အခန်း ၉၄
Vol. 10 Ch. 94
Ch-94
တစ်ချိန်တည်းမှာပင် ကျန်းချင်းလျန် ရုတ်တရက်ထိုးရပ်လိုက်သဖြင့် လီချယ်၏ အစာအိမ်တံခါးပွင့်ထွက်သွားတော့သည်။ မူးဝေအော့အန်ချင်စိတ်များ အရှိန်အဟုန်ပြင်းပြင်းဖြင့် တက်လာ၏။
“ဝေါ့ အွတ် ဝေါ့ အွတ် ဝေါ့”
သူ အန်ချလိုက်သည်။ ကျန်းချင်းလျန်၏ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် အန်ချလိုက်ခြင်းဖြစ်သည်။ ကျန်းရှောင်ဖန်းမှာ ဧည့်ဝတ်ကျေပွန်သူပီပီ ယနေ့ညစာအတွက် သူမအမြတ်တနိုး သိမ်းဆည်းထားသော ဂျုံမှုန့်ဖြူဖြူလေးများဖြင့် လီချယ်နှင့် ရှဲ့လီတို့အတွက် ခေါက်ဆွဲချက်ကျွေးခဲ့၏။
ယခုမူ ထိုခေါက်ဆွဲဖတ်များဖြင့်ပြည့်နှက်နေသော ဦးခေါင်းနှင့်အတူ ကျန်းချင်းလျန်တစ်ယောက် ထိတ်လန့်ဆွံ့အကာ ကြမ်းပြင်ပေါ်သို့ပုံကျသွားလေတော့သည်။
*ဘိုင်း*
ရှဲ့လီသည် သူမနောက်မှလိုက်လာသူများ၏လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် ထိုဧရာမကျောက်တုံးကြီးကို လမ်းဆုံတွင်ချထားလိုက်သည်။
“ဘုရားရေ ငါ အမြင်မှားနေတာလား၊ ဟိုကောင်မလေးက ဧရာမကျောက်တုံးကြီးကို လက်ဗလာနဲ့ မသွားတာလား”
“ငါ အရမ်းပင်ပန်းနေလို့ ထင်ယောင်ထင်မှားဖြစ်နေတာနေမှာပါ၊ အိမ်မြန်မြန်ပြန်ပြီး အိပ်တော့မယ်”
ကျန်းချင်းလျန်သည် အံတင်းတင်းကြိတ်လိုက်ပြီး သူ့ခေါင်းပေါ်မှအချဉ်နံ့ တထောင်းထောင်းထနေသော ခေါက်ဆွဲဖတ်များကို ခါချလိုက်ကာ ဆက်လက်လိုက်လံဖမ်းဆီးရန်ပြင်လိုက်သည်။ သူ့တပ်မှူး၏ပျော်ရွှင်မှုအတွက် သူ အစွမ်းကုန်ကြိုးစားရမည် မဟုတ်ပါလား။
“ရပ်လိုက်တော့၊ သူ့နောက်ဆက်မလိုက်နဲ့တော့”
ရှန်ဟွိုင်နျန်၏အသံထွက်ပေါ်လာသဖြင့် ကျန်းချင်းလျန်၏ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ ရှန်ဟွိုင်နျန်ကို လှည့်ကြည့်လိုက်သောအခါ တပ်မှူးဖြစ်သူမျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသားပေါ်လွင်နေပြီး တိုးညှင်းစွာ ဆိုလာ၏။
“ငါတို့တွေ ရှောင်လီကိုလန့်သွားအောင် လုပ်မိပြီထင်တယ်”
ကျန်းချင်းလျန်၏မျက်နှာပေါ်တွင် နားမလည်နိုင်မှုများပြည့်နှက်သွားသည်။
“……”
‘ဧရာမကျောက်တုံးကြီးကို လက်ဗလာနဲ့ မ,တင်နိုင်တဲ့ မရီးကိုလန့်အောင်လုပ်မိတယ်တဲ့လား၊ တပ်မှူးတော့ နောက်နေတာပဲဖြစ်ရမယ်’
ရှဲ့လီသည် နောက်သို့တစ်ချက်မျှလှည့်မကြည့်ဘဲ အဝေးသို့ပြေးထွက်သွားလေပြီ။ ရှန်ဟွိုင်နျန်သည် တဖြည်းဖြည်း ဝေးကွာသွားသော သူမကျောပြင်လေးကို အတန်ကြာ ငေးကြည့်နေပြီးနောက် နောက်ဆုံးတွင် အမိန့်ပေးလိုက်သည်။
“ချင်းလျန်၊ ဆိပ်ကမ်းကိုသွားပြီး သူမ လုံလုံခြုံခြုံ လှေပေါ်တက်သွားတဲ့အထိ စောင့်ကြည့်ပြီးမှပြန်ခဲ့၊ သူမ မမြင်အောင် သေချာပုန်းနေဦး”
ကျန်းချင်းလျန်တစ်ယောက် ငိုချင်စိတ်ပင် ပေါက်လာသည်။ သူ့တပ်မှူးခမျာ အရမ်းကို ဒုက္ခရောက်နေရှာသည် မဟုတ်ပါလား။
*ဖုန်း*
ကျန်းချင်းလျန်သည် လီချယ်ကို မြေပြင်ပေါ်သို့ပစ်ချခဲ့ပြီး ထွက်ခွာသွားတော့သည်။ လီချယ်သည် မျက်လုံးမှိတ်ကာ သေချင်ယောင်ဆောင်နေလိုက်၏။
‘ငါ့ကို မမြင်ပါစေနဲ့၊ ငါ့ကို မမြင်ပါစေနဲ့၊ ငါ့ကို မမြင်ပါစေနဲ့'
“ခေါင်းဆောင်လီ”
ထိုအသံကြီးမှာ သူ့အသက်ကိုလာနှုတ်သည့် အငြိုးကြီးတစ္ဆေတစ်ကောင်၏ အသံကဲ့သို့ပင်။ လီချယ်တစ်ယောက် လန့်နိုးသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှန်ဟွိုင်နျန်၏ရေခဲတမျှ အေးစက်လှသော အကြည့်များနှင့် တည့်တည့်ကြီးဆုံတွေ့သွားလေသည်။
လီချယ်သည် အခြေအနေကိုဖုံးကွယ်ရန်ကြိုးစားရင်း ဟန်လုပ်ရယ်မောလိုက်သည်။
“အားဟားဟား တပ်မှူးရှန် တကယ့်ကို တိုက်ဆိုင်တာပဲ ဟားဟားဟား”
ရှန်ဟွိုင်နျန်က သူ့ကိုစိုက်ကြည့်နေ၏။
“တိုက်ဆိုင်တာ မဟုတ်ဘူး၊ မင်း ငါ့မိန်းမကို ဒီနေရာဆီလှည့်စားခေါ်လာတာ၊ မင်းနဲ့ ငါစာရင်းမရှင်းရသေးဘူး”
လီချယ့်မျက်လုံးများ ပြူးကျယ်သွားသည်။
“……”
“မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ဒါက အထင်လွဲတာပါ”
ရှန်ဟွိုင်နျန် သူ့အင်္ကျီလက်များကို ခေါက်တင်လိုက်သည်။ သူ့လှုပ်ရှားမှုများမှာ ကျက်သရေရှိလှပြီး စစ်သားတစ်ဦးနှင့် လုံးဝမတူဘဲ အရင်းရှင်မိသားစုတစ်ခုမှ အလိုလိုက်ခံထားရသော သခင်လေးတစ်ဦးနှင့် ပိုတူနေ၏။ ဖော်ပြ၍မရနိုင်လောက်အောင်ပင် မွန်မြတ်မြင့်မားသော အသွင်အပြင်ရှိနေသည်။
ထိုမြေခွေးမျက်လုံးများက သူ့ထံသို့ ကြည့်လာသောအခါ လီချယ့်ခန္ဓာကိုယ်ပေါ်ရှိအမွှေးများအားလုံး ထောင်ထသွားလေ၏။
“ရှောင်လီက အပြစ်ကင်းစင်ပြီး ကစားရတာကို သဘောကျတယ်၊ သူမကို လှည့်စားခေါ်လာပြီး မင်းဘာလုပ်ဖို့ စီစဉ်နေတာလဲ၊ သူမက ဒီနေရာနဲ့မရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်ပဲလေ၊ မင်း ဘယ်လိုယုတ်မာတဲ့ အကြံအစည်တွေ ကြံစည်နေတာလဲ”
လီချယ်သည် သူ့ခေါင်းသူကုတ်လိုက်မိသည်။
‘သူပြောနေတာ ရှဲ့လီအကြောင်း ဟုတ်ရဲ့လား၊ ငါတို့သိထားတဲ့ ရှဲ့လီက တစ်ယောက်တည်းရော ဟုတ်ရဲ့လား၊ ရှဲ့လီကအပြစ်ကင်းစင်တယ်တဲ့လား။ သူမက အကြံအစည်တွေနဲ့ပြည့်နှက်နေတဲ့ မြေခွေးမလေးတစ်ကောင်လေ၊ ဒီနေရာနဲ့မရင်းနှီးတာကို သူမကဘာလို့ကြောက်ရမှာလဲ၊ ဒီကလူတွေသာ သူမကို ကြောက်ရမှာ မဟုတ်ဘူးလား၊ ခုနက ဧရာမကျောက်တုံးကြီးကို လက်ဗလာနဲ့ မသွားတာ ဘယ်သူလဲ'
ရှန်ဟွိုင်နျန်သည် ယဉ်ကျေးစွာဖြင့် လက်တစ်ဖက်ကမ်းပေးလိုက်ပြီး ဖိတ်ခေါ်သည့်ဟန်လုပ်ပြလိုက်၏။
လီချယ် : “……”
“မင်းသာ ယောက်ျားစစ်စစ်ဆိုရင် ယောက်ျားအချင်းချင်း ယှဉ်တိုက်ကြရအောင်”
လီချယ် : “..…”
ရှန်ဟွိုင်နျန်က သူ့ကို ‘ဟယ်လို၊ ကျေးဇူးပြုပြီး လာအသေခံလိုက်ပါ’ဟု အေးစက်စက်ပြောနေသည့်အလား ခံစားလိုက်ရ၏။ လီချယ်သည် အံတင်းတင်းကြိတ်လိုက်ပြီး ဦးစွာစတင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
‘ငါလည်း လေ့ကျင့်ထားရတာပဲ၊ ဘယ်သူ့ကို ကြောက်ရမှာလဲ’
သူသည် တိုက်ခိုက်နေစဉ်မှာပင် အော်ဟစ်ရှင်းပြနေ၏။
“အာ မဟုတ်ဘူး မဟုတ်ဘူးလို့ မဟုတ်ပါဘူး တပ်ရင်းမှူးရှန်ရယ်၊ ဒါအထင်လွဲတာပါ အား အား အား အိုး ဝူး အား”
ရှင်းပြချက်များမှာ စူးရှရှအော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။ ရှန်ဟွိုင်နျန်၏လက်သီးတစ်ချက်အောက်တွင် လီချယ်တစ်ယောက် မနေ့ညမှစားထားသော အစားအစာများပင် ပြန်အန်ထွက်လာတော့မကဲ့သို့ ခံစားလိုက်ရသည်။
“တပ်ရင်းမှူးရှန် ကျွန်တော်ပြောတာကို နားထောင်ပါဦး အား အား အား အား အိုး ဝူး”
လီချယ် စကားမဆုံးမီမှာပင် နောက်ထပ်လက်သီးတစ်ချက် ပျံဝဲလာပြန်၏။ ရှန်ဟွိုင်နျန်သည် သူ့ကိုစိုက်ကြည့်ကာ အေးစက်စက်ပြောလာလေသည်။
“ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက ငါ မင်းကို သတိပေးထားပြီးသား၊ ရှောင်လီ့အနားကိုထပ်ကပ်ရင် ဘာအကျိုးဆက်တွေဖြစ်လာမလဲဆိုတာ မင်း ကောင်းကောင်းသိပြီးသားပဲ၊ မင်း သူမကိုလိုက်တယ်၊ သူမကငြင်းတယ်၊ ဒါတောင် မင်းက သူမကိုနှောင့်ယှက်နေတုန်းပဲလား”
လီချယ် အလွန်တရာထိတ်လန့်သွားတော့၏။
“ခင်ဗျားက အကြောင်းပြချက်နဲ့ ယုတ္တိရောရှိရဲ့လား၊ ကျွန်တော်က ခင်ဗျားမိန်းမကိုလိုက်နေတယ်ဆိုရင်တောင် အခုလို အတူတူအပြင်ထွက်လာဖို့ဆိုတာ နှစ်ယောက်လုံး သဘောတူမှရမှာမဟုတ်ဘူးလား၊ သူမအခြေအနေနဲ့များ ခင်ဗျားမိန်းမကို တစ်ခုခုလုပ်ဖို့ ကျွန်တော်က အတင်းအကြပ်ခိုင်းစေနိုင်မှာတဲ့လား၊ အခုကျ အမှားအားလုံးက တခြားသူတွေရဲ့အမှားချည်းပဲ၊ ခင်ဗျားမိန်းမကတော့ အပြစ်ကင်းစင်နေတာပေါ့လေ ဝူး ဝူး ဝူး”
လီချယ်တစ်ယောက်မျက်ရည်ပေါက်ပေါက်ကျသည်အထိ အရိုက်ခံလိုက်ရသည်။ ရှန်ဟွိုင်နျန်သည် နှပ်ချေးတရွှဲရွှဲဖြင့် ငိုကြွေးနေသော လီချယ်ကို ရွံရှာဖွယ်အကြည့်ဖြင့် ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
“သေချာတာပေါ့”
သူ့ဇနီးက သေချာပေါက်အပြစ်ကင်းစင်သည်။ အမှားတိုင်းက ထိုလူယုတ်မာကောင်၏အမှားများသာ။
ထိုလူယုတ်မာက သူ့ဇနီးကိုတပ်မက်နေခဲ့ခြင်းဖြစ်သည်။ သူ့ဇနီးက အပြစ်ကင်းစင်၏။ လီချယ် နှုတ်ဆိတ်သွားသည်။ ရှန်ဟွိုင်နျန်မှာ ကိုယ့်လူကိုကာကွယ်ပေးတတ်မှန်း သူသိသော်လည်း၊ ဤမျှလောက်အထိ ကာကွယ်ပေးတတ်လိမ့်မည်ဟု သူလုံးဝမထင်မှတ်ထားခဲ့ပေ။
“လီချယ် ဒီနေ့ မင်းဒီလက်သီးနှစ်ချက် အထိုးခံရတာ တန်ပါတယ်၊ ရှောင်လီကို မင်း ထပ်နှောင့်ယှက်နေတာ ငါမမြင်စေနဲ့”
ထို့နောက် ရှန်ဟွိုင်နျန်ထွက်ခွာသွားလေသည်။ လီချယ်သည် မြေပြင်ပေါ်တွင် ထိုင်ကာ ညတစ်ဝက်ခန့် ငိုကြွေးနေခဲ့သည်။ ရှဲ့လီကတော့ အပြန်လှေပေါ်သို့ တက်သွားသည်မှာ ကြာလှပြီဖြစ်၏။