အခန်း ၁၀၁
Vol. 11 Ch. 101
Ch-101
ရှဲ့လီသည် သူမဗိုက်ကိုဖက်ထားလိုက်သည်။ စောစောက အစပ်အများကြီး စားထားမိသောကြောင့် ယခုအခါ ဗိုက်နာလာခြင်းဖြစ်သည်။
“ဟင်”
ရှန်ဟွိုင်နျန်မှာ ချက်ချင်းတုံ့ပြန်နိုင်ခြင်း မရှိချေ။
“ကျွန်မ အိမ်သာသွားချင်တယ်၊ မအောင့်နိုင်တော့ဘူး”
ရှဲ့လီမှာ အလွန်တရာစိုးရိမ်နေပြီး ခြေထောက်များကိုပင် ပွတ်တိုက်နေမိသည်။
“အာ အာ အော် အော်”
ရှန်ဟွိုင်နျန်သည် အလျင်အမြန် လွှတ်ပေးလိုက်ပြီး ရှဲ့လီကိုရေချိုးခန်းဆီသို့ ဂရုတစိုက်ခေါ်ဆောင်သွား၏။
“အာ ဟို မြန်မြန်သွား မြန်မြန်သွား“
ရှဲ့လီသည် အထဲသို့ပြာယာခတ်ကာပြေးဝင်သွားသည်။
“အဝေးမှာနေနော်၊ တံခါးဝမှာ လာမရပ်နဲ့၊ မဟုတ်ရင် ကျွန်မသွားလို့ရမှာ မဟုတ်ဘူး”
“အာ အော် အော် ကောင်းပါပြီ၊ ကိုယ် သွားပြီနော်၊ ကိုယ်.....ကိုယ် ထမင်းသွားချက်လိုက်မယ်၊ မင်း ဗိုက်ဆာနေပြီမလား”
ရှန်ဟွိုင်နျန်သည် တစ်ချက်တည်းဖြင့် နှစ်မီတာခန့်အဝေးသို့ ခုန်ထွက်သွားသည်။
“ဟို....ကိုယ် ထမင်းသွားချက်လိုက်မယ်၊ မင်း အေးအေးဆေးဆေးသွားလိုက်၊ ပြီးရင် စားဖို့အဆင်သင့်ဖြစ်နေစေရမယ်”
“…...”
ဤအကြိမ် ရှန်ဟွိုင်နျန်မှာ ရှဲ့လီကို နက်ရှိုင်းသော သူ့ခံစားချက်များအား ပထမဆုံးအကြိမ် ဖွင့်ဟဝန်ခံခြင်းဖြစ်ပြီး နူးညံ့သောအသံဖြင့် ပထမဆုံးအကြိမ်ချွဲနွဲ့ခြင်းလည်းဖြစ်သည်။
သို့သော် အိမ်သာသွားချင်စိတ်၏အနှောင့်အယှက်ပေးခြင်းကို အမှတ်မထင် ခံလိုက်ရသည်။ သူသည် မျက်နှာနီနီဖြင့် အများသုံးမီးဖိုချောင်သို့ သွားကာ ဟင်းချက်တော့သည်။ ဖြတ်သွားဖြတ်လာလုပ်နေကြသူများအားလုံးက သိချင်စိတ်ဖြင့် မေးမြန်းကြ၏။
“တပ်မှူးရှန် ဖျားနေတာလား၊ ဘာလို့ မျက်နှာတွေ အဲဒီလောက် နီနေရတာလဲ၊ ဆေးခန်းသွားပြပါဦး၊ အတင်းကြီး တောင့်မခံထားနဲ့”
သူသည် ယောက်မကိုကိုင်ကာ ကြော်လှော်နေလေသည်။ ရှဲ့လီသည်တော့ အိမ်သာသုံးစက္ကူကို ဆုပ်ကိုင်ထားပြီး အသံပေါင်းစုံဖြင့် အားကုန် ညှစ်ချလိုက်သည်။
*ဘူ*
သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ရယ်မောလိုက်မိကြ၏။
ရှန်ဟွိုင်နျန် : ‘ငါ့မိန်းမက တကယ်ကို ချစ်စရာကောင်းတာပဲ'
ရှဲ့လီ : ‘ဒီအမျိုးသားက လူကိုမြှူဆွယ်တဲ့နေရာမှာ မထင်မှတ်ထားလောက်အောင်လောက်အောင် တော်တာပဲ'
နောက်ရက်အနည်းငယ်အတွင်း ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့သည် သူတို့မင်္ဂလာအိမ်သစ်ကို စတင်ပြင်ဆင်ကြတော့သည်။ သူတို့ရရှိထားသော အိမ်မှာလည်း စစ်တပ်ဝင်းအတွင်း၌ပင်ရှိပြီး သူတို့လက်ရှိနေထိုင်နေသောနေရာနှင့် မီတာအနည်းငယ်ခန့်သာကွာဝေးသည်။
အဖွဲ့အစည်းက ဤတစ်ခန်းတည်းရှိသောအိမ်ကို ပြန်လည်ရုပ်သိမ်းတော့မည်ဖြစ်သဖြင့် သူတို့သည် မင်္ဂလာအိမ်အသစ်ဆီသို့ ပြောင်းရွှေ့ရန်လိုအပ်လာလေ၏။ အိမ်အသစ်မှာ စတုရန်းမီတာ ၁၂၀ကျယ်ဝန်းပြီး သီးသန့်မီးဖိုချောင်တစ်ခုပင်ပါဝင်သည်။
ဒီရက်ပိုင်းအတွင်း စစ်တပ်ဝင်းတစ်ခုလုံးရှိ စစ်သည်ဇနီးသည်များမှာ လုပ်စရာမရှိသဖြင့် သူတို့နှစ်ဦးအလုပ်ရှုပ်နေသည်ကိုသာ ကြည့်နေကြသည်။
“ဟွိုင်နျန် ဒီပန်းအိုးလေးက အရမ်းလေးတာပဲ၊ ကျွန်မ မ,မနိုင်ဘူး”
ရှဲ့လီသည် ပန်းအိုးငယ်လေးကိုကိုင်ကာ ရှန်ဟွိုင်နျန်နောက်သို့ တကောက်ကောက်လိုက်ရင်း အားကိုးရာမဲ့သည့်ဟန်ဖြင့် ချွဲနွဲ့နေ၏။ စစ်သည်ဇနီးများက မထီမဲ့မြင်ပြုကာ နှာမှုတ်လိုက်ကြသည်။
‘လူတွေကို တော်ပီဒိုလိုဝင်တိုက်တုန်းကကျတော့ ဘာလို့မညည်းညူခဲ့တာလဲ'
လူအများ၏စောင့်ကြည့်မှုအောက်တွင် တပ်မှူးရှန်သည် ပန်းအိုးအားယူလိုက်ပြီး ရှဲ့လီလက်ကို အသာပွတ်သပ်ပေးရင်း နွေးထွေးစွာပြောလိုက်လေသည်။
“မင်းက သိပ်အားမရှိတော့ အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူးလေ၊ ခဏနေရင် အိမ်မှာပဲထိုင်နေ၊ ဘာကို ဘယ်နေရာမှာထားချင်လဲဆိုတာ ကိုယ့်ကို ညွှန်ကြားရုံပဲ၊ ကိုယ်အကုန်လုပ်ပေးမယ်”
အရှေ့ဘက်တွင် ဗီရိုတစ်လုံးကိုမောဟိုက်စွာ သယ်ဆောင်လာသော ရှောင်ချီနှင့် ကျန်းချင်းလျန်တို့သည် အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
တစ်ယောက်၏စိတ်ထဲတွင် ဒေါက်မြင့်ဖိနပ်စီးကာ သူခိုးအားရိုက်နှက်နေသော ရှဲ့လီ၏မြင်ကွင်းကို မြင်ယောင်နေသည်။
အခြားတစ်ယောက်စိတ်ထဲတွင် ဧရာမကျောက်တုံးကြီးအား လက်ဗလာဖြင့် မ,တင်နေသော ရှဲ့လီ၏မြင်ကွင်းကို မြင်ယောင်နေသည်။
ဤဘက်တွင် ရိုမန့်တစ်ဆန်မှုကြီးမြင့်မားနေချိန်၌ အခြားဘက်တွင်မူ အလွမ်းသရုပ်ဆောင်မှုများက အသက်ဝင်နေလေသည်။
“အဖေ အဖေရယ် အဖေဘယ်မှာလဲ”
ယဲ့ရှုဟွာသည် သူမဖခင်ကိုရှာဖွေရင်း မြေပြင်ပေါ်သို့ ပစ်ကျသွားသည်။ သူမဖခင်မှာ ရှန်ဟွိုင်နျန်၏ကြဲချသည်ကို ခံလိုက်ရပြီး ဖုန်မှုန့်တစ်စက်မျှပင်မကျန်တော့ချေ။ လျူရှို့အော်သည် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောလုနီးပါးအထိ ငိုကြွေးနေသည်။
“ရှင့်မျက်နှာကို ပွတ်သပ်နေရသလိုမျိုး မြေကြီးကို ကျွန်မပွတ်သပ်နေရတယ် ကျန့်ကျွင်းရယ် အိုးဟူးဟူး....”
သားအမိနှစ်ယောက်မှာ အစွမ်းကုန် သရုပ်ဆောင်နေကြသည်။
‘အရိုးပြာတွေ မရှိတော့ဘူးလေ၊ ငါတို့က ရှင်းလင်းချက်တောင်းရမယ် မဟုတ်လား၊ အဲဒီလိုမှမဟုတ်ရင် အရိုးပြာတွေ အလကားကြဲချခံလိုက်ရသလို ဖြစ်သွားမှာပေါ့'
*ဂျွတ်*
“အားးးးး"
ဖြတ်သွားသောရှဲ့လီသည် လျူရှို့အော်လက်ကို တည့်တည့်ကြီးနင်းမိသွားသည်။ သူမ အလျင်အမြန် တောင်းပန်လိုက်၏။
“ဆောရီး ဆောရီး ကျွန်မ မမြင်လိုက်လို့ပါ”
‘ငါ တကယ်မမြင်ခဲ့တာပါ၊ ရှန်ဟွိုင်နျန်နဲ့ အချစ်စမ်းနေရတာနဲ့ အရမ်းအလုပ်ရှုပ်နေခဲ့တာလေ'
ရှဲ့လီကိုမြင်လိုက်ရသောအခါ ယဲ့ရှုဟွာ ဒေါသများ ပိုမိုပေါက်ကွဲလာတော့သည်။
ရှန်ဟွိုင်နျန်သည် ရှဲ့လီအတွက် သူမဖခင်၏ပြာများကို ကြဲချခဲ့သော်လည်း အထက်လူကြီးများက သူ့ကိုစကားအနည်းငယ်မျှသာ ပြစ်တင်ဝေဖန်ခဲ့ပြီး သူမကိုမူ လူသိရှင်ကြားဝေဖန်ရှုတ်ချစာ ထုတ်ပြန်ခိုင်းခဲ့သည်။
‘မဟုတ်မမှန်စွပ်စွဲခြင်းနှင့် ကောလာဟလဖြန့်ခြင်းတွေတဲ့လား၊ ဒီတစ်ကြိမ်က သတိပေးတာတဲ့၊ တတိယအကြိမ်ဆိုရင် ရာထူးကနေဆိုင်းငံ့မယ်တဲ့'
‘ရှဲ့လီရဲ့ဂုဏ်သိက္ခာကိုတော့ ကာကွယ်ပေးလိုက်ပြီ၊ ငါ့ဂုဏ်သိက္ခာကရော'
‘ဒီအကြွေးကို မကြာခင်မှာ သူမနဲ့ရှင်းရမယ်'
…
မင်္ဂလာအိမ်အသစ်ပြင်ဆင်မှုမှာ အတော်လေး ပြီးစီးသွားပြီဖြစ်သည်။ ရှန်ဟွိုင်နျန်ပြောခဲ့သည့်အတိုင်း ရှဲ့လီသည် ဘာတစ်ခုမှလုပ်စရာမလိုဘဲ ကုလားထိုင်ပေါ်တွင်ထိုင်ကာ အမိန့်ပေးနေရုံသာပင်။
အရာအားလုံးပြီးစီးသွားပြီး ဇနီးမောင်နှံနှစ်ဦး ကြည်နူးချိန်ပင်မရလိုက်မီ အရေးပေါ် စစ်ဆင်ရေးတစ်ခုကျလာခဲ့သည်။ ဤစစ်ဆင်ရေးမှာ အလွန် အရေးကြီး၏။ ရှန်ဟွိုင်နျန်တွင် ရှဲ့လီအားစကားများများပြောရန် အချိန်မရှိဘဲ အမြန်မှာကြားပြီးနောက် ထွက်ခွာသွားလေသည်။
တစ်ချိန်တည်းမှာပင် ရှဲ့လီသည်လည်း နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနထံမှ တာဝန်တစ်ခု လက်ခံရရှိခဲ့သည်။ သူမသည် စစ်ဘက်ဆိုင်ရာဆရာဝန်တစ်ဦးအနေဖြင့် တပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေးတွင် လိုက်ပါရမည်ဖြစ်ပြီး ရှန်ဟွိုင်နျန်အနီးရှိ မသင်္ကာစရာလူများကို စောင့်ကြည့်ရမည်ဖြစ်သည်။
ရှန်ဟွိုင်နျန်သည် ရန်သူ့သူလျှိုများက အနီးကပ်စောင့်ကြည့်နေသော ပစ်မှတ်တစ်ခုလည်းဖြစ်သည်။ စစ်ဆင်ရေးတွင် လိုက်ပါမည့် စစ်ဘက်ဆိုင်ရာဆရာဝန် နှစ်ဦးရှိသည်။
ရှဲ့လီနှင့် ယဲ့ရှုဟွာပင်...