← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

Ch-97

တကယ်တော့ သူသည် ရှန်ဟွိုင်နျန်ကို သတင်းလာပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ‘အသက်တစ်နှစ်မှာ ခိုးတယ်၊ နှစ်နှစ်မှာ လုတယ်၊ သုံးနှစ်မှာ ချီးစားပြီး ဂုဏ်ထူးဆောင်စာရင်းဝင်ခဲ့တယ်’ ဆိုသည့် ယဲ့ရှုဟွာက ထပ်ပြီး လုယက်ဖို့ရောက်လာခဲ့သည်။ သူမက ခုနလေးတင် စည်သွတ်ငါးသေတ္တာနှစ်ဗူးကို လုယူသွားခဲ့၏။

သို့သော် သူမက စစ်ဘက်ဆိုင်ရာ ဆရာဝန်ဖြစ်ပြီး သူ့ဒဏ်ရာများကိုကုသပေးခဲ့ဖူးသောကြောင့် စည်သွတ်ငါးသေတ္တာနှစ်ဗူးလေးဖြင့် ပြဿနာမရှာချင်ရာ လွှတ်ထားပေးလိုက်လေသည်။

အိမ်ထဲတွင်မူ ရှန်ဟွိုင်နျန်သည် စည်သွတ်ငါးသေတ္တာတစ်ဗူးအားဖွင့်ကာ တူတစ်စုံယူ၍ ရှဲ့လီအတွက် ငါးတစ်ဖတ်ကို ခပ်ပေးလိုက်သည်။

ရှဲ့လီသည် ငါးကို အနည်းငယ်မျှသာ ကိုက်စားလိုက်၏။ ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။

‘အဲဒီနေ့ကထွက်ပြေးသွားတာ ငါဆိုတာကို ရှန်ဟွိုင်နျန် သိနေမှတော့ ငါဧရာမကျောက်တုံးကြီးကို လက်ဗလာနဲ့ မ,တင်လိုက်တာကိုရော သူမြင်သွားခဲ့မှာပဲ မဟုတ်လား'

“အဟွတ် အဟွတ်”

ရှဲ့လီတစ်ယောက် ချောင်းဆိုးလိုက်မိသည်။

‘ဘယ်လိုလုပ်ရမလဲ၊ ငါက အမျိုးသမီး သူရဲကောင်းကြီးမဖြစ်ချင်ဘူး၊ ခင်ပွန်းဖြစ်သူရှေ့မှာ ချွဲနွဲ့တတ်တဲ့ဇနီးသည်လေးတစ်ယောက်ပဲ ဖြစ်ချင်တာ၊ ဒါက သရုပ်ဆောင်တာနဲ့ တူတူပဲလေ၊ ငါက နေ့စဉ်ဘဝမှာ အမျိုးသမီးသူရဲကောင်းကြီးနေရာကနေ အများကြီး သရုပ်ဆောင်ခဲ့ရပြီးပြီ၊ အိမ်ပြန်ရောက်တဲ့အခါမှာတော့ နူးညံ့သိမ်မွေ့တဲ့ဇနီးသည်လေးနေရာကနေပဲ သရုပ်ဆောင်ချင်တော့တယ်'

“ဟိုလေ အားနျန် ရှင်လည်းသိတဲ့အတိုင်း ကျွန်မကအားနည်းပြီး နူးညံ့သိမ်မွေ့တယ်လေ၊ အဲဒီနေ့က ဟို....ဟို ကျောက်တုံးကြီးကလေ...”

ရှဲ့လီ၏ဦးနှောက်များ အပြင်းအထန် အလုပ်လုပ်နေပြီး မည်သို့အဓိပ္ပါယ်မရှိသည့်စကားများပြောကာ လှည့်စားရမလဲဆိုသည်ကို စဉ်းစားနေတော့၏။

ရှန်ဟွိုင်နျန်သည် လက်မြှောက်ကာ သူမကျောကို အသာပုတ်ပေးရင်း နူးညံ့စွာ ဆိုလေသည်။

“ဘာကျောက်တုံးလဲ၊ မင်းနောက်ကို ကိုယ်လိုက်လာတုန်းက လမ်းတစ်ဝက်မှာတင် မင်းကိုမျက်ခြည်ပြတ်သွားတာလေ၊ ကျောက်တုံးဆိုတာ ကိုယ် လုံးဝမမြင်လိုက်ရပါဘူး”

ရှဲ့လီသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရယ်မောလိုက်၏။

“ဟားဟားဟား ရှင်မမြင်လိုက်တာ တော်သေးတာပေါ့ တော်သေးတာပေါ့”

ထို့နောက် သူမသည် ရှန်ဟွိုင်နျန် ရင်ခွင်ထဲသို့ ပြန်လည်မှီတွယ်ကာ ထပ်မံချွဲနွဲ့ပြန်သည်။

“အားနျန် ကျွန်မတို့လျှောက်ထားတဲ့ မိသားစုအိမ်ရာက အတည်ပြုချက်ကျလာပြီဆို၊ အဲဒီအိမ်လေးကို သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ကြရအောင်လေ”

ရှန်ဟွိုင်နျန်သည် သူ့ရင်ခွင်ထဲတွင် ကလေးလေးတစ်ယောက်လို ကပ်ချွဲနေသော ရှဲ့လီအားငုံ့ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။

သူ့နှလုံးသားများ အရူးအမူးခုန်ပေါက်နေသည်။ နှလုံးခုန်နှုန်းများ လုံးဝ ထိန်းချုပ်၍မရအောင် ဖြစ်နေချေပြီ။

သူ့ဇနီးသည်က အရမ်းကိုအံ့သြစရာကောင်းလှသည်။ သူမသည် ဧရာမကျောက်တုံးကြီးကို လက်ဗလာဖြင့် မ,တင်နိုင်ပြီး ဒေါက်မြင့်ဖိနပ်စီးကာ သူခိုးများကို လိုက်ဖမ်းနိုင်သည်။

ထို့အပြင် အရမ်းလည်းချစ်စရာကောင်းသည်။ သူ့ရင်ခွင်ထဲသို့ ပစ်ဝင်ကာ ချွဲနွဲ့တတ်ပြီး သူ့ကိုဖက်ကာ ‘အားနျန်’ ဟု ခေါ်တတ်သည်။ သူကတော့ သူမလက်ချောင်းလေးများကြားတွင် အကြွင်းမဲ့ကျရှုံးသွားခဲ့ရချေပြီပင်။

ရှဲ့လီ အမျိုးသားတစ်ဦးနှင့်အတူ တံငါရွာသို့သွားခဲ့သည်ဟူသောသတင်းမှာ မည်သို့မည်ပုံမသိ ဝူချန်ကျွင်းနားထဲသို့ ရောက်ရှိသွားခဲ့သည်။

“ဘာ”

ဝူချန်ကျွင်းသည် စားပွဲကိုရိုက်ကာ မတ်တတ်ရပ်လိုက်၏။ ရှန်ဟွိုင်နျန်မှာ သူ့လက်အောက်ငယ်သားဖြစ်သော်လည်း သူသည် ရှန်ဟွိုင်နျန်ကို မျိုးဆက်သစ်လူငယ်တစ်ဦးအနေဖြင့်လည်း သဘောထားသည်။ ရှန်သဲ့ရှန့်မှာ သူ့အထက်အရာရှိဟောင်းဖြစ်၏။

ယခုအခါ အထက်အရာရှိဟောင်း၏ သားဖြစ်သူမှာ သူ့ကွပ်ကဲမှုအောက်တွင် ရှိနေသဖြင့် ရှန်ဟွိုင်နျန်ကို စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု သဘာဝကျကျပင် ခံစားမိသည်။

ဝူချန်ကျွင်းသည် ရှဲ့လီကို တစ်ခါမျှ သဘောမကျခဲ့ဖူးပေ။ သူမ၏နိုင်ငံရေးနောက်ခံမှာ အလွန်ရှုပ်ထွေးလှပြီး ရှန်ဟွိုင်နျန်၏အနာဂတ်ရာထူးတိုးတက်မှုများအတွက် ထိခိုက်နစ်နာစေနိုင်သည်။

ထို့အပြင် ဤခေတ်ကြီးတွင် အရင်းရှင်သခင်မလေးတစ်ဦးသည် မွေးရာပါ အမုန်းခံရသူပင်။ သူမမိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းကပင် လူများက သူမအားဖယ်ကျဉ်ခြင်းကို တားဆီးနိုင်မည်မဟုတ်ပေ။

“အဲဒီယောက်ျားက ဘယ်သူလဲ၊ ရှန်ဟွိုင်နျန် ဒီကိစ္စကိုသိလား”

ဝူချန်ကျွင်းသည် မျက်နှာထားတင်းမာနေပြီး သူ တကယ်ပင် ဒေါသထွက်နေလေပြီ။ ကိုယ်ရေးအရာရှိက ခေါင်းယမ်းလိုက်၏။

“တပ်မှူးရှန်က ဒီနေ့ ရှဲ့လီနဲ့အတူ မိသားစုအိမ်ရာကို သွားကြည့်တယ်၊ သူတို့နှစ်ယောက်က အရမ်းရင်းနှီးနေတယ်၊ သူ ဒီကိစ္စကိုသိပုံမရဘူး”

ဝူချန်ကျွင်း ခေါင်းညိတ်လိုက်သည်။

‘ဟုတ်တယ်၊ သူသာသိခဲ့ရင် ရှန်ဟွိုင်နျန်က ရှဲ့လီကို အိမ်ပေါ်ကနေ ကန်ချလိုက်တာကြာလောက်ပြီ'

ဝူချန်ကျွင်း စားပွဲမျက်နှာပြင်ကို ရိုက်လိုက်သည်။

“ငါ အမြဲတမ်းပြောခဲ့သားပဲ၊ အဲဒီ ရှဲ့လီဆိုတဲ့ အရင်းရှင်သခင်မလေးက အသိဉာဏ် လုံးဝမရှိဘူးလို့၊ အခု ဘာဖြစ်သွားပြီလဲ ကြည့်စမ်း၊ သူမရဲ့နေထိုင်မှုပုံစံက အရမ်းကိုမလျော်ကန်တာပဲ၊ သူမကြောင့် ဟွိုင်နျန်ပါ ဒုက္ခရောက်တော့မယ်”

ဝူချန်ကျွင်း မတ်တတ်ရပ်ကာအပြင်သို့ ထွက်လာခဲ့၏။ ရှန်ဟွိုင်နျန်သည် မာနကြီးပြီး ကိုယ့်ကိုကိုယ်အလွန်လေးစားသူဖြစ်သည်။ အကယ်၍ သူ့ဇနီးသည်က အပြင်တွင်ယောက်ျားတစ်ယောက်နှင့် ပတ်သက်နေကြောင်း သူသိသွားပါက ရှဲ့လီကို လုံးဝခွင့်လွှတ်မည်မဟုတ်ပေ။

ရှဲ့လီ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဝူချန်ကျွင်းဂရုမစိုက်ပေ။ သို့သော် ဤကိစ္စကြောင့် ရှန်ဟွိုင်နျန် ဘဝပျက်သွားမည်ကိုတော့ သူလုံးဝ ခွင့်ပြုနိုင်မည်မဟုတ်ပေ။

“ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောနဲ့၊ ဒီသတင်းရဲ့ အရင်းအမြစ်ကိုစုံစမ်း၊ အမှန်ဟုတ်မဟုတ် သေချာအောင်စစ်ဆေး သတင်းမပေါက်ကြားစေနဲ့”

ကိုယ်ရေးအရာရှိသည် အလေးပြုကာ အပြင်သို့ ပြေးထွက်သွား‌သည်။

တံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် စာရွက်စာတမ်းများကို ကိုင်ဆောင်လာသော ယဲ့ရှုဟွာနှင့် တည့်တည့်ကြီး ဝင်တိုက်မိသွားလေ၏။

“ဆောရီးပါ ဒေါက်တာယဲ့၊ ကျွန်တော် နည်းနည်းလောသွားလို့ပါ”

ကိုယ်ရေးအရာရှိသည် ယဲ့ရှုဟွာ၏စာရွက်စာတမ်းများကို ကူညီကောက်ယူပေးရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ယဲ့ရှုဟွာက အလျင်အမြန် ပြောလိုက်၏။

“ရပါတယ် ရပါတယ်”

သို့သော် သူမရင်ထဲတွင် တွေးတောနေမိသည်က ‘အော်၊ ရှဲ့လီကနံစော်နေတဲ့ အရင်းရှင်သခင်မလေးတစ်ယောက်ကိုး၊ အဲဒီမိန်းမက လူကောင်းပုံမပေါက်ဘူးလို့ ငါ အမြဲတမ်းထင်နေခဲ့တာ'

နောက်တစ်နေ့တွင် ရှဲ့လီသည် အရင်းရှင်သခင်မလေးတစ်ဦးဖြစ်ကြောင်း စစ်တပ်ဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

All Chapters