အခန်း ၁၀၀
Vol. 10 Ch. 100
Ch-100
“..…”
“…...”
“...…”
အရင်တုန်းက ‘နင့်အဖေရဲ့ ပြာတွေကို ကြဲချပစ်မယ်’ ဆိုသည်မှာ စကားအလင်္ကာတစ်ခုအနေနှင့်ပဲ ပြောလေ့ရှိကြလေ၏။
သို့ပေမဲ့ ယနေ့တော့
လူတစ်ယောက်မှာ အခြားလူအဖေ၏အရိုးပြာများကို တကယ်ကြဲချနေသည့် အခိုက်အတန့်ကို သူတို့ ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုက်ရချေပြီ။
အားလုံးက ပါးစပ်များကို အလိုအလျောက်ပိတ်ထားလိုက်ကြပြီး အသံတစ်ခုလေးမျှပင် မထွက်ရဲကြတော့ပေ။ ရှန်ဟွိုင်နျန်က သူတို့ကို ကြည့်မရဖြစ်သွားပြီး သူတို့အဖေ၏အရိုးပြာများကိုပါ တူးဖော်ပြီး ကြဲချပစ်မည်ကို အလွန်အမင်း ကြောက်ရွံ့နေကြသည်။
“လောင်ယဲ့”
“ကျန့်ကျွင်း”
“အဖေ”
ဝူချန်ကျွင်း၊ လျူရှို့အော်နှင့် ယဲ့ရှုဟွာတို့မှာ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။ ထိုသုံးယောက်အနက်မှ နှစ်ယောက်မှာ ဒေါသလွန်ကဲပြီး သတိလစ်မေ့မြောသွားကြလေပြီ။ လျူရှို့အော်နှင့် ယဲ့ရှုဟွာတို့ သတိလစ်မသွားမီ နောက်ဆုံးတွေးလိုက်မိသည့်အတွေးမှာ 'ပြီးပြီ၊ ဒီတစ်ခေါက်တော့ တကယ်ကို ပြီးသွားပြီ၊ ရှေ့လျှောက် ငါတို့ဘာကိုသုံးပြီး ကိုယ်ကျင့်တရားအရ အကျပ်ကိုင်ကြတော့မလဲ'
သူတို့နှစ်ယောက်ကို ဆေးရုံသို့ပို့ဆောင်လိုက်ရ၏။
“မင်း ရူးနေတာလား၊ အဲဒါလောင်ယဲ့ကွ၊ ငါတို့ရဲ့ရဲဘော်ဟောင်းလေ၊ မင်းရဲ့ အဖိုးတန်ဇနီးသည်အတွက်နဲ့ မင်းရဲ့ ရဲဘော်ရဲဘက် သံယောဇဉ်ကိုတောင် ဂရုမစိုက်တော့ဘူးလား”
ဝူချန်ကျွင်းမှာ ဒေါသထွက်လွန်း၍ ခုန်ပေါက်နေတော့သည်။
“ပြီးတော့ မင်းရဲ့မိန်းမက သူတော်စင်မလေးလို့ မထင်နဲ့နော်၊ သူမက တခြား ယောက်ျားတစ်ယောက်နဲ့ ဖက်လဲတကင်းလုပ်နေတာကို မင်းသိရဲ့လား”
“ကျွန်တော်သိတယ်”
ဝူချန်ကျွင်း : “……”
“ရှောင်လီက ကျွန်တော့်ကိုသစ္စာဖောက်တဲ့ကိစ္စ ဘာတစ်ခုမှမလုပ်ခဲ့ဘူး၊ သူမက အစားမက်ပြီး အဲဒီကစည်သွတ်ငါးသေတ္တာကို စားချင်လို့သွားတာ”
ရှန်ဟွိုင်နျန်၏မျက်လုံးများမှာ တည်ငြိမ်ပြီး အေးစက်နေဆဲပင်။ ဝူချန်ကျွင်း ဆွံ့အသွားရသည်။
“မင်းဆိုလိုတာက ရှဲ့လီ တခြား ယောက်ျားတစ်ယောက်နဲ့ ထိတွေ့ပွတ်သီးပွတ်သပ်လုပ်နေတာကို သိသိကြီးနဲ့ မင်းက.....”
‘မင်းက သူမကို အခုအချိန်ထိ ဒီလောက်ကောင်းပေးနေတုန်းပဲလား'
ဝူချန်ကျွင်းသည် မယုံကြည်နိုင်စွာဖြင့် ပါးစပ်ပိတ်ထားလိုက်ပြီး နောက်ဆက်တွဲစကားလုံးများကို မြိုချလိုက်သည်။
“ဒီကိစ္စက ဒီမှာတင်ပြီးပြီ၊ ရှောင်လီက မိန်းကလေးတစ်ယောက်လေ၊ ဒီလိုအတင်းအဖျင်းတွေဖြန့်တာက သူမအတွက် မကောင်းဘူး၊ မိန်းကလေးတစ်ယောက်ရဲ့ဂုဏ်သိက္ခာက သူမအတွက် တန်ဖိုးအကြီးဆုံးအရာပဲ၊ ယဲ့ရှုဟွာက ရှောင်လီကို အရင်းရှင်သခင်မလေးလို့ခေါ်တဲ့ကိစ္စအတွက်လည်း ကျွန်တော် ရှင်းပြချက်လိုချင်တယ်၊ သူမ ရှောင်လီကို တောင်းပန်ရမယ်၊ ပြီးတော့ ရှောင်လီရဲ့နာမည်ကို ရှင်းလင်းပေးဖို့ စစ်တပ်တစ်ခုလုံးကို ကြေညာချက်ထုတ်ပြန်ပေးရမယ်”
ရှန်ဟွိုင်နျန်၏အသံမှာ အေးစက်တင်းမာနေပြီး လုံးဝညှိနှိုင်း၍မရနိုင်သော လေသံမျိုး ဖြစ်သည်။ ဝူချန်ကျွင်းမှာ ဒေါသထွက်လွန်း၍ မျက်လုံးများပင် ပြာလာ၏။
“မင်းက သူတို့ဆီကနေရှင်းပြချက် တောင်းနေသေးတယ်ပေါ့လေ၊ မင်းက သူမအဖေရဲ့ပြာတွေကို ကြဲချပစ်ခဲ့တာလေ”
ရှန်ဟွိုင်နျန်သည် သူ့အိတ်ကပ်ထဲမှ အဝတ်ထုပ်ငယ်လေးတစ်ခုကို ဆွဲထုတ်ကာ စားပွဲပေါ်တွင်တင်လိုက်သည်။ ဝူချန်ကျွင်း မျက်မှောင်ကြုတ်သွား၏။
“ဒါက ဘာလဲ”
“လောင်ယဲ့ရဲ့ပြာတွေလေ”
သူသည် ယဲ့ကျန့်ကျွင်း၏ပြာများကို တကယ်ကြဲချခဲ့ခြင်းမဟုတ်ပေ။ သူသည် ယဲ့မိသားစု၏မီးဖိုချောင်သို့ အမြန်သွားကာ ဂျုံမှုန့်ဖြူများနှင့် အစားထိုးလဲလှယ်ခဲ့ခြင်းဖြစ်သည်။
“လောင်ယဲ့က ကျွန်တော်တို့ရဲ့ရဲဘော်ပါ၊ ကျွန်တော်တို့က နှစ်ပေါင်းများစွာ သေရေးရှင်ရေး အတူတူဖြတ်သန်းခဲ့ကြတာလေ၊ ယဲ့မိသားစုဒုက္ခရောက်ရင် ကျွန်တော် သေချာပေါက်ကူညီမှာပါ၊ ဒါပေမယ့် သူအရမ်းချစ်ရတဲ့မိသားစုက သူ့အရိုးပြာတွေကို ဒိုင်းကာတစ်ခုလို သုံးပြီး သူ့ကိုငြိမ်းငြိမ်းချမ်းချမ်း အနားယူခွင့်မပေးတာမျိုးတော့ ကျွန်တော် မလိုလားဘူး”
ထိုသို့ပြောပြီးနောက် ရှန်ဟွိုင်နျန်လှည့်ထွက်သွားလေသည်။ ဝူချန်ကျွင်းတွင် သူ့ကိုဆူပူရန် ခွန်အားမရှိတော့ပေ။
ယဲ့ကျန့်ကျွင်းသည် သူတို့နှင့်ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့ပြီး ရှန်ဟွိုင်နျန်အတွက် ဆရာတစ်ဆူလို သူငယ်ချင်းတစ်ယောက်လိုဖြစ်ခဲ့သည်။ သူ သက်ရှိထင်ရှားရှိစဉ်က သူ့ဇနီးနှင့် သားသမီးများကို အရာအားလုံးထက်ပို၍ အလိုလိုက်ခဲ့၏။ ဝူချန်ကျွင်း သက်ပြင်းချလိုက်သည်။
သူသည် ရှန်ဟွိုင်နျန်ကို ဒုတိယမြောက် ယဲ့ကျန့်ကျွင်းတစ်ယောက်မဖြစ်စေချင်ရုံသာပင်။ ရှဲ့လီကို အလွန်တရာအလိုလိုက်ပြီး နောက်ဆုံးတွင် သူကိုယ်တိုင် ငြိမ်းချမ်းမှုမရရှိတော့မည့် အခြေအနေမျိုး မဖြစ်စေချင်ပေ။
ရှန်ဟွိုင်နျန် အိမ်ပြန်ရောက်သောအခါ ရှဲ့လီသည် သရေစာများစားနေလေသည်။ သူ ပြန်လာသည်ကိုမြင်သောအခါ သူမက စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်၏။
“ဟိုင်း ကျွန်မရဲ့အားနျန်လေး ပြန်ရောက်လာပြီပေါ့”
ရှန်ဟွိုင်နျန်ရင်ထဲတွင် လှိုင်းဂယက်များ ထသွားရသည်။ သူသည် ရှေ့တိုးသွားကာ ရှဲ့လီကိုသူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး သူမလည်ပင်းကြားတွင် ခေါင်းဝှက်ထားလိုက်ရာ သူ့ဝင်သက်ထွက်သက်များက သူမအသားအရေပေါ်သို့ ကျရောက်နေ၏။ ရှဲ့လီ ယားကျိကျိဖြစ်သွားရသည်။
“ရှောင်လီ၊ ကိုယ့်ကို လက်ထပ်လိုက်လို့ မင်း ထိန်းချုပ်နေစရာမလိုပါဘူး၊ လက်ထပ်ပြီးရင်တောင် မင်း လွတ်လွတ်လပ်လပ်နဲ့ မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်စေချင်တယ်၊ အိမ်ထောင်ပြုတာက သင်္ချိုင်းလိုမျိုး၊ တခြား စစ်သည်ဇနီးသည်တွေလိုမျိုး ဖြစ်သွားရမယ်လို့ မင်းကိုမခံစားစေချင်ဘူး၊ မင်း ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူးဆိုတာကိုတွေးပြီး ပူပန်နေစရာမလိုဘူး၊ မင်း ပျော်နေသရွေ့ ပြဿနာရှာချင်ရှာလို့ရတယ်၊ ကိုယ်ဖြေရှင်းနိုင်ရင် ဖြေရှင်းပေးမယ်၊ မဖြေရှင်းနိုင်ရင် ကိုယ် မင်းအတွက်အပြစ်ခံယူပေးမယ်”
ရှန်ဟွိုင်နျန်၏အသံမှာ တိုးညှင်းနေပြီး နှာသံအနည်းငယ် ပါဝင်နေကာ ပုံမှန်ထက်ပို၍ နူးညံ့နေသည်။ သူ အဘယ်ကြောင့် ရုတ်တရက်ကြီး ဤစကားများပြောနေရသလဲဆိုသည်ကို ရှဲ့လီ နားမလည်နိုင်အောင်ဖြစ်ရ၏။
သူမကို ဖက်ထားသောလက်များက အနည်းငယ် တင်းကျပ်သွားပြီး ထိုအမျိုးသား၏အသံက ပို၍ပင်နူးညံ့သွားသည်။
“မင်းက ကိုယ့်တစ်ယောက်တည်းကိုပဲ သဘောကျရမယ်”
သူ သဝန်တိုနေခြင်းဖြစ်သည်။ သို့သော် သူ ဖွင့်ပြောမည်မဟုတ်ပေ။ ရှဲ့လီနှင့် လီချယ်တို့ကြားတွင် မည်သည့် အဖြစ်အပျက်မျှမရှိဘူးဆိုသည်ကို သူ ယုံကြည်သော်လည်း သူ အနည်းငယ်တော့ ဒေါသထွက်နေဆဲပင်။
သူသည် အတင်းအဖျင်းပြောနေသူများကို ဒေါသထွက်သည်။ မိမိကိုယ်ကို ဒေါသထွက်သည်။ သို့သော် ရှဲ့လီကိုတော့ သူ လုံးဝဒေါသထွက်၍မရနိုင်ချေ။
ရှဲ့လီသည် ရှန်ဟွိုင်နျန်၏ဖက်တွယ်ခြင်းကိုခံထားရစဉ် တစ်ခဏမျှအရာအားလုံးကို ဖွင့်ပြောချင်စိတ် ပေါက်သွားသည်။
သူမသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏အထူးတပ်သားသစ်တစ်ဦးဖြစ်ကြောင်းနှင့် လီချယ်နှင့် ဆက်သွယ်ရခြင်းမှာ စစ်ဆင်ရေးအတွက်သက်သက်သာဖြစ်ကြောင်း သူ့ကို တကယ်ပင်ပြောပြချင်မိသည်။
လျှို့ဝှက်ချက်တစ်ခုကို သယ်ဆောင်ထားရခြင်းက ဤမျှလောက်နာကျင်ခက်ခဲသည့်အရာဖြစ်မည်ဟု သူမ တစ်ခါမျှ မခံစားခဲ့ဖူးချေ။
ဤစာအုပ်ထဲသို့ မကူးပြောင်းလာမီက သူမသည် ကိုယ့်လူမျိုးများ၏သစ္စာဖောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရဖူးသည်။ သူမသူငယ်ချင်းဟောင်းများနှင့် ပြန်လည်ဆုံတွေ့ချိန်တွင် လေထုမှာတင်းမာနေပြီး သူမနဖူးကို သေနတ်ပြောင်းဝများနှင့် ချိန်ရွယ်ထားခြင်းခံခဲ့ရသည်။
သူမ ဘာမှမပြောနိုင်ခဲ့ပေ။ သူမမည်သူမည်ဝါဖြစ်ကြောင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေသောကြောင့်ပင်။ ထိုစဉ်က သူမတာဝန်မှာ သစ္စာဖောက်တစ်ဦးအဖြစ်ဟန်ဆောင်ကာ ရန်သူ့နိုင်ငံအတွင်းသို့ လျှို့ဝှက်ဝင်ရောက်ရန် ဖြစ်သည်။
မျက်ရည်များပြည့်နှက်နေပြီး ရုန်းကန်မှုများနှင့် စိတ်ပျက်မှုများထင်ဟပ်နေသော သူမသူငယ်ချင်းဟောင်းများကို မြင်တွေ့ရချိန်တွင်ပင် အမှန်တရားကို ဖွင့်ပြောရန် သူမ တစ်ခါမျှမတွေးခဲ့ဖူးသလို တစ်ခါမျှလည်းယိမ်းယိုင်ခဲ့ခြင်းမရှိချေ။
သို့ပေမယ့် အခုတော့ သူမနည်းနည်း ယိမ်းယိုင်နေချေပြီ။ နည်းနည်းလေးသော်ငြားပေါ့…..
သို့သော် သူမထုတ်ပြောလိုက်မိသည်ကတော့.......
“ကျွန်မ အိမ်သာသွားချင်တယ်”
{T/N - ဒီမီတာမ(ノಠ益ಠ)ノ彡┻━┻}