အခန်း ၉၉
Vol. 10 Ch. 99
Ch-99
ယဲ့ရှုဟွာ ခေါင်းမော့လိုက်ပြီး သူမမျက်လုံးများတွင် အောင်ပွဲခံသည့် အရိပ်အယောင်များ သဲ့သဲ့လေး ပေါ်လွင်လာသည်။ သူမသည် ရှဲ့လီကို ကြည့်ကာ ပြောလိုက်၏။
“ရှဲ့လီ နင် နားလည်ထားရမယ့်အရာတချို့ရှိတယ်၊ ဒီလောကကြီးမှာ ဆက်ဆံရေးဆိုတာ သဘောကျတယ်၊ သဘောမကျဘူးဆိုတာလောက် ရိုးရှင်းတာမဟုတ်ဘူး၊ တော်တော်များများက အခြေအနေတွေအပေါ်မှာ မူတည်ပြီး ရစ်ပတ်နေကြတာချည်းပဲ၊ ရှန်ဟွိုင်နျန်က ငါ့ကိုတကယ်တမ်း ဘာမှလုပ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတာ နင်သိလား၊ ဘာလို့လဲဆိုတော့ ငါ့အဖေက အသက်အရွယ်ကွာခြားပေမယ့် သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့လို့ပဲ”
ယဲ့ရှုဟွာမှာ အလွန်ဂုဏ်ယူဝင့်ကြွားနေသည်။ သူမသည် ဤစကားများကို ရှန်ဟွိုင်နျန်ရှေ့တွင် ဖုံးကွယ်ခြင်းမရှိဘဲ တိုက်ရိုက်ပြောဆိုနေခြင်းမှာ သူမဖခင်နှင့် သူ့ဆက်ဆံရေးကို မေ့မပစ်ရန် သတိပေးလိုခြင်းကြောင့်ပင်။ သူတို့နှစ်ယောက်က အတူတကွတိုက်ပွဲ၀င်ခဲ့ကြသူများ ဖြစ်လေသည်။
လူအများမှာ မလှမ်းမကမ်းတွင်ရပ်ကာ ခိုးကြည့်နေကြသည်။ ဇနီးသည်တစ်စုမှာမူ ဝမ်းသာအားရဖြစ်နေကြ၏။
‘ရှဲ့လီနဲ့ ရှန်ဟွိုင်နျန်တို့ နောက်ဆုံးတော့ သူတို့နဲ့ တန်တဲ့သူနဲ့တွေ့ပြီပေါ့'
ယဲ့ရှုဟွာသည် ရှန်ဟွိုင်နျန်အနီးသို့ လျှောက်သွားကာ မျက်လုံးများနီရဲလျက်ခြိမ်းခြောက်လိုက်သည်။
“မမေ့နဲ့၊ ငါ့အဖေရဲ့ပြာတွေက အိမ်မှာရှိနေတုန်းပဲဆိုတာကို”
ယဲ့ကျန့်ကျွင်း လုပ်ကြံခံရပြီးနောက် လျူရှို့အော်သည် သူ့ကိုမြေမြှုပ်သင်္ဂြိုဟ်ရန် ငြင်းဆန်ခဲ့သည်။ သူမသည် အလောင်းကို မီးသင်္ဂြိုဟ်ကာပြာများကို အိမ်တွင်သိမ်းဆည်းထားရန် အတင်းအကြပ်တောင်းဆိုခဲ့၏။
သို့မှသာ သူကွယ်လွန်သွားသော်လည်း လူများက သူ့ကိုမေ့ပျောက်သွားခြင်းမှ ကာကွယ်နိုင်မည်ဟု ယုံကြည်သောကြောင့်ပင်။ အကယ်၍ မိသားစုတွင် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက သူမသည် ယဲ့ကျန့်ကျွင်း၏ ပြာများကိုထုတ်ယူကာ လူတိုင်းကို ကိုယ်ကျင့်တရားအရ အကျပ်ကိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
“ဟွိုင်နျန်”
စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်းလှည့်ကြည့်လိုက်ကြ၏။ ဝူချန်ကျွင်း အော်ဟစ်လိုက်ခြင်းဖြစ်ပြီး သူ့မျက်နှာထားမှာ နှင်းများဖုံးလွှမ်းနေသကဲ့သို့ အေးစက်တင်းမာနေသည်။
သူသည် ရှေ့သို့လှမ်းလာပြီး ရှဲ့လီကို တစ်ချက်ကြည့်ကာ ရှန်ဟွိုင်နျန်ဘက်သို့ လှည့်လိုက်သည်။
“ဟွိုင်နျန်၊ ရှောင်ယဲ့က တစ်ခုခုအမှားလုပ်မိတယ်ဆိုရင်တောင် ငါတို့ကသူမကို ခွင့်လွှတ်ပေးရမယ်၊ သူမရဲ့အဖေက မရှိတော့ဘူးလေ”
ရှန်ဟွိုင်နျန်က လက်နှစ်ဖက်ကိုဖြန့်ပြလိုက်သည်။
“သူ့ကို ကျွန်တော်သတ်လိုက်တာမှ မဟုတ်တာ”
ဝူချန်ကျွင်း : “.....”
‘နင့်မေကြီးတော်’
လူအုပ်ကြီး : ‘ဒီငါ***'
“မင်းရဲ့အတွေးအခေါ်တွေက အဲဒီရှဲ့လီကြောင့် ယိုယွင်းပျက်စီးနေပြီဆိုတာ ငါ မြင်နေရတယ်၊ မင်းကို သူမက အချိုသတ်ပြီး မင်းနေရာကိုတောင် မေ့သွားအောင်လုပ်ထားတာပဲ”
ဝူချန်ကျွင်းက အေးစက်စက်နှာမှုတ်လိုက်၏။
“ဟွိုင်နျန် လောင်ယဲ့ပြာတွေက သူ့အိမ်မှာရှိနေတုန်းပဲနော်၊ အဲဒါကို မင်းကသူ့မိသားစုကို ဒီလိုမျိုးဆက်ဆံနေပြီလား”
ရှန်ဟွိုင်နျန် : “သူ့ကို မြေမြှုပ်သင်္ဂြိုဟ်ခွင့်မပေးတာ ကျွန်တော်မှမဟုတ်တာ”
ဝူချန်ကျွင်း : “……”
‘ငါ မင်းကို တကယ်ရိုက်သတ်ချင်လာပြီ'
“ကောင်းပြီ၊ အဲဒီအကြောင်းမပြောနဲ့တော့၊ မင်းရဲ့ အဖိုးတန်ဇနီးသည်အကြောင်း ပြောရအောင်”
ဝူချန်ကျွင်းက ရှဲ့လီကိုကြည့်လိုက်သည်။ သူသည် တံငါရွာသို့ စုံစမ်းစစ်ဆေးရန် လူများကိုစေလွှတ်ခဲ့ပြီးဖြစ်၏။ ဒေသခံရွာသူရွာသားများက ရှဲ့လီသည် တခြားယောက်ျားတစ်ယောက်နှင့် ဖောက်ပြန်နေပြီး လိုက်လံဖမ်းဆီးခံရကြောင်းပြောပြခဲ့သည်။ သူမနောက်သို့လိုက်နေသော အမျိုးသားမှာ သူမခင်ပွန်း ဟုတ်မဟုတ်ကိုပင် သူတို့ မသိကြချေ။ ဝူချန်ကျွင်းကတော့ ထိုလူသည် ရှန်ဟွိုင်နျန် လုံးဝမဖြစ်နိုင်ဟု အခိုင်အမာ ယုံကြည်ထားသည်။
‘အဲ့လိုမဟုတ်ရင် သူက ဒီမိန်းမကို ဘာလို့ ဒီလိုမျိုးကာကွယ်ပေးနေဦးမှာလဲ'
ရှန်ဟွိုင်နျန်၏ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် သူကအသံကိုနှိမ့်ချလိုက်သည်။
“မင်းရဲ့ အဖိုးတန်ဇနီးသည်က တခြားယောက်ျားတစ်ယောက်နဲ့အတူ ကျွန်းတစ်ကျွန်းကိုသွားပြီး အရမ်းရင်းနှီးနေကြတာကွ၊ ငါ ထပ်ပြောပြစရာမလိုဘဲ မင်းနားလည်နိုင်မယ်လို့ ထင်ပါတယ်”
ရှန်ဟွိုင်နျန်၏မျက်နှာထားအေးစက်သွားပြီး ဝူချန်ကျွင်းကိုစိုက်ကြည့်လိုက်၏။
“ဘယ်သူပြောတာလဲ”
ဝူချန်ကျွင်းမှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိသည်။
“ငါကိုယ်တိုင် လူလွှတ်ပြီးစုံစမ်းခိုင်းခဲ့တာ၊ ငါ မင်းကိုအမှန်အတိုင်းပြောမယ်၊ မင်းရဲ့မိန်းမက တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေတာ၊ သူမက မင်းကို သစ္စာဖောက်နေတာကွ”
ဝူချန်ကျွင်း၏အသံမှာ တိုးညှင်းသော်လည်း ယဲ့ရှုဟွာကကြားနိုင်လေသည်။ သူမနှုတ်ခမ်းထောင့်များ ကွေးတက်သွားတော့သည်။
ပြီးခဲ့သည့် ပင်လယ်ပြင်စစ်ဆင်ရေးတွင် သူမလိုက်ပါခဲ့ရလေ၏။ သူမနှင့် ယန်ချန်ချန်တို့သည် ထိုတံငါရွာသို့ သွားရောက်ခဲ့ကြသည်။ တိုက်ဆိုင်စွာပင် ရှဲ့လီသည် အမျိုးသားတစ်ဦးနှင့် ရယ်မောကာ စကားပြောနေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။
ထိုအချိန်ကတည်းက သူမအခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သူမသိခဲ့သည်။ ရှန်ဟွိုင်နျန်ကဲ့သို့ မာနကြီးသော အမျိုးသားတစ်ဦးသည် သူ့ဇနီးသည် အခြားယောက်ျားတစ်ယောက်နှင့် ပတ်သက်နေသည်ကို လုံးဝခွင့်ပြုလိမ့်မည် မဟုတ်ပေ။
‘ရှဲ့လီတော့ ပြီးသွားပြီ”
အမျိုးသားတစ်ဦး၏နှလုံးသားသည် ကွဲကြေနေချိန်တွင် အားအနည်းဆုံးဖြစ်သည်။ ထိုအချိန်တွင် သူမကဝင်ရောက်ကာ ရှန်ဟွိုင်နျန်အတွက် မည်သူက အကောင်းဆုံးဖြစ်ကြောင်း သိစေနိုင်ပေလိမ့်မည်။
လက်ချောင်းတစ်ချောင်းက ယဲ့ရှုဟွာအရှေ့သို့ ဆန့်တန်းလာသည်။ ရှည်လျားသွယ်လျပြီး အဆစ်များ ပေါ်လွင်နေသော လက်ချောင်းလေးဖြစ်သည်။ ကြည့်ရသည်မှာ အလွန်လှပလွန်း၏။
ယဲ့ရှုဟွာသည် သူမနဖူးကြောများ တင်းမာသွားသည်ကိုသာ ခံစားလိုက်ရသည်။ ထိုလှပသော လက်ချောင်းလေးက အမည်းရောင်သေနတ်ပြောင်းဝတစ်ခုနှင့်တူနေသည်ဟု သူမခံစားလိုက်ရသည်။ ရှန်ဟွိုင်နျန်သည် ယဲ့ရှုဟွာကို လက်ညိုးထိုးပြလိုက်၏။
“ဒီကိစ္စကိုသတင်းပေးတာ မင်းလား”
သူသည်အလွန်ထက်မြက်ပြီး သားရဲတစ်ကောင်၏အလိုအလျောက်အသိစိတ်မျိုးရှိသည်။ ယဲ့ရှုဟွာ၏ ပါးစပ်က နောက်စေ့အထိရောက်မတတ်ပြုံးနေပြီး မျက်လုံးများထဲတွင် အောင်ပွဲခံသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမက ဝူချန်ကျွင်းကို ထိုစကားများပြောခဲ့သူဖြစ်ကြောင်း သူ ချက်ချင်းသိလိုက်၏။
ယဲ့ရှုဟွာ အံတင်းတင်းကြိတ်လိုက်သည်။ သူမသည် တည်ငြိမ်နေသော ရှဲ့လီကိုစိုက်ကြည့်ကာ ဝန်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် အဲဒါ ကျွန်မပဲ၊ သူမက ရှင်နဲ့မထိုက်တန်ဘူးလို့ ကျွန်မ ရှင့်ကို အစောကြီးကတည်းက ပြောခဲ့သားပဲ”
“ဒါကြောင့် မင်းကရှောင်လီအကြောင်း ကောလာဟလတွေ လိုက်ဖြန့်ပြီး နေရာတကာမှာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပေါ့”
“ကျွန်မ အဓိပ္ပာယ်မရှိတာတွေပြောနေတာ မဟုတ်ဘူး၊ ကျွန်မက အမှန်တရားကို ပြောနေတာ၊ ကျွန်မ... “
သူမ စကားမဆုံးမီမှာပင် ရှန်ဟွိုင်နျန်သည် ယဲ့အိမ်တော်ထဲသို့ ရုတ်တရက် ပြေးဝင်သွားလေသည်။
လူအုပ်ကြီး : “……”
ခဏအကြာတွင် သူသည် လက်ထဲ၌ ကြွေအိုးငယ်လေးတစ်လုံးကို ကိုင်ဆောင်ကာ ပြန်ပြေးထွက်လာသည်။ ဝူချန်ကျွင်း ထိုအရာကိုစူးစိုက်ကြည့်လိုက်သည်။
‘အဲဒါ သောက်ကျိုးနည်း ယဲ့ကျန့်ကျွင်းရဲ့အရိုးပြာအိုးကြီးပဲ'
မည်သူကမျှမတုံ့ပြန်နိုင်မီမှာပင် ရှန်ဟွိုင်နျန်က ကြွေအိုးအဖုံးကို ဖွင့်လိုက်ပြီး ဝှေ့ယမ်းပစ်လိုက်၏။
“လောင်ယဲ့ ခင်ဗျားလေနဲ့အတူ မြန်မြန်လိုက်သွားလိုက်တာ အကောင်းဆုံးပဲ”