အခန်း ၉၀
Vol. 9 Ch. 90
Ch-90
ရှဲ့လီနှင့် လီချယ်တို့ ထိုတံငါရွာလေးသို့ ရောက်ရှိချိန်တွင် သုံးရက်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုရွာလေးမှာ တောင်ဘက်စွန်းရှိ ထိုက်ကုန်းကျွန်းနှင့်ကပ်လျက်တည်ရှိသော ကျေးလက်ရွာငယ်လေး တစ်ရွာဖြစ်သည်။
ထိုရွာလေးသည် ဒေသသုံးခု၏နယ်စပ်ဆုံရာတွင်တည်ရှိပြီး မည်သည့်အုပ်ချုပ်မှုနယ်မြေအောက်တွင် ပါဝင်သည်ဟု တိတိကျကျသတ်မှတ်ထားခြင်းမရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသည် ဥပဒေမဲ့လူသူကင်းမဲ့ဇုန်တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
အထီးကျန်ဆန်ပြီး ခေတ်နောက်ကျနေရုံသာမက အခြားနေရာများကဲ့သို့ တင်းကျပ်သော စည်းကမ်းချက်များလည်းမရှိသောကြောင့် ရွာသူရွာသားများ၏ စရိုက်လက္ခဏာများမှာ ကြမ်းတမ်းသော်လည်း ပွင့်လင်းရိုးသားကြသည်။
ထိုတံငါရွာလေးမှထွက်ရှိသော စည်သွတ်ငါးသေတ္တာများမှာ အလွန်နာမည်ကြီးသည်ဟု ဆိုကြ၏။ ယခင်က တပ်ဖွဲ့အချို့အနီးနားတွင် လွတ်လွတ်လပ်လပ်ကင်းလှည့်သည့်အခါတိုင်း အရာရှိများ သို့မဟုတ် စစ်သည်များသည် လှေငယ်များချကာ ဤရွာသို့လာရောက်ပြီး စည်သွတ်ငါးသေတ္တာများကို ဝယ်ယူလေ့ရှိကြသည်။
“ဆံပင်ညှပ်မယ်၊ အခမဲ့ ဆံပင်ညှပ်ပေးမယ်ဗျို့၊ ထမင်းတစ်နပ်လောက် ကျွေးရင်ကို ရပါပြီ”
လီချယ်နှင့် ရှဲ့လီတို့သည် အဝတ်အစားများ လဲလှယ်ဝတ်ဆင်ထားကြပြီး ကြိုတင်ပြင်ဆင်ထားသော ကိရိယာသေတ္တာများကိုယ်စီ ကိုင်ဆောင်ကာ တံငါရွာလေးအတွင်း လှည့်လည်အော်ဟစ်နေကြသည်။
ယခုတစ်ကြိမ်တွင် သူတို့နှစ်ဦးသည် နယ်လှည့်ဆံပင်ညှပ်သမားများအဖြစ် ရုပ်ဖျက်လာကြခြင်းပင်။ ဤရွာမှ ရွာသူရွာသားများသည် ဆံပင်ညှပ်လိုပါက ခရိုင်မြို့ပေါ်ရှိ နိုင်ငံတော်ပိုင် ဆံပင်ညှပ်ဆိုင်သို့ ဘတ်စ်ကားစီးကာ သွားရောက်ရသည်။ သို့သော် ခရီးက အလွန်ဝေးကွာလှပြီး အချိန်ကုန်မခံလိုကြရာ များသောအားဖြင့် အိမ်တွင်ပင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆံပင်ညှပ်ပေးလေ့ရှိကြ၏။
ထို့ကြောင့် လီချယ်၏အော်သံကို ကြားလိုက်ရသောအခါ ရွာတစ်ရွာလုံးရှိ လူအားလုံး ရှဲ့လီနှင့် လီချယ်တို့ထံသို့ ဆံပင်ညှပ်ရန် အလုအယက်ရောက်ရှိလာကြတော့သည်။
ဤနေရာတွင် အုပ်ချုပ်မှုပိုင်းက သိပ်မတင်းကျပ်လှသဖြင့် တစ်ခါတစ်ရံ ပြုလုပ်လေ့ရှိသော အသေးစား ကုန်သွယ်မှုများကို လူများက မျက်ကွယ်ပြုထားလေ့ရှိကြသည်။
ဆံပင်ညှပ်ရန် အုံနှင့်ကျင်းနှင့်ပြေးလာကြသော ရွာသူရွာသားများကိုမြင်လိုက်ရသောအခါ ရှဲ့လီနှင့် လီချယ်တို့သည် ကျေနပ်စွာ ပြုံးလိုက်ကြ၏။
‘ဟဲ ဟဲ အကြံအောင်ပြီ'
သူတို့နှစ်ဦးသည် ရွာသူရွာသားများအား ဆံပင်ညှပ်ပေးရင်း စကားစမြည်ပြောဆိုကာ အချက်အလက်များကို အလွယ်တကူစုံစမ်းနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
လူမိုက်ပုံပေါက်နေသော လူငယ်တစ်စုသည် ရှဲ့လီ၏လှပသော ရုပ်ဆင်းသွင်ပြင်ကိုမြင်သောအခါ လေချွန်ကာ နောက်ပြောင်ကြတော့သည်။
သူတို့သည် ရှဲ့လီနှင့် လီချယ်တို့နောက်သို့ ပြုံးစိစိဖြင့်လိုက်လာကြပြီး တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုနေကြ၏။
“ယို့။ကောင်မလေးက ရုပ်ရည်သန့်ပြန့်ပေမယ့် ဘေးကကောင်ကိုကြည့်ပါဦး၊ မီးသွေးခဲကြီး ကျနေတာပဲ”
“ဟား ဟား ဟား”
ဤနေရာတွင် စည်းကမ်းတင်းကျပ်မှုမရှိဘဲ ဒေသခံများ၏အလေ့အထများမှာလည်း လွတ်လပ်မှုရှိသည်။ လီချယ် မျက်နှာကြီးရှုံ့မဲ့သွားပြီး ခြေဆောင့်ကာ ရှေ့သို့ဆက်လျှောက်သွားလေသည်။ သူ ငိုချင်စိတ်ပင်ပေါက်လာ၏။ အဖွဲ့အစည်းအတွက် သူအရမ်းကိုစွန့်လွှတ်အနစ်နာခံခဲ့ရကြောင်းကို သူကိုယ်သူ ကောင်းကောင်းသိလေသည်။
“ဟေး ရှေ့ကကောင်မလေး”
“အိုးဟိုး အိုးဟိုး အိုးဟိုး”
“အူး အူး အူး”
သူတို့ထဲမှ အချို့မှာ ရုတ်တရက် မျောက်အော်သံများကို အတုခိုး အော်ဟစ်ကြတော့သည်။
ထိုသို့ အတန်ကြာအော်ဟစ်နေသော်လည်း ရှဲ့လီမှဘာမှပြန်မပြောသည်ကိုမြင်သောအခါ မျောက်အော်,အော်နေသော လူငယ်(၁)က ထပ်မံ၍ ပါးစပ်သရမ်းလာပြန်၏။
“ဟေ့ ဟိုမိန်းမရဲ့ တင်ပါးကြီးကိုကြည့်စမ်းပါဦး”
လူငယ်(၂) : “ဟဲ ဟဲ ဟဲ ငါ့အမေကတော့ တင်ပါးကြီးတဲ့မိန်းမတွေက ကလေးမွေးကောင်းတယ်လို့ ပြောဖူးတယ်ကွ”
လမ်းလျှောက်လာသည်နှင့်အမျှ လာရောက်ကြည့်ရှုသူ ပိုမိုများပြားလာသည်။ ဒေသခံရွာသူရွာသားများမှာမူ ဤလူမိုက်များ၏ အပြုအမူများကို ရိုးအီနေပြီဖြစ်သောကြောင့် မည်သူကမျှ ဝင်ရောက်မစွက်ဖက်ကြချေ။
ရှဲ့လီ ခြေလှမ်းများရပ်တန့်လိုက်သည်။ လီချယ်က သူမကို နောက်သို့ဆွဲရန် ချက်ချင်းလက်မြှောက်လိုက်၏။
“မမလေးရေ၊ ငါတို့တွေက စစ်ဆင်ရေးလုပ်နေတာနော်၊ သေချာစဉ်းစားပါဦး”
ရှဲ့လီက အေးစက်စက်နှာမှုတ်လိုက်သည်။
“ကလေးမွေးရတာ ခက်ခဲပေမယ့် ကလေးကို လူရာဝင်အောင်ကျွေးမွေးပြုစုရတာက ပိုပြီးခက်ခဲတယ်၊ ငါ့ယောင်္ကျားက ကလေးကို သေချာမပြုစုမပျိုးထောင်နိုင်ဘဲ နေ့တိုင်းအမျိုးသမီးရဲဘော်တွေနောက်လိုက်ပြီး တင်ပါးအကြောင်းတွေပဲပြောနေမယ့် ကောင်မျိုးဖြစ်လာမှာကို ငါတကယ်ကြောက်တယ်၊ အဆင့်အတန်းမရှိတဲ့အမှိုက်ကောင်တွေ”
အားလုံး ခေတ္တမျှမှင်တက်သွားကြပြီးနောက် ပွဲကျသွားကြတော့သည်။
“ဟား ဟား ဟား”
ရှဲ့လီသည် မျက်ခုံးတစ်ဖက်ပင့်လိုက်ရာ သူမမျက်နှာထားလေးမှာ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းနေခဲ့သည်။ သူမသည် ပတ်ဝန်းကျင်ရှိ လူများကို လှည့်ကြည့်ကာ အပြန်အလှန်စကားစပြောတော့သည်။
“အားလုံးပဲ ပြောကြည့်ကြပါဦး၊ ကျွန်မပြောတာမှန်တယ်မလား”
“မှန်တာပေါ့”
“ပြောလိုက်စမ်းပါ၊ သေချာလေးပြောပြလိုက်”
ရွာသူရွာသားများမှာလည်း ဤလူမိုက်များကိုကြည့်မရဖြစ်နေသည်မှာကြာပြီဖြစ်သည်။ သို့သော် သူတို့ထဲမှတစ်ယောက်မှာ ရွာသူကြီး၏သားဖြစ်နေသောကြောင့် မည်သူကမျှပြဿနာမရှာရဲကြပေ။
ယနေ့တော့ လူအုပ်ကြီး၏အားကိုယူကာ ဝင်ရောက်အော်ဟစ်ခွင့်ရသွားကြလေပြီ။ ထိုလူမိုက်အုပ်စုမှာ ဒေါသထွက်လွန်း၍ မီးခိုးများပင်ထွက်လာမတတ်ဖြစ်နေသည်။ ရှဲ့လီက အမျိုးသမီးတစ်ဦးဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမကို စတင် လှောင်ပြောင်ကြတော့၏။
“မင်းလို မိန်းမတစ်ယောက်က ဆံပင်ညှပ်သမားတဲ့လား၊ မင်း တကယ်လုပ်တတ်လို့လား၊ မိန်းမတစ်ယောက် ဆံပင်ညှပ်တာကို ငါ တစ်ခါမှမမြင်ဖူးပါဘူးကွာ”
ထိုစကားကိုပြောပြီးသည်နှင့် သူသည် အောင်ပွဲခံသည့်ဟန်ဖြင့် ခေါင်းကို နောက်သို့မော့လိုက်သည်။ သူ့နောက်ရှိ လူငယ်များကလည်း အားပေးအားမြှောက်ပြုသည့်အနေဖြင့် ထူးဆန်းသောအော်သံများ ထပ်တလဲလဲ အော်ဟစ်လိုက်ကြသည်။
ရှဲ့လီက ချက်ချင်းပြန်ပက်လိုက်၏။
“ဆံပင်ညှပ်တာ လ*မှမလိုတာ၊ ယောက်ျား မိန်းမ ခွဲခြားနေဖို့လိုလို့လား”
လူငယ်(၁) : “.....”
‘နင့်မေ...’
‘စကားလုံးတွေက ကြမ်းတမ်းပေမယ့် ယုတ္တိတော့ရှိသားပဲ၊ ဒါပေမယ့် အဲဒါက အရမ်းကြမ်းတမ်းလွန်းတယ်’
“ကောင်မလေး အတော်စကားတက်တာပဲ၊ မင်းရဲ့ကျွမ်းကျင်မှုက ဘယ်လောက်တောင်ကောင်းလဲဆိုတာ ဒီနေ့ ငါကြည့်ရသေးတာပေါ့၊ လာကြ သူမဆီကနေ ဘယ်သူဆံပင်ညှပ်ရဲလဲဆိုတာ ကြည့်ရအောင်”
လူငယ်(၁)မှာ အလွန်တရာဒေါသထွက်သွားပြီး မျက်နှာတစ်ခုလုံး ဝက်အသည်းရောင်အလား နီရဲသွားသည်။