောင်းတွေလိုချင်တယ်”

ရှန်ဟွိုင်နျန်က ခေါင်းညိတ်သဘောတူလိုက်သည်။

“မင်း လိုချင်တာဘာမဆိုရစေရမယ်”

ဘေးနားမှရှောင်ချီသည် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်နေမိ၏။ လက်ရှိတပ်မှူးအိမ်ရှိ ပရိဘောဂများမှာ ငါးခုပင်မပြည့်သော်လည်း မရီးဖြစ်သူမှာ ယခင်က တစ်ခါမျှမညည်းညူခဲ့ဖူးပေ။

ယခုမှ အဘယ်ကြောင့် ရုတ်တရက်ကြီး ဂျီးများနေရသနည်း။

‘ထင်တဲ့အတိုင်းပါပဲ၊ မိန်းမတွေရဲ့ စိတ်ဆိုတာ ပင်လယ်အောက်ခြေက အပ်တစ်ချောင်းလိုပဲ'

ရှဲ့လီသည် ချွဲနွဲ့သောအပြုံးလေးဖြင့် ရှန်ဟွိုင်နျန်လက်ကိုဆွဲကာ လှုပ်ယမ်းလိုက်သည်။

“ရှန်ဟိုင်းမြို့ကို သွားချင်တယ်၊ ပရိဘောဂတွေ ဝယ်ဖို့လေ”

ရှောင်ချီမှာ နားမလည်နိုင်အောင်ဖြစ်ရပြန်သည်။

‘သူမ ရူးနေတာများလား'

ရှန်ဟွိုင်နျန်က ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ၊ မင်းနဲ့အတူလိုက်ဖို့ ကိုယ် ခွင့်ယူလိုက်မယ်”

ရှဲ့လီက အလျင်စလိုလက်ခါပြလိုက်၏။

“မလိုပါဘူး တကယ်မလိုပါဘူး၊ ရှင် မသိလို့နော်၊ ကျွန်မက ရွေးချယ်ရခက်တဲ့ ရောဂါရှိတယ်၊ အေးအေးဆေးဆေး အချိန်ယူပြီး လိုက်ကြည့်ချင် ဝယ်ချင်တာ၊ အချိန်တန်ရင် ပရိဘောဂတွေကို ဆိပ်ကမ်းဆီ ပို့ပေးမယ့်သူရှာပြီး ရေကြောင်းကနေ တိုက်ရိုက်တင်ပို့ခိုင်းလိုက်မယ်၊ အဲဒါက အရမ်းအဆင်ပြေတယ်”

ရှန်ဟွိုင်နျန် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။

“ကိုယ်တို့ ပထမဆုံးတွေ့ခဲ့တုန်းကသာ ကိုယ်နဲ့မဆုံခဲ့ရင် မင်းရေနစ်သေတော့မလို့လေ၊ မင်းတစ်ယောက်တည်း သွားမှာကို ကိုယ်တကယ်စိတ်မချဘူး”

သူမအစီအစဉ်များ ပေါက်ကြားသွားမည်ကိုစိုးရိမ်သဖြင့် ရှဲ့လီ ဆက်ပြီး အတင်းအကြပ် မတောင်းဆိုတော့ချေ။ ထို့နောက် သူမသည် လီချယ်ထံသို့သွားကာ ရှန်ဟွိုင်နျန်ကို အလုပ်ရှုပ်နေစေရဖို့ရာ နည်းလမ်းရှာပေးရန် ပြောဆိုလိုက်တော့သည်။

လီချယ်က သဘောတူလိုက်၏။ ရှဲ့လီ၏လုံခြုံရေးကို သေချာစေရန်အတွက် အဖွဲ့အစည်းက ဤစစ်ဆင်ရေးတွင် သူမနှင့်အတူလိုက်ပါရန် လီချယ်ကို စေလွှတ်လိုက်သည်။

ထိုညတွင် ရှန်ဟွိုင်နျန်သည် ဝူချန်ကျွင်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့သည်။ အရေးပေါ်စစ်ဆင်ရေးတစ်ခု ပေါ်လာခြင်းပင်။

“ရှောင်လီ ကိုယ်ပြန်လာတဲ့အထိစောင့်နေရမယ်နော်၊ ကိုယ် မင်းနဲ့အတူသွားမယ်”

မထွက်ခွာမီ ရှန်ဟွိုင်နျန်သည် ရှဲ့လီအား အကြိမ်ကြိမ်အခါခါထပ်တလဲလဲ မှာကြားနေခဲ့သည်။ ရှဲ့လီက လိမ္မာရေးခြားရှိစွာဖြင့် ခေါင်းညိတ်သဘောတူလိုက်၏။

ယခုတစ်ကြိမ် စစ်ဆင်ရေးမှာ ရိုးရှင်းလှသည်။ ကင်းလှည့်ရန်သာဖြစ်ပြီး အထူးသဖြင့် တောင်ဘက်ရှိကျွန်းအချို့ကို ကင်းလှည့်ရန်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သောအသေးအဖွဲ တာဝန်များတွင် ရှန်ဟွိုင်နျန်ပါဝင်လေ့မရှိပေ။

ဝူချန်ကျွင်းကိုယ်တိုင်လည်း တပ်ချုပ်မှူးကျိုးက အဘယ်ကြောင့် ရုတ်တရက်ကြီး ဤကင်းလှည့်စစ်ဆင်ရေးအတွက် ရှန်ဟွိုင်နျန်ကို နာမည်တပ်၍ရွေးချယ်ခဲ့သနည်းဆိုသည်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။

ကင်းလှည့်စစ်ဆင်ရေးတွင် စစ်ဘက်ဆိုင်ရာဆရာဝန်များလည်း လိုက်ပါရန် လိုအပ်သည်။ ယခုတစ်ကြိမ်တွင် ယန်ချန်ချန်နှင့် ယဲ့ရှုဟွာတို့နှစ်ဦးကို တာဝန်ချထားသည်။ ယဲ့ရှုဟွာသည် ခရီးဆောင်အိတ်ကိုပြင်ဆင်နေရင်း နှာမှုတ်လိုက်၏။

‘ဟိုပါရမီရှင်ဆိုတဲ့သူက စစ်ဆင်ရေးတွေမှပဲလိုက်တာဆို။ အခုတစ်ကြိမ်ကျတော့ ဘာလို့မလိုက်လာရတာလဲ ဟမ့်’

ဤကင်းလှည့်စစ်ဆင်ရေးသည် ဆယ့်ငါးရက်ကြာမြင့်မည်ဖြစ်ပြီး စောစောစီးစီးပြီးဆုံးသွားမည့် အရိပ်အ‌ယောင်မရှိပေ။ ၎င်းသည် အရေးပေါ်စစ်ဆင်ရေးမဟုတ်သောကြောင့် မိသားစုဝင်များက လာရောက်ပို့ဆောင်နှုတ်ဆက်နိုင်သည်။

ရှဲ့လီရောက်ရှိလာချိန်တွင် ရှန်ဟွိုင်နျန်က စစ်သင်္ဘောအောက်၌ ရပ်နေလေသည်။ သူသည် မီးခိုးပြာရောင်ရေတပ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ထင်းရှူးပင်ကြီးတစ်ပင်ကဲ့သို့ မားမားမတ်မတ် ရပ်နေ၏။

သူမ ပြေးလာသည်ကိုမြင်လိုက်ရသောအခါ သူ၏မူလကအေးစက်တင်းမာနေသော မျက်နှာထားမှာ ချက်ချင်းဆိုသလို နူးညံ့သွားသည်။

“ဘာလို့ လာတာလဲ”

သူ့အသံထဲတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်နေသည်။ ရှဲ့လီသည် သူ့ခါးကို ဖက်လိုက်ပြီး ချွဲလိုက်လေ၏။

“ရှင့်ကို လာပို့တာလေ၊ ရှင်ပြန်လာမယ့်အချိန်ကို ကျွန်မစောင့်နေမှာ”

ရှန်ဟွိုင်နျန်ရင်ထဲတွင် လှိုင်းဂယက်များ ထသွားရသည်။ သူ့ရှေ့မှမိန်းမငယ်လေးကို ရင်ခွင်ထဲသို့ဆွဲသွင်းကာ ထာဝရဖက်တွယ်ထားချင်စိတ်များ ပေါ်ပေါက်လာ၏။ ဤနှစ်များတစ်လျှောက်လုံးတွင် သူစစ်ဆင်ရေးထွက်တိုင်း မည်သူကမျှလာရောက်ပို့ဆောင်နှုတ်ဆက်ခြင်းမျိုး မရှိခဲ့ဖူးချေ။

ရှဲ့လီသည် မီးလျှံတစ်ခုကဲ့သို့ပြင်းပြကာ သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာအထိ လောင်ကျွမ်းဝင်ရောက်လာခဲ့ပြီဖြစ်သည်။

“အိမ်ကို မြန်မြန်ပြန်တော့၊ ကိုယ်ထွက်ရတော့မယ်”

ရှန်ဟွိုင်နျန်က ရှဲ့လီ၏ဆံပင်များကို အသာသပ်ပေးလိုက်သည်။ အချိန်ကျပြီဖြစ်သဖြင့် သူ သင်္ဘောပေါ်သို့တက်ရတော့မည်။ ရှဲ့လီ သူ့ကိုပြုံးပြလိုက်သည်။

“ရှင် သွားတော့လေ၊ ရှင်ထွက်သွားတာကို ကျွန်မကြည့်နေမယ်”

ရှန်ဟွိုင်နျန် နှလုံးသားတစ်ခုလုံး နူးညံ့ပျော့ပျောင်းသွားရတော့သည်။

ရှဲ့လီသည် ရှန်ဟွိုင်နျန်၏စစ်သင်္ဘောကြီး အဝေးသို့ထွက်ခွာသွားကာ အမည်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်အထိ ငေးကြည့်နေခဲ့၏။ ထို့နောက် သူမ၏နူးညံ့သိမ်မွေ့သော မျက်နှာထားကို ဖျောက်ဖျက်လိုက်ပြီး ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် အကဲခတ်လိုက်ကာ ကျယ်လောင်သော လေချွန်သံတစ်ခုကို မှုတ်ထုတ်လိုက်သည်။

“လှုပ်ရှားမယ် လှုပ်ရှားမယ်”

အရိပ်ထဲတွင် ပုန်းကွယ်နေသော လီချယ်သည် မျောက်ကြီးတစ်ကောင်ကဲ့သို့ သားရေခရီးဆောင်အိတ်နှစ်လုံးကိုဆွဲကာ ခုန်ထွက်လာသည်။

“သွားမယ် သွားမယ်၊ ရှောင်ချီအတွက် စာတိုလေးတစ်စောင် ထားခဲ့တယ်”

ရှဲ့လီက လီချယ်ကိုလက်ယပ်ခေါ်လိုက်ပြီး လမ်းလျှောက်ရင်းမေးလိုက်၏။

“ဟိုလူရဲ့ ဇာတိအိမ်ကဘယ်နားမှာလဲ”

လီချယ်သည် သူ့အိတ်ကပ်ထဲမှစာရွက်ပိုင်းလေးတစ်ခုကို ထုတ်ယူလိုက်၏။

“ထိုက်ကုန်းကျွန်းမှာလေ၊ အတော်လေးဝေးတယ်၊ အဲဒီကိုရောက်ဖို့ လှေစီးသွားရမယ်၊ တောင်ဘက်စွန်းမှာရှိတဲ့ တံငါရွာလေးတစ်ခုပဲ”

All Chapters