အခန်း ၉၅
Vol. 10 Ch. 95
Ch-95
ဤစာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို တင်ပြပြီးနောက် ကျန်းရှောင်ယန်ကို လျှို့ဝှက်ဖမ်းဆီးခဲ့ပြီး သူမခင်ပွန်းလျူကော်ကျန်းကိုလည်း စုံစမ်းစစ်ဆေးမှုမပြီးမချင်း ရာထူးမှဆိုင်းငံ့ထားလိုက်သည်။
ကျန်းရှောင်ယန်သည် ရန်သူ့သူလျှိုတစ်ဦးဖြစ်ပြီး ဒါလီယာနှင့် ခွေးမြီးကောက်တို့၏အထက်အရာရှိ ကျောက်ပုစွန်ဖြစ်ကာ နှစ်ပေါင်းများစွာရုပ်ဖျက်ပုန်းအောင်းနေခဲ့သူဖြစ်သည်။
လျူကော်ကျန်းနှင့် စေ့စပ်ထားသော တကယ့်ကျန်းရှောင်ယန်အစစ်ကိုလည်း သူတို့ရှာဖွေတွေ့ရှိခဲ့၏။ ကျောက်ပုစွန်နှင့် ကျန်းရှောင်ယန်မှာ ရုပ်ဆင်းသွင်ပြင် ကိုးဆယ်ရာခိုင်နှုန်းခန့်တူညီနေသောကြောင့် သူတို့သည် ကျန်းရှောင်ယန်ကိုလုပ်ကြံသတ်ဖြတ်ခဲ့ပြီး သူမ ပျောက်ဆုံးသွားသယောင် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ကြသည်။
ထို့နောက် ကျောက်ပုစွန်ကို သီလရှင်ကျောင်းတွင် သုံးနှစ်ကြာနေထိုင်ခိုင်းရန် စီစဉ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ယခင်က မည်သည့်ပြဿနာမျှမတွေ့ခဲ့ရခြင်းပင်။ ကျောက်ပုစွန်သည် တကယ်ပင် သီလရှင်ကျောင်းတွင် သုံးနှစ်ကြာ နေထိုင်ခဲ့သည်မဟုတ်ပါလား။
နောက်ပိုင်းတွင် ကျန်းမိသားစုမှ ကျောက်ပုစွန်ကိုရှာတွေ့နိုင်ရန် သူတို့ကသတင်းများကို တမင်တကာပေါက်ကြားစေခဲ့သည်။ သို့သော် ကျန်းမိသားစု၏ဖခင်ဖြစ်သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရိပ်မိသွားသောအခါ ကျောက်ပုစွန်က သူသာပါးစပ်ဟရဲပါက မိသားစုတစ်ခုလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သူသည် ဤလျှို့ဝှက်ချက်ကြီးကို နှစ်ပေါင်းများစွာ ကျိတ်မှိတ်သယ်ဆောင်သွားခဲ့ပြီး မည်သူကမျှ ကျန်းရှောင်ယန် မည်သူမည်ဝါဖြစ်ကြောင်းကို မေးခွန်းထုတ်ခွင့်မပြုခဲ့ပေ။
နှစ်ပေါင်းများစွာ အစီအစဉ်ချပြီးနောက် ကျောက်ပုစွန်သည် နောက်ဆုံးတွင် စစ်တပ်ဝင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူမသည် ထောက်လှမ်းရေးသတင်း အမြောက်အမြားကို စုဆောင်းနိုင်ခဲ့သော်လည်း ယခုမူဖမ်းဆီးခံလိုက်ရလေပြီ။
စစ်ကြောရေးအခန်း
“ငါ့ကိုသတ်ချင်သတ် နှိပ်စက်ချင် နှိပ်စက် ငါ ဂရုမစိုက်ဘူး၊ နင်တို့ဟွာကောရဲ့ စကားပုံတစ်ခုကိုသုံးရရင် ‘ခေါင်းဖြတ်ခံရတာက ပန်းကန်လုံးအရွယ် အမာရွတ်တစ်ခုပဲ၊ ဆယ့်ရှစ်နှစ်ကြာရင် ဒီအဘွားကြီးက သူရဲကောင်း ပြန်ဖြစ်လာဦးမှာပဲ’ ဟဲ့”
ကျောက်ပုစွန်သည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ရဲတင်းနေရာ စစ်ကြောရေးအရာရှိများကို ခေါင်းကိုက်စေခဲ့သည်။
ထိုအချိန်တွင် ရှဲ့လီရောက်ရှိလာ၏။ သူမသည် အထက်လူကြီးထံမှ ခွင့်ပြုချက်တောင်းခံထားပြီး ဖြစ်သည်။ ရှဲ့လီ စစ်ကြောရေးအခန်းသို့ ရောက်ရှိချိန်တွင် ကျောက်ပုစွန်က အော်ဟစ်နေဆဲပင်။
“ငါက ဘယ်သူ့ကိုမှမကြောက်ဘူး၊ ငါ့ကိုရိပ်မိတာ ဘယ်သူလဲ”
“ဟီးဟီး အဲ့ဒါငါလေ”
ရှဲ့လီသည် အခန်းတွင်းသို့ခေါင်းပြူဝင်လာသည်။
‘ကျောက်ပုစွန်’ နှုတ်ဆိတ်သွား၏။
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
သူမ မည်မျှပင်တွက်ချက်ထားပါစေ။ ဤမျှနူးညံ့သိမ်မွေ့လွန်းသော ရှဲ့လီဖြစ်နေလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။
“မိန်းမယုတ် ငါ့ကို နင် ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ”
ကျောက်ပုစွန်မှာ လုံးဝလက်မခံနိုင်အောင်ဖြစ်နေသည်။ သူမသည် နှစ်ပေါင်းများစွာ လျှို့ဝှက်နေထိုင်လာခဲ့သော်လည်း ယခုကဲ့သို့ အကြောင်းပြချက်မရှိ လွယ်လွယ်ကူကူဖမ်းဆီးခံလိုက်ရလေ၏။
“နင်က အရမ်းအလောကြီးလွန်းသွားတယ်”
ရှဲ့လီသည် စစ်ကြောရေးအခန်းအတွင်းသို့ဝင်လာပြီး ရှင်းပြလိုက်သည်။
“နင်က အခွင့်အရေးအရယူပြီး ငါ့ကိုရန်သူ့သူလျှိုပါဆိုပြီး အသံကျယ်ကျယ်နဲ့ မဟုတ်မမှန်စွပ်စွဲခဲ့တယ်၊ ပြီးတော့ တခြားစစ်သားမိန်းမတွေကိုလည်း ငါနဲ့ဝေးဝေးနေဖို့ ဆွဲဆောင်ခဲ့တယ်၊ အဲဒါက ငါ့ကိုလက်ညှိုးထိုးပြပြီး နင်ထွက်ပြေးဖို့အတွက် အချိန်ဆွဲတာပဲ၊ ဘာလို့လဲဆိုတော့ နင်ကပေါ်ခါနီးနေပြီဆိုတာ သိနေလို့လေ၊ အဲဒါနဲ့ နင်အလုပ်ရှုပ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရေကို နောက်ကျိသွားအောင် ငါလုပ်လိုက်တာ၊ ပြီးတော့မှ နင့်ရဲ့နောက်ခံကို စုံစမ်းလိုက်တာပဲ”
ကျောက်ပုစွန်သည် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရှဲ့လီအားအငြိုးတကြီး စိုက်ကြည့်လိုက်သည်။
“နင် လုပ်ချင်တာလုပ်၊ ငါ တစ်ခွန်းမှမဟဘူး”
သူမသည် နှိပ်စက်ညှဉ်းပန်းခံရမည်ကို မကြောက်ပေ။ သူမခံနိုင်ရည်ရှိ၏။ ရှဲ့လီသည် ပြန်လှည့်ကာ လူတစ်ယောက်ကိုခေါ်လိုက်ပြီး စတင်ညွှန်ကြားတော့သည်။
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ၊ သူမ လက်မောင်းတွေကို မြှောက်လိုက်၊ ပြီးတော့ ဖြန့်ထားခိုင်းလိုက်”
ကျောက်ပုစွန်မျက်မှောင်ကြုတ်သွားသည်။
‘သူမ ဘာလုပ်မလို့လဲ၊ ဟင်းဟင်း မိုက်မဲတဲ့မိန်းမ၊ ဒီအတွက် လူရွေးကတည်းက ငါကနှိပ်စက်ညှဉ်းပန်းမှုနဲ့ စမ်းသပ်မှုတွေကို အောင်မြင်ပြီးသားလေ’
ကျောက်ပုစွန်သည် မထီမဲ့မြင်ပြုသော အကြည့်ဖြင့်ကြည့်ကာ အေးစက်စက် ဆိုလိုက်၏။
“ငါ နင့်ကိုပြောလိုက်မယ် ငါလုံးဝ... ဟားဟားဟားဟား အား ဟားဟားဟားဟား အား ဟားဟားဟား”
ရှဲ့လီသည် လက်နှစ်ဖက်ဖြင့် ကျောက်ပုစွန်၏ချိုင်းများကို အားပါးတရ ကလိထိုးတော့သည်။
“ဟားဟားဟားဟား မိန်းမယုတ် နင့်မေကြီးတော်ကိုပဲ သွားလုပ် ဟားဟားဟားဟားဟား မိန်းမယုတ်”
စစ်ကြောရေးအခန်းတစ်ခုလုံးတွင် ရယ်မောသံများဖြင့် ပြည့်နှက်သွားလေသည်။ နှစ်နာရီကြာပြီးနောက်တွင် ကျောက်ပုစွန် ဝန်ခံသွားလေပြီ။
သူတို့တွင် မြေကျွဲဟုလျှို့ဝှက်အမည်ပေးထားသော အထက်အရာရှိနောက်တစ်ဦးရှိသေးသည်။ ထိုသူသည် လျောင်းနင်ပြည်နယ်တွင် ပုန်းအောင်းနေသော်လည်း တိကျသောတည်နေရာ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ သူမဘာတစ်ခုမျှမသိချေ။
နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ခေါင်းဆောင်များသည် ရှဲ့လီနှင့် လီချယ်တို့အား ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ ထို့နောက် လေးနက်တည်ကြည်သောအသံဖြင့် ပြောကြားလာ၏။
“မင်းတို့နှစ်ယောက် ဒီစစ်ဆင်ရေးမှာ တာ၀န်ကျေပွန်ခဲ့တယ်၊ ဒါပေမယ့် ရဲဘော်ရှဲ့လီ မင်းရဲ့ဂုဏ်ပြုမှတ်တမ်းလွှာကိုတော့ ငါတို့ယာယီသိမ်းထားပေးမယ်၊ မင်းက လက်ရှိမှာထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး ပေါက်ကြားသွားလို့ မဖြစ်ဘူးလေ”
ရှဲ့လီ ခေါင်းညိတ်သဘောတူလိုက်သည်။ ဤစာအုပ်ထဲသို့ မကူးပြောင်းလာမီက သူမသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။
ဝန်ကြီးဌာနရှိလူတိုင်းက သူမ၏လျှို့ဝှက်အမည်ကိုသာ သိကြပြီး သူမ မည်သူဖြစ်ကြောင်း၊ ယောက်ျားလား မိန်းမလားဆိုသည်ကိုပင် မသိကြချေ။
သူမသည် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသောဂုဏ်ပြုဆုများကိုရရှိခဲ့သော်လည်း မည်သည့်အရာကိုမျှ လူသိရှင်ကြားထုတ်ပြန်ခွင့်မရှိခဲ့ပေ။
သို့သော်လည်း ရဲဘော်များ ထောင်ပေါင်းများစွာရှိနေပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ဆက်လက်ချီတက်နေကြသည်။
သူတို့တွင် နာမည်များမရှိ၊ ဓာတ်ပုံများ မရှိ၊ တံဆိပ်များလည်း မရှိကြချေ။ သူတို့သည် အထင်လွဲခံရမှုများနှင့် နာမည်ဆိုးများကိုပင် ကျိတ်မှိတ်ခံစားခဲ့ကြရသည်။ နိုင်ငံတော်အနာဂတ်နှင့် ပြည်သူများ၏ လုံခြုံရေးအတွက်ဟူသော တူညီသည့် ရည်မှန်းချက်တစ်ခုတည်းအတွက် သူတို့အားလုံး အစွမ်းကုန်ကြိုးပမ်းအားထုတ်နေကြခြင်းဖြစ်သည်။
သူတို့၏ထူးချွန်ပြောင်မြောက်သော စွမ်းရည်များကို ဖုံးကွယ်ထားကြပြီး လမ်းဘေးဈေးသည်များနှင့် သာမန်နိုင်ငံသားများအဖြစ် ရုပ်ဖျက်နေထိုင်ကြ၏။
သူတို့သည် တာဝန်တစ်ခုတည်း၊ ယုံကြည်ချက်တစ်ခုတည်းအတွက် နေရာအသီးသီးတွင် လှုပ်ရှားလျက်ရှိသည်။ သူမ မည်သူမည်ဝါဖြစ်ကြောင်းကိုမပေါက်ကြားစေဖို့ရာ ဂရုစိုက်ရန်နှင့် အထက်အရာရှိ၏အမိန့်ကို စောင့်ဆိုင်းရန် အထက်လူကြီးများက ရှဲ့လီအား ညွှန်ကြားခဲ့သည်။ ထို့နောက် ရှဲ့လီအိမ်သို့ ပြန်လာခဲ့၏။
*ကျွီ*
သူမ တံခါးကိုဆွဲဖွင့်လိုက်သည်။ ဧည့်ခန်းရှိကုလားထိုင်ပေါ်တွင် ရှန်ဟွိုင်နျန်သည် ကျောကိုမတ်မတ်ထားကာ ထိုင်နေလေသည်။ သူသည်ထွက်သွားစဉ်ကထက် များစွာပိန်ချုံးနွမ်းနယ်နေပုံရပြီး သူ့မေးစေ့မှာ မည်းနက်နေကာ မုတ်ဆိတ်မွေးများပင် ပေါက်နေလေပြီ။
ရှဲ့လီတစ်ယောက် လန့်ဖြန့်သွားတော့သည်။ သူမမှာစစ်ဆင်ရေး အောင်မြင်မှုများကြားတွင် နစ်မြောနေခဲ့သောကြောင့် ဤကိစ္စကို ရှန်ဟွိုင်နျန်အား မည်သို့ရှင်းပြရမည်နည်းဆိုသည်ကိုပင် မေ့လျော့နေခဲ့လေ၏။