အခန်း ၉၃
Vol. 10 Ch. 93
Ch-93
ရှဲ့လီနှင့် လီချယ်တို့မှာရပ်နေသည့်နေရာတွင်ပင် ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြသည်။ သူတို့ အထောက်အထားများ စုဆောင်းပြီးစီးသွားပြီဖြစ်သဖြင့် အိမ်ပြန်ရန်အတွက် ဆိပ်ကမ်းသို့သွားရောက်ကာ လှေစီးရန် ပြင်ဆင်နေကြခြင်းပင်။
သူတို့နှစ်ဦး ပခုံးချင်းဖက်ကာ စိတ်လှုပ်ရှားစွာဖြင့် စကားစမြည်ပြောဆိုနေကြချိန်လည်းဖြစ်သည်။
‘ဒါပေမယ့် ဘာလို့ ရှန်ဟွိုင်နျန်ရဲ့အသံက အနောက်ကနေထွက်လာရတာလဲ'
ရှဲ့လီသည် ခေါင်းမလှည့်ဘဲ မျက်လုံးထောင့်မှ လီချယ်ကိုခိုးကြည့်ကာ တိုးတိုးလေး မေးလိုက်၏။
“နင်လည်း ကြားလိုက်တယ်မလား”
လီချယ့်နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီလာသည်။
“အင်း... အင်း... ဘယ်လိုလုပ်ကြမလဲ”
သူတို့အနောက်ဘက် သိပ်မဝေးသောနေရာတွင် ရှန်ဟွိုင်နျန်နှင့် ကျန်းချင်းလျန်တို့ရပ်နေကြသည်။ ကျန်းချင်းလျန်၏ပါးစပ်မှာ ‘အို’ပုံစံဖြစ်နေလေ၏။
‘ငါ ဘာတွေမြင်နေရတာလဲ’
သူ့မရီးဖြစ်သူက အရပ်ပုပု မျက်နှာဝိုင်းစက်စက်လူတစ်ယောက်နှင့် ပခုံးချင်းဖက်ကာ ရွာလမ်းမထက်တွင် လူမိုက်တစ်ယောက်လို ယိမ်းထိုးလျှောက်လှမ်းရင်း ပျော်ရွှင်စွာ စကားပြောနေသည်ကို မြင်တွေ့လိုက်ရသည်။
သူသည် တံတွေးတစ်ချက်မြိုချလိုက်ပြီး ရှန်ဟွိုင်နျန်ကိုခိုးကြည့်လိုက်သည်။ ရှန်ဟွိုင်နျန်၏မျက်နှာမှာ တည်ငြိမ်နေပြီး မည်သည့်ခံစားချက်ကိုမျှဖတ်ရှု၍ မရချေ။
“ရှောင်လီ”
ရှန်ဟွိုင်နျန်သည် ဒေါသအရိပ်အယောင် အနည်းငယ်မျှပင်မပါဘဲ နူးညံ့စွာထပ်ခေါ်လိုက်ပြန်သည်။
ရှဲ့လီနှင့် လီချယ်တို့မှာ သစ်ပင်များအလားနေရာတွင် အမြစ်တွယ်နေပြီး တစ်ချက်လေးမျှပင် မလှုပ်ရှားရဲကြပေ။ သူတို့မျက်လုံးများသာ ဟိုဟိုဒီဒီ ကစားနေသော်လည်း ခန္ဓာကိုယ်များကိုမူ လုံးဝမလှုပ်ရှားရဲချေ။ အနောက်မှ ခြေသံများထွက်ပေါ်လာသည်။ ရှန်ဟွိုင်နျန်က သူတို့ဆီသို့လျှောက်လာနေ၏။
“ပြေး”
ရှဲ့လီက အသံတိုးတိုးဖြင့်အော်လိုက်ပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။
သူမသည် အရပ်ရှည်ပြီး ခြေတံရှည်သည့်အပြင် ယနေ့တွင်ဖိနပ်အပါးကို စီးထားသဖြင့် လေကဲ့သို့မြန်ဆန်စွာ ပြေးလွှားနိုင်လေသည်။ သူမသည် စာအုပ်ထဲသို့ မကူးပြောင်းလာမီက အပြေးချန်ပီယံတစ်ဦးလည်းဖြစ်ခဲ့ဖူး၏။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက လီချယ်မှာ ထိုမျှလောက် ကံမကောင်းလှပေ။ သူသည် ခြေတံတိုပြီး ဖိနပ်တွင်လည်း ဒေါက်ပါသောကြောင့် အရှိန်နှေးသွားသည်။ သူသည် ဘဲကြီးတစ်ကောင်ကဲ့သို့ပြေးနေရပြီး သူ့ခြေဖဝါးများမှာ မြေကြီးနှင့်ရိုက်ခတ်ကာ ကျယ်လောင်သောအသံများ ထွက်ပေါ်နေသည်။
အလိုအလျောက်ပင် ကျန်းချင်းလျန်နှင့် ရှန်ဟွိုင်နျန်တို့အသိပြန်၀င်လာပြီး လိုက်လံဖမ်းဆီးကြတော့၏။ အကယ်၍ ကိုယ်ကသာမန်အတိုင်း လမ်းလျှောက်နေပြီး ကိုယ့်ဘေးမှလူတစ်ယောက်ကလည်း သာမန်အတိုင်း လမ်းလျှောက်နေမည်ဆိုလျှင် ဘာမှထူးထူးခြားခြားတွေးမည်မဟုတ်ပေ။
သို့သော် ထိုသူက ရုတ်တရက် အပြေးအလွှားထွက်ပြေးသွားမည်ဆိုပါက ကိုယ်လည်း အလိုအလျောက် သူ့နောက်သို့လိုက်မိမည်မှာအမှန်ပင်။
“မရီး မရီး မပြေးပါနဲ့၊ မရီး ထွက်ပြေးသွားရင် ကျွန်တော့်တပ်မှူးကြီး ဘယ်လိုလုပ်ရမလဲ”
ကျန်းချင်းလျန်၏အသဲကွဲမတတ် အော်ဟစ်သံကြီးက တံငါရွာလေးတစ်ရွာလုံးကို ဟိန်းထွက်သွားလေသည်။ သူ၏လူပျိုတပ်မှူးကြီးမှာ နောက်ဆုံးတော့ ဇနီးသည်တစ်ဦးရလာခဲ့ပြီလေ။
‘ဘာမှတောင် မဘာရသေးဘူး၊ သူ့ခေါင်းက စိမ်းနေပြီလား၊ အားလုံးက ငါ့အပြစ်တွေပါပဲ၊ ဘာလို့များ တပ်မှူးကို စည်သွတ်ငါးသေတ္တာလာဝယ်ဖို့ ဒီကို ခေါ်လာခဲ့မိရတာလဲ၊ အခုကြည့် စည်သွတ်ငါးသေတ္တာ ဝယ်ရုံတင်မကဘူး၊ အပိုလက်ဆောင်အနေနဲ့ အစိမ်းရောင်ဦးထုပ်ကြီးပါ ရလိုက်သေးတယ်၊ တကယ့်ကို ထိပ်တန်းကံကြမ္မာပဲ'
ရှဲ့လီသည် နားပိတ်ထားလိုက်ပြီး ယောက်ျားသံကြီးဖြင့် အော်ဟစ်လိုက်သည်။
“ငါက မင်းရဲ့မရီးမဟုတ်ဘူး၊ ငါက သောက်ရူးကွ အားးး ငါကသောက်ရူးလို့”
ရွာသူရွာသားများမှာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှမမြင်ဖူးကြသဖြင့် အားလုံးပြေးထွက်လာကာ ပွဲကြည့်နေကြတော့သည်။ အဒေါ်ကြီး(၁) သည် တံခါးဝတွင်မှီကာ ငါးခြောက်ဝါးရင်း ပြောလိုက်၏။
“ဒါဖောက်ပြန်နေတာကိုမိသွားတာလား၊ အပြင်ပန်းကြည့်ရုံနဲ့တော့ တကယ်မသိနိုင်ဘူးနော်၊ ဟိုကောင်မလေးကိုကြည့်စမ်း၊ ရုပ်ကလည်းချော အရည်အချင်းကလည်း ရှိတာကို ဟိုအာလူးသရဲကောင်ကြီးနဲ့ ဖောက်ပြန်နေတာတဲ့လား”
လီချယ်သည် ထိုအဒေါ်ကြီးနားဖြတ်သွားချိန်တွင် မောဟိုက်နေပြီဖြစ်၏။
သူ ငိုချင်စိတ်ပင်ပေါက်လာသည်။
‘ဘာလို့ အမြဲတမ်း ငါပဲနာကျင်ရတာလဲ'
“အမလေး အမလေး၊ အာလူးသရဲကြီးတော့ အသက်ရှူရပ်တော့မယ်ထင်တယ်”
အဒေါ်ကြီး(၂) က ခေါင်းပြူထွက်လာသည်။
“သူ့နောက်က ဟိုလူနှစ်ယောက်ကို ကြည့်စမ်း၊ အဲဒီပင်လယ်မိစ္ဆာကြီးထက် ပိုမိုက်တယ်မဟုတ်လား၊ ဒီခေတ် လူငယ်တွေကတော့လေ သူတို့အကြိုက်တွေက တကယ့်ကိုထူးဆန်းတာပဲ”
လီချယ်သည် အဒေါ်ကြီး(၂)ကို ဖြတ်ပြေးသွားရင်းမှ အော်ဟစ်လိုက်၏။
“ငါက ပင်လယ်မိစ္ဆာကြီးမဟုတ်ဘူးကွ”
အဒေါ်ကြီး(၂)က အလျော့မပေးပေ။
“ဒါဆို မင်းကပင်လယ်ဘုရင်ကြီးများလား၊ မှန်မရှိရင်တောင် သေးတော့ရှိမှာပေါ့၊ သွားပြီး သေးပန်းကြည့်လိုက်၊ မင်းရုပ်က ဘယ်လိုလဲဆိုတာသိရအောင်”
လီချယ်တစ်ယောက် နှာခေါင်းမှ ပူဖောင်းများ ထွက်လာသည်အထိ ငိုကြွေးတော့သည်။ သူ အဖွဲ့အစည်းအတွက် အရမ်းကိုစွန့်လွှတ်အနစ်နာခံခဲ့ရချေပြီ။
‘ဝူး ဝူး ဝူး’
လီချယ်မှာ ဆက်မပြေးနိုင်တော့ဘဲ ကျန်းချင်းလျန်၏ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ပခုံးပေါ်သို့ကောက်တင်ခံလိုက်ရသည်။ ကျန်းချင်းလျန်သည် လီချယ်ကိုထမ်းကာ တပ်မှူးနောက်သို့ ဆက်လက်ပြေးလွှားလိုက်ပါလေ၏။
ရှန်ဟွိုင်နျန်သည် သူမအနောက်သို့တကောက်ကောက် လိုက်ပါလာသည်ကို ရှဲ့လီ မြင်တွေ့နေရသည်။ ထိုအမျိုးသား၏ခြေတံရှည်ကြီးများက အလွန်ပင် အသုံးဝင်လှသည်။ သူမကို ဖမ်းမိလုနီးပါး အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး သူမသာ လမ်းဖြောင့်အတိုင်းသွားနေလျှင် ဖမ်းမိပြီမှာကြာမြင့်နေချေပြီ။
ရှေ့တွင် လူတစ်ယောက်စာသာ ဝင်ဆံ့သော လမ်းဆုံလေးတစ်ခုရှိသည်။ ထိုလမ်းဆုံဘေးတွင် တံငါရွာလေး၏အမည်ကို ထွင်းထုထားသော ဧရာမကျောက်တုံးကြီးတစ်တုံးရှိ၏။
ကျန်းချင်းလျန်သည် စိတ်ဓာတ်ကျကာ ခေါင်းမူးနေသော လီချယ်ကိုထမ်းရင်း လိုက်ပြေးလာခဲ့သည်။ သူ အန်ချင်စိတ်ပင် ပေါက်လာသည်။ ရှန်ဟွိုင်နျန် ရုတ်တရက် ရပ်လိုက်၏။
ကျန်းချင်းလျန်လည်း အလန့်တကြား ရပ်လိုက်လေသည်။ သူတို့ရှေ့တွင် တောင်များကိုပင်ရွှေ့နိုင်သော ခွန်အားများဖြင့် ‘လင်တိုင်ယွီ ငိုကြွေးနေသော မိုးမခပင်ကို ဆွဲနုတ်နေသကဲ့သို့' ရှဲ့လီကို မြင်တွေ့လိုက်ရသည်။
သူမသည် ရွာထိပ်ရှိဧရာမကျောက်တုံးကြီးကို လက်ဗလာဖြင့် ပင့်မလိုက်လေ၏။