အခန်း ၉၁
Vol. 10 Ch. 91
Ch-91
အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီး မည်သူကမျှ ရှေ့မထွက်ရဲကြပေ။ ထိုအခိုက်တွင် ပန်းပွင့်ပုံစံအင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကိုကျစ်ဆံမြီး နှစ်ဖက်ချထားသော မိန်းကလေးတစ်ဦးလျှောက်လာသည်။
“ကျွန်မ စမ်းကြည့်မယ်”
လူငယ်(၁)က ထိုမိန်းကလေးကို လက်ညှိုးထိုးကာ ကျယ်ကျယ်လောင်လောင်ဆဲဆိုတော့သည်။
“ကျန်းရှောင်ဖန်း မင်းကငါတို့ကို ဆန့်ကျင်ရတာကို သဘောကျနေတာပဲ မဟုတ်လား၊ မနက်ဖြန်ကျရင် မင်းရဲ့ဒုတိယအစ်မလိုပဲ မင်းကိုသီလရှင်ကျောင်းကိုပို့ပြီး သီလရှင်ဝတ်ခိုင်းလိုက်မယ်”
ရှဲ့လီနှင့် လီချယ်တို့သည် အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
‘ဒီမိန်းကလေးက ငါတို့ရှာနေတဲ့သူနဲ့ ဆွေမျိုးတော်စပ်နေတာပဲ'
“ဒီကိုလာ ညီမလေး၊ မမက ခေတ်မီတဲ့ဆံပင်ပုံစံလေးညှပ်ပေးမယ်”
ရှဲ့လီသည် ကျန်းရှောင်ဖန်းကိုဆွဲခေါ်ကာ စိတ်အားထက်သန်စွာဖြင့် ဆံပင်ညှပ်ပေးလိုက်သည်။ ညှပ်ပြီးသွားသောအခါ လူတိုင်းမျက်လုံးများ အရောင်လက်သွားကြ၏။
‘လှလိုက်တာ၊ တကယ်ကို လှတာပဲ'
သူမ တကယ်ကျွမ်းကြောင်းသိသွားသောအခါ လူတိုင်းကတန်းစီရန် ရောက်ရှိလာကြတော့သည်။ မကြာမီမှာပင် လူတန်းကြီးမှာ အတော်လေးရှည်လျားသွားသည်။ ကျန်းရှောင်ဖန်းကလည်း အလွန်သဘောကျသွားပြီး ထိုနေ့ညစာအတွက် ရှဲ့လီနှင့် လီချယ်တို့ကို သူမအိမ်သို့ဖိတ်ခေါ်ကြောင်း လက်ယပ်ခေါ်ကာပြောဆိုလေ၏။ သူတို့နှစ်ဦးလုံး အကြံအောင်ပြီဆိုသော အပြုံးမျိုးကို ပြုံးလိုက်ကြသည်။
‘ဟဲ ဟဲ အကြံအောင်ပြီ'
ရှဲ့လီနှင့် လီချယ်တို့သည် ရွာသူရွာသားများ၏ဆံပင်များကို ညှပ်ပေးရင်း စကားစမြည်များပါ ရောနှောပြောဆိုနေကြသည်။
“ဦးလေး အိမ်မှာ လူဘယ်နှယောက်ရှိလဲ”
“ဟေး ခုနက ကောင်မလေးက အတော်ချောတာပဲ၊ သူက ဘယ်မိသားစုကလဲ”
“အော် သူ့မှာ မောင်နှမတွေရှိသေးလား”
“ဟို သီလရှင်ကျောင်းကရော ဘာဇာတ်လမ်းလဲ”
အချက်အလက်များစုံစမ်းပြီးနောက် ရှဲ့လီနှင့် လီချယ်တို့သည် မသင်္ကာစရာ အချက်အချို့ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။
“ဟေ့ မင်းတို့ရဲ့လက်ရာက ကောင်းတယ်ဆိုတော့ ခဏနေရင် ငါတို့ဆံပင်ကိုလည်း ညှပ်ပေးဦး၊ ပြီးတော့ ငါ့ရဲ့ တာ့ဟွမ်ကိုလည်း ညှပ်ပေး၊ တာ့ဟွမ်ရဲ့ ဆံပင်ကိုပါ ညှပ်ပေးရမယ်”
ရှဲ့လီနှင့် လီချယ်တို့တစ်ကယ်ဆံပင်ညှပ်ကျွမ်းကြောင်း မြင်လိုက်ရသောအခါ လူငယ်(၁) သည်လည်း အရှက်မရှိဘဲ ဆံပင်ညှပ်ချင်လာသည်။
ဤနေရာတွင် သွားရေးလာရေးအလွန်ခက်ခဲပြီး ဆံပင်ညှပ်ဆိုင်များလည်းမရှိပေ။ ခရိုင်မြို့ပေါ်ရှိ နိုင်ငံတော်ပိုင် ဆံပင်ညှပ်ဆိုင်သို့သွားရောက်ရန် တစ်ရက်လုံး အချိန်ကုန်ခံရမည့်အပြင် စရိတ်လည်း အလွန်ကြီးမားလှသည်။
သို့သော် သူ့မာနကိုမချနိုင်သောကြောင့် ရှဲ့လီကိုအရှက်ခွဲရန် တာ့ဟွမ်ဟုခေါ်သော သူ့ခွေးကိုပါ တမင်တကာခေါ်ဆောင်လာခြင်းဖြစ်သည်။ ရှဲ့လီက ခေါင်းပင်မမော့ဘဲ ပြန်ပြောလိုက်၏။
“လူဆိုရင် တစ်ရာ၊ ခွေးဆိုရင် နှစ်ရာ”
လူငယ်(၁)မှာ ဒေါသအထွတ်အထိပ်သို့ ရောက်သွားလေပြီ။
‘တစ်ရာနဲ့ နှစ်ရာလား၊ တစ်ရွာလုံး ပေါင်းရင်တောင် ယွမ်တစ်ရာပြည့်အောင် စုလို့ရမှာမဟုတ်ဘူး၊ သူမက ငရဲပြည်က ငွေကြေးတွေအကြောင်း ပြောနေတာလား၊ သေချင်နေတာလားဟ၊ ငါ့အဘိုးအတွက် ငွေစက္ကူတွေ မီးရှို့ပေးရရင်တောင် ဒီလောက် ရက်ရက်ရောရောမလုပ်ပေးဘူး'
“မင်း တမင်သက်သက်လုပ်နေတာမလား၊ ဘာလို့ သူတို့ကိုကျတော့ အခမဲ့ ညှပ်ပေးတာလဲ”
လူငယ်(၁)၏မျက်လုံးများ ဒေါသကြောင့် ပြူးကျယ်နေသည်။ ရှဲ့လီက သူ့ကို တစ်ချက်စိုက်ကြည့်လိုက်၏။
“ငါကလှပတဲ့အရာတွေကို သဘောကျတယ်၊ လူတွေမှာလည်း အတူတူပဲ၊ ရုပ်ရည်ချောမောတဲ့သူတွေဆိုရင် အခမဲ့၊ ရုပ်ဆိုးတဲ့သူတွေဆိုရင်တော့ တစ်ရာ”
လူငယ်(၁)က လက်မလျှော့ဘဲ ဆက်လက်ဖိအားပေးလာ၏။
“ငါ့အတွက်ကရော ဘယ်လောက်လဲ”
“နင့်အတွက်က ငါးရာ”
“…..”
‘နင့်မေ...’
သူတို့ခေါင်းဆောင်ဖြစ်သူ အပြောခံလိုက်ရသည်ကို မြင်သောအခါ လူငယ်(၂)သည် အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် အမြန်ရှေ့ထွက်လာသည်။
“ဒါဆိုရင် ဘာလို့လူကျတော့ တစ်ရာ၊ ခွေးကျတော့ နှစ်ရာဖြစ်နေရတာလဲ၊ အဲဒါက တရားမျှတလို့လား၊ လူက ခွေးထက် တန်ဖိုးနည်းနေလို့လား”
ရှဲ့လီသည် ညှပ်လက်စကို သပ်ရပ်အောင်ညှပ်ပေးလိုက်ပြီး အဒေါ်ကြီး၏ဆံပင်များကို သေချာရှင်းလင်းပေးလိုက်သည်
“ခွေးက ချီးစားတတ်တယ်လေ၊ လူကရော ချီးစားနိုင်လို့လား”
လူငယ်(၂)က အရှုံးမပေးချင်ပေ။
“ငါလည်း ချီးစားတတ်တယ်ကွ”
“ဒါဆိုရင် နင့်အတွက်လည်းနှစ်ရာပဲ”
“…..”
ကံမကောင်းလှသော ကလေးငယ်များက တာ့ဟွမ်ကိုဆွဲခေါ်ကာ မျက်ရည်များဖြင့် ထွက်ခွာသွားကြတော့သည်။ အရမ်းကို ဒေါသထွက်စရာကောင်းလွန်းလှ၏။
အပြင်ပန်းတွင် နူးညံ့ပြီး အားနည်းပုံပေါ်သော အမျိုးသမီးတစ်ဦး၏စကားလုံးများအောက်တွင် သူတို့မျက်ရည်ကျလောက်အောင် အလှော်ခံလိုက်ရသည်။ ဤမိန်းမ၏ပါးစပ်က အဆိပ်ရည်စိမ်ထားသကဲ့သို့ပင်။
ချီးစားထားသော တာ့ဟွမ်၏ပါးစပ်ပင် သူမလောက် မရိုင်းစိုင်းပေ။ သူတို့သည် ညနေသုံးနာရီခန့်အထိ ဆံပင်ဆက်ညှပ်ပေးခဲ့ကြသည်။ သုံးနာရီကျော်မှသာ ရှဲ့လီနှင့် လီချယ်တို့အနားရသွားကြ၏။
သူတို့စုဆောင်းရရှိထားသော အသုံးဝင်သည့် သတင်းအချက်အလက်များကို အချင်းချင်းဖလှယ်ကြပြီးနောက် ကျန်းရှောင်ဖန်းအိမ်သို့ ညစာစားရန် သွားရောက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ခိုင်လုံသော သက်သေအထောက်အထားများရမရဆိုသည်မှာ ဤညစာစားပွဲပေါ်တွင် မူတည်နေသည်။
“စောပါသေးတယ်၊ ဒီကျွန်းက စည်သွတ်ငါးသေတ္တာအရမ်းနာမည်ကြီးတယ်လို့ ကြားတယ်၊ ကုန်စုံဆိုင်သွားပြီး နည်းနည်းလောက် ဝယ်ကြမလား”
လီချယ်သည် ဤနေရာမှထုတ်လုပ်သော စည်သွတ်ငါးသေတ္တာကို အရင်က စားဖူး၏။ တစ်စုံတစ်ယောက်မှ သူ့အတွက်ဝယ်လာပေးဖူးပြီး အရသာက အလွန်ကောင်းမွန်လှသည်။
အချိန်စောနေသေးသဖြင့် ရှဲ့လီသည် သူမပစ္စည်းများကို သိမ်းဆည်းကာ လီချယ်နောက်မှလိုက်၍ ကုန်စုံဆိုင်သို့ သွားခဲ့သည်။ ကုန်စုံဆိုင်မှာ မကြီးမားလှပေ။ မြို့ပေါ်ရှိ ကုန်ပစ္စည်းဖြန့်ဖြူးရေး သမဝါယမနှင့် နှိုင်းယှဉ်၍မရသေးချေ။
အတွင်းပိုင်းတွင် အရောင်းစာရေးသုံးဦး ရပ်နေနိုင်သော မှန်ကောင်တာတစ်ခုရှိပြီး အပြင်ဘက်ဧရိယာမှာမူ လူလေးငါးယောက်စာခန့်သာ ဝင်ဆံ့သည်။
ရှဲ့လီသည်လည်း စည်သွတ်ငါးသေတ္တာ အနည်းငယ် ဝယ်ယူခဲ့သည်။ သူတို့ ထွက်ခွာတော့မည့်ဆဲဆဲတွင် ရှဲ့လီသည် ကျန်းချင်းလျန်၏အသံကို ကြားလိုက်ရ၏။
“တပ်မှူး ဒီက စည်သွတ်ငါးသေတ္တာက အရမ်းကောင်းတယ်၊ တပ်မှူးက ဒီလိုစစ်ဆင်ရေးမျိုးမှာ အရင်ကမပါဖူးတော့ မသိဘူး၊ ဒီကိုလာတဲ့သူတိုင်းက ဝယ်သွားကြတာချည်းပဲ၊ မရီးအတွက် နည်းနည်းလောက် ဝယ်မသွားဘူးလား”
ရှဲ့လီသည် လီချယ်ကိုလှမ်းကြည့်လိုက်ပြီး သူမ နားကြားမှားနေခြင်းဖြစ်ကြောင်း ပြောဖို့ပြင်နေချိန်တွင် လီချယ်တစ်ယောက် အတက်ရောဂါရသကဲ့သို့ တဆတ်ဆတ်တုန်ရီလာပြီး မျက်နှာကြွက်သားများ လှုပ်ရှားလာသည်ကို မြင်လိုက်ရသည်
“အားး ရှန်... ရှန်... ရှန်...”
“ရှင် ရူးနေတာလား”
“ရှန်ဟွိုင်နျန်”