← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

Ch-98

“အော် ရှဲ့လီဆိုတာက နံစော်နေတဲ့ အရင်းရှင်သခင်မလေးကိုး၊ အဲဒါကြောင့် သူက အမြဲတမ်း အရင်းရှင်တွေလို ပြုမူနေတာကိုး”

ဝမ်ရှို့လီသည် ထမင်းခူးနေရင်း ခင်ပွန်းဖြစ်သူနှင့် အတင်းအဖျင်းပြောဆိုနေသည်။ သူတို့သည် ရှဲ့လီအကြောင်း ပြောဆိုရန်အတွက် အုပ်စုလိုက်မစုဝေးရဲကြတော့ပေ။ ရှဲ့လီ ရုတ်တရက် ခုန်ထွက်လာပြီး သူတို့ကို တော်ပီဒိုအလားထုထောင်းမည်ကို ကြောက်ရွံ့နေကြသည်။

အိမ်ရှိအမျိုးသားများမှာလည်း မပြောရဲကြပေ။ ရှန်ဟွိုင်နျန်က လက်ပစ်ဗုံးတစ်လုံးဖြင့်ပေါ်လာပြီး သူတို့အိမ်များကို ဖောက်ခွဲပစ်မည်အား အလွန်တရာထိတ်လန့်နေကြသည်။

“တော်တော့ တော်တော့ ရပ်လိုက်တော့၊ သူမအဆင့်အတန်းက ဘာပဲဖြစ်ဖြစ် အဲဒါ သူမကိစ္စပဲ တိုးတိုးပြောစမ်းပါ၊ ပြီးတော့ စစ်တပ်ဝင်းထဲက ဟိုအဘွားကြီးတွေနဲ့ပေါင်းပြီး ရှဲ့လီအကြောင်း အတင်းအဖျင်း သွားမပြောနဲ့တော့”

ဝမ်ရှို့လီ၏ခင်ပွန်းလျူချန်က ဝင်ရောက်သတိပေးလိုက်၏။ ပေါက်ကွဲမှု အန္တရာယ်ကို ဖယ်ထားလိုက်လျှင်ပင် ရှန်ဟွိုင်နျန်၏ရာထူးအဆင့်အတန်းတစ်ခုတည်းနှင့်ပင် သူတို့မှာပြဿနာမရှာရဲလောက်အောင် ဖြစ်နေရသည်။ ဝမ်ရှို့လီမှာ မကျေမနပ်ဖြစ်သွားပြီး မျက်နှာကို ရှုံ့မဲ့ကာ ညည်းတွားလိုက်သည်။

“ကျွန်မ တခြားဘယ်သူ့ကိုမှ မပြောပါဘူး၊ အခုတော့ မပြောရဲတော့ပါဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က ရှဲ့လီ ကျွန်မလက်မောင်းကို ကျိုးသွားတဲ့အထိ ရိုက်နှက်ထားတာ၊ အခုမှ သက်သာကာစပဲ ရှိသေးတာကို၊ ကျွန်မ ဘာမှမလုပ်ပါဘူး၊ လူတစ်ယောက်ကို အတင်းအဖျင်းလေးတောင် မပြောရတော့ဘူးလား၊ ရှင်နဲ့ပဲပြောလို့မရဘူးလား၊ ကျွန်မတို့အိမ်မှာပြောနေတာကို သူတို့ကြားနိုင်မှာမှ မဟုတ်တာ”

*ဒေါက် ဒေါက် ဒေါက်*

တံခါးခေါက်သံ ထွက်ပေါ်လာသည်။ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထွက်ပေါ်လာသောအသံမှာ သေမင်း၏ ခေါင်းလောင်းသံကဲ့သို့ပင်။

ဝမ်ရှို့လီနှင့် လျူချန်တို့မှာတစ်ကိုယ်လုံးတုန်ယင်သွားပြီး အချင်းချင်း ကြည့်လိုက်ကြသည်။ လျူချန်က အရင် စတင်မေးလိုက်၏။

“ဘယ်သူလဲ”

“ရှန်ဟွိုင်နျန်”

လင်မယားနှစ်ယောက်လုံး၏ ခြေထောက်များ အားပျော့သွားပြီး ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။

လျူချန်သည် ဒေါသနှင့်ကြောက်ရွံ့မှုများရောယှက်ကာ လက်မြှောက်ပြီး ဝမ်ရှို့လီပါးကို ဖြောင်းခနဲရိုက်ချလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

“မင်းကို ငါမပြောဖို့ ပြောထားတယ်လေ၊ အခုတော့ ဘယ်လိုလုပ်ကြမလဲ၊ သူ ငါတို့ပြောတာကြားသွားတာ သေချာတယ်၊ သူက ငါတို့အသက်ကို လာယူတာပဲ”

ဝမ်ရှို့လီမှာ အလွန်အမင်းကြောက်လန့်သွားပြီး စကားပင်မပြောနိုင်တော့ချေ။

‘ငါ တအားတိုးတိုးလေးပြောနေခဲ့တာပါ'

လျူချန်သည် တံတွေးကိုအနိုင်နိုင်မြိုချကာ တံခါးသွားဖွင့်လိုက်သည်။ ရှန်ဟွိုင်နျန်သည် သေမင်းတမန်ကြီးတစ်ဦးကဲ့သို့ ရပ်နေလေ၏။

“အားးးးး“

လျူချန်မှာ အလွန်တရာထိတ်လန့်သွားပြီး ဖင်ထိုင်လျက်လဲကျသွားသည်။

“တပ်မှူးရှန် အဲဒါ ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးနော်၊ ကျွန်တော် ဘာမှမပြောဘူး၊ အားလုံးက ဝမ်ရှို့လီပြောတာ”

အိမ်ထဲတွင် ဝမ်ရှို့လီသည် တံခါးဝရှိ လျူချန်ကို မယုံနိုင်စွာဖြင့်ကြည့်နေမိသည်။ သူမသည် အသံကုန်အော်ဟစ်ကာပြေးလာပြီး လျူချန့်နားရွက်ကို အားကုန်ကိုက်ချလိုက်၏။

“လူယုတ်မာ ငါကနင့်မိန်းမ ဟုတ်ရဲ့လား၊ နင်က ငါ့ကို ဒီလို သစ္စာဖောက်ရက်တယ်ပေါ့လေ”

လျူချန်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်ငိုယိုကာ ဝမ်ရှို့လီကိုတွန်းဖယ်ရန် ကြိုးစားနေသည်။

“မင်းက ငါ့မိန်းမပါ၊ ဒါပေမယ့် ငါ ဖောက်ခွဲမခံချင်ဘူးကွ”

ထိုစဉ် ရှန်ဟွိုင်နျန်အနောက်မှ မျက်နှာလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ရှဲ့လီသည် သွားလေးများပေါ်အောင်ပြုံးပြကာ ဖော်ရွေစွာနှုတ်ဆက်လိုက်၏။

“အိုး ရှင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းတာပဲနော်၊ တစ်ယောက်နားရွက်ကို တစ်ယောက် တိုးတိုးလေးတောင် ကပ်ပြောနေကြပါလား”

‘လင်မယားနှစ်ယောက် အတူတူရောက်လာတာလား'

ဝမ်ရှို့လီသည် ကိုက်ထားသည်ကို လွှတ်လိုက်သည်။ ထိုနေ့က ရှဲ့လီသုံးပေလောက်အထိခုန်တက်ပြီး သူတို့ကို တော်ပီဒိုတစ်ခုသဖွယ် ဝင်တိုက်ခဲ့သည့် မြင်ကွင်းကို ပြန်အမှတ်ရသွားသည်။

အရင်ကလူတွေသည် ရှန်ဟွိုင်နျန်ကို ကြောက်ရွံ့ရခြင်း အကြောင်းရင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက်မှာ သူ့ကျော်ကြားမှုကြောင့်ပင်။

ရေတပ်ဝန်ကြီးဌာန၏ စစ်နတ်ဘုရား၊ လှေငယ်လေးဖြင့် ဧရာမစစ်သင်္ဘောကြီးကို နစ်မြုပ်စေခဲ့သော ဒဏ္ဍာရီလာ သူရဲကောင်း၊ ရန်သူ့နိုင်ငံများကိုပင် တုန်လှုပ်ချောက်ချားစေခဲ့သော ဝါဟာဆိုင်း ပင်လယ်ပြင်၏စစ်သူကြီး

ဒုတိယအချက်မှာ သူသည်ရုပ်ရည်ချောမောပြီး အေးစက်စက်နေတတ်သောလူငယ်လေးတစ်ဦးနှင့် တူသော်လည်း တကယ်တမ်းတွင် သူသည် အရူးတစ်ဦးဖြစ်ပြီး ကိုယ့်လူကို အသေအလဲကာကွယ်တတ်သော သက်ရှိယမမင်းတစ်ပါးဖြစ်နေသောကြောင့်ပင်။ မည်သူကမျှ သူ့ကို ပြဿနာမရှာချင်သလို ပြဿနာရှာရန်လည်း မဝံ့ရဲကြပေ။

ယခုမူ သူသည် ဇနီးသည်တစ်ဦးရလာခဲ့လေပြီ။ အားလုံးက နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ်လေးတစ်ဦးဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း တကယ်တမ်းတွင် သူမကပါ အရူးမတစ်ယောက်ဖြစ်နေသည်။

သာမန်လူတစ်ယောက်နှင့် အရူးတစ်ယောက်ပေါင်းဖက်သွားသောအခါ အရူးမှာ ပုံမှန်ပြန်ဖြစ်မလာဘဲ သာမန်လူကသာ အရူးဖြစ်သွားတတ်သည်။ ယခုမူ အရူးနှစ်ယောက်ပေါင်းစပ်သွားသောအခါ သူတို့အခြေအနေမှာ တိုက်ရိုက်ပင် အဆင့်မြင့်သွားလေတော့၏။

ဝမ်ရှို့လီသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြရှာသည်။

“ကျွန်မ ဘာမှမပြောပါဘူး၊ တခြားသူတွေဆီကနေ ကြားလာရုံပါပဲ“

ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့ အချင်းချင်း ပြုံးပြလိုက်ပြီး မေးလိုက်သည်။

“ဘယ်သူ့ဆီက ကြားတာလဲ”

ဝမ်ရှို့လီ မော့ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး သူမရှေ့တွင်ရပ်နေကြပြီး မျက်လုံးများတွင် အပြုံးအရိပ်အယောင်မျှမရှိဘဲ သူမကို အေးစက်စက် စိုက်ကြည့်နေကြ၏။

သူမမှာ အရမ်းကြောက်လန့်သွားပြီး ကွာရှင်းကာ အမေ့အိမ်သို့ပင်ပြန်ချင်စိတ်ပေါက်သွားတော့သည်။ ဝမ်ရှို့လီ စကားမပြောသည်ကိုမြင်သောအခါ ရှန်ဟွိုင်နျန်က ငုံ့ကြည့်ကာ ပေါက်ကွဲရေးပစ္စည်းထုပ်များကို စတင်ထုတ်ယူနေပြီး ရှဲ့လီကလည်း နေရာတွင်ပင်စတင်ခုန်ပေါက်နေတော့သည်။

“မဟုတ်ဘူး ရပ်လိုက်၊ သူတို့ကို မြန်မြန်သာ ပြောပြလိုက်စမ်းပါ”

လျူချန်သည် ဝမ်ရှို့လီရှေ့တွင် ဒူးထောက်ကျသွားပြီး အသည်းကွဲမတတ် အော်ဟစ်လိုက်၏။ ဝမ်ရှို့လီမှာလည်း တစ်ကိုယ်လုံးတုန်ယင်သွားတော့သည်။

‘မဟုတ်ဘူး၊ ငါ ဖောက်ခွဲမခံချင်သလို တော်ပီဒိုနဲ့လည်း အထုအထောင်းမခံချင်ဘူး'

“ကျွန်မ ပြောပါ့မယ် ပြောပါ့မယ်”

ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့၏ပြဿနာဖြေရှင်းပုံမှာ ဤမျှလောက်ရိုးရှင်း ကြမ်းတမ်းပြီး တိုက်ရိုက်ကျလိမ့်မည်ဟု မည်သူကမျှမထင်မှတ်ထားခဲ့ကြပေ။

‘တစ်ယောက်ယောက်က ကောလာဟလတွေဖြန့်နေတယ်ဟုတ်လား'

‘ပြဿနာမရှိဘူး’

လင်မယားနှစ်ယောက်သည် တစ်အိမ်တက်ဆင်းနှုတ်ဆက်ရန်ထွက်သွားကြတော့သည်။ သူတို့ရှေ့မှ မိုးကြိုးနတ်ဘုရားနှစ်ပါးကိုကြည့်ပြီး မည်သူကမျှ အမှန်အတိုင်းမပြောဘဲ မနေရဲကြပေ။

မေးမြန်းမှုများ ပြီးဆုံးသွားချိန်တွင် ပစ်မှတ်ကို အတိအကျသတ်မှတ်နိုင်ခဲ့သည်။

‘ယဲ့ရှုဟွာ’

“ဟုတ်တယ် ငါပြောတာ”

ယဲ့ရှုဟွာသည် ရှန်ဟွိုင်နျန်ကိုကြည့်ကာ မျှော်လင့်ချက် ကင်းမဲ့သွားသူတစ်ဦးကို ကြည့်သကဲ့သို့ စိတ်ပျက်လက်ပျက်ဖြစ်နေသော မျက်နှာထားဖြင့်ပြောလိုက်၏။

“ရှန်ဟွိုင်နျန် ရှင်က ကျွန်မကိုတကယ်စိတ်ပျက်အောင်လုပ်တာပဲ၊ အရင်တုန်းက ရှင်ကို အရမ်းလေးစားခဲ့တာ၊ ဒါပေမယ့် အခုတော့ ရှင်ကနံစော်နေတဲ့ အရင်းရှင်သခင်မလေးတစ်ယောက်ကို လက်ထပ်ပြီး ကိုယ့်ကိုကိုယ်အောက်တန်းကျအောင် လုပ်လိုက်ပြီ၊ ရှင်က ဇိမ်ကျတဲ့အသိုက်လေးထဲမှာ နစ်မွန်းနေပြီး ရုန်းမထွက်နိုင်အောင်ဖြစ်နေပြီ၊ ကျွန်မက ရှင့်ကိုသတိပေးချင်ရုံသက်သက်ပါ”

ယဲ့ရှုဟွာသည် အကြောင်းပြချက် ခိုင်လုံစွာပြောဆိုနေခြင်းဖြစ်သည်။ သူမ ကြောက်ရွံ့ခြင်းမရှိပေ။

ရှန်ဟွိုင်နျန်သည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ရိုက်နှက်လေ့မရှိကြောင်းကို သူမသိထားပြီး သူမဖခင်မှာလည်း သက်ရှိထင်ရှားရှိစဉ်က သူနှင့် ဆက်ဆံရေးအလွန်ကောင်းမွန်ခဲ့သည်။

နောက်ဆုံးတွင် သူမသည် သူ့အတွက် အထူးခြားဆုံးလူတစ်ဦး ဖြစ်မည်ဟု ယုံကြည်ထားဆဲပင်။ ထင်သည့်အတိုင်းပင် ရှန်ဟွိုင်နျန်က ဘာမှပြန်မပြောချေ။

All Chapters