အခန်း ၁၀၄
Vol. 11 Ch. 104
Ch-104
“ရှောင်လီ”
ရှန်ဟွိုင်နျန် လဲကျမသွားမီ တစ်စက္ကန့်အလိုလေးတွင်ပင် ရှဲ့လီရင်ခွင်ထဲသို့ ကျရောက်သွားခဲ့သည်။ ရှောင်ချီမှာ စိတ်လှုပ်ရှားလွန်း၍ သူ့ပါးစပ်သူပြန်အုပ်ထားမိသည်။
‘ဒါအလှလေးက သူရဲကောင်းကို ကယ်တင်လိုက်တာပဲလား၊ မရီးက လန်းလိုက်တာ၊ ငါတော့ မရီးကိုအရမ်းသဘောကျသွားပြီ'
“မရီး ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ”
ရှောင်ချီက ကူညီပေးရန်ရှေ့တိုးလာခဲ့သည်။ ရှဲ့လီ၏မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပြီး သူမလက်များကလည်း တစ်စက္ကန့်မျှပင်ရပ်နားမနေခဲ့ပေ။
“ငါက ဒီစစ်ဆင်ရေးမှာလိုက်ပါလာတဲ့ တပ်မတော်ဆရာဝန်လေ”
ကောင်းကင်ယံမှာ အလွန်တရာမှောင်မိုက်နေသဖြင့် သူမသေချာမမြင်ရပေ။ ထို့ကြောင့် ရှန်ဟွိုင်နျန်၏ကိုယ်ပေါ်သို့ လက်ဖြင့်စမ်းသပ်ကာ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ သူ့ဝမ်းဗိုက်တစ်ခုလုံး စိုရွှဲစေးကပ်နေသည်။ အားလုံးက သွေးတွေချည်းသာဖြစ်၏။
“ဒုက္ခပါပဲ၊ သူ့အူတွေများပေါက်ထွက်သွားပြီလား”
ရှဲ့လီက တိုးတိုးလေးရေရွတ်လိုက်၏။
“ရှောင်လီ ကိုယ်ဘာမှမဖြစ်ဘူး၊ ဒါက တခြားလူရဲ့သွေးတွေပါ”
ရှန်ဟွိုင်နျန် သတိပြန်လည်လာပြီး သူ့ကိုယ်ပေါ်တွင် အပြေးအလွှားစမ်းသပ်နေသော ရှဲ့လီ၏လက်သေးသေးလေးများကို ဖမ်းဆုပ်လိုက်၏။
လွန်ခဲ့သောခဏလေးကမှ သူသည် လက်တစ်ဖက်ဖြင့် ရှောင်ချီကိုဆွဲယူခဲ့ပြီး ကျန်လက်တစ်ဖက်က မြေပြင်ပေါ်မှ ရန်သူ့အလောင်းတစ်ခုကို ဆွဲယူကာ ကာကွယ်ခဲ့ခြင်းဖြစ်သည်။
သေချာစစ်ဆေးကြည့်လိုက်သောအခါ ရှန်ဟွိုင်နျန်၏ဘယ်ဘက်ခြေထောက်တွင် ကျည်ရှပ်မှန်ထားသောဒဏ်ရာတစ်ခုရှိနေပြီး ညာဘက်လက်မောင်းတွင် ကျည်ဖောက်ဝင်သွားသော ဒဏ်ရာရရှိထားသည်။
ရှဲ့လီက ဆေးသေတ္တာကိုကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ရှန်ဟွိုင်နျန်၏ဒဏ်ရာများကို အမြန်ဆုံး ကုသပေးလိုက်၏။
“ရှောင်လီ၊ မင်း အရင်ပြန်သွားနှင့်လိုက်ပါ၊ ကိုယ် ဒီတာဝန်ပြီးတာနဲ့ မင်းဆီလိုက်လာခဲ့မယ်”
ရှန်ဟွိုင်နျန်သည် ခဏမျှအနားယူပြီးနောက် မတ်တတ်ရပ်လိုက်ကာ သူတို့နှစ်ဦးကိုဦးဆောင်ပြီး ရှေ့ဆက်တက်ရန် ပြင်ဆင်လိုက်သည်။ ရှဲ့လီက ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ၊ ကျွန်မလည်း ရှင်နဲ့အတူလိုက်ခဲ့မယ်”
ထိုသို့ပြောပြီးသည်နှင့် သူမသည် ဆေးသေတ္တာကို ရှောင်ချီပခုံးပေါ်သို့လွယ်ပေးလိုက်ပြီး ရှန်ဟွိုင်နျန်ကို ကုန်းပိုးကာ ရှေ့သို့ပြေးထွက်သွားတော့သည်။
ရှောင်ချီ နှင့် လျူကျန့်ချန် : ‘ဘာတွေဖြစ်ကုန်တာလဲ’
ရှန်ဟွိုင်နျန် : ‘ဘာတွေဖြစ်ကုန်တာလဲ’
ရှဲ့လီက ခြေလှမ်းအနည်းငယ်မျှပြေးသွားပြီးနောက် အနောက်တွင် ကြောင်တောင်တောင်ဖြစ်နေကြသော သူတို့နှစ်ဦးကိုလှည့်ကြည့်လိုက်ပြီး ဒေါသသံဖြင့် အော်လိုက်သည်။
“လာကြလေ”
“အာ... ဟိုလေ... မရီး”
ရှဲ့လီ၏ကျောပေါ်တွင် ကြောင်တောင်တောင်ဖြစ်နေသော ရှန်ဟွိုင်နျန်ကိုကြည့်ရင်း ရှောင်ချီကရယ်ချင်စိတ်ကို အတင်းအောင့်ထားကာ ညာဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
“မရီး သွားရမယ့်လမ်းကမှားနေပြီဗျ”
“အိုး”
ရှဲ့လီက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး လမ်းကြောင်းမှန်ဘက်သို့လှည့်ကာ ဆက်ပြေးတော့သည်။
“ရှောင်လီ ကိုယ့်ကိုအောက်ချပေးပါ၊ ကိုယ့်ဘာသာ လျှောက်နိုင်ပါတယ်”
ရှန်ဟွိုင်နျန်က တိုးညှင်းသောအသံလေးဖြင့် အသနားခံလိုက်သည်။ သူတို့အနောက်မှလိုက်ပါလာကြသော ရှောင်ချီနှင့် လျူကျန့်ချန်တို့မှာ ကောင်းကင်ကိုတစ်လှည့် မြေကြီးကိုတစ်လှည့် ကြည့်လိုက်ကြပြီး အသံတိတ် ရယ်မောနေကြသည်။
‘ငါတို့ရဲ့မရီးကတော့ တကယ့်ကို အံ့မခန်းပါပဲ၊ တကယ့်သူရဲကောင်းကြီးပါပဲ'
မကြာမီမှာပင် သူတို့လေးဦးသည် သွားရမည့်နေရာသို့ ရောက်ရှိသွားကြ၏။ ထင်ထားသည့်အတိုင်းပင် ရန်သူများက စာရွက်စာတမ်းကို ခိုးယူလာသူအား လုံလုံခြုံခြုံဆုတ်ခွာနိုင်ရန် ကာကွယ်ပေးနေကြပြီး လှေပေါ်သို့တက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ရုတ်တရက် သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။
ရှောင်ချီက မှန်ပြောင်းကိုထုတ်ယူကာ မီးရောင်အောက်တွင် ခဏမျှကြည့်လိုက်ပြီး အလျင်စလိုပြောလိုက်၏။
“ဒါ ကျန်းချင်းလျန်ပဲ တပ်မှူး၊ သူတို့စပစ်နေကြပြီ၊ ကျွန်တော်တို့ မြန်မြန်သွားပြီး သူတို့ကိုဝိုင်းလိုက်ကြစို့”
ရှန်ဟွိုင်နျန်က ရှဲ့လီ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
“ရှောင်လီ၊ ကိုယ့်ကို အောက်ချပေးတော့၊ ဟိုဘက်က ကျောက်တုံးနောက်မှာ သွားပုန်းနေပြီး ကိုယ်ပြန်လာမယ့်အချိန်ကို စောင့်နေနော်”
ထို့နောက် သူက ရှောင်ချီနှင့် လျူကျန့်ချန်တို့ဘက်သို့ လှည့်လိုက်သည်။
“မင်းတို့နှစ်ယောက် ငါ့နောက်ကနေ လိုက်ခဲ့၊ သူတို့ကို ဝိုင်းမယ်”
သူ စကားပြော၍ပင်မဆုံးသေးမီ ရှဲ့လီသည် ဖားပြုတ်တစ်ကောင် ရေထဲခုန်ဆင်းသကဲ့သို့ သူမကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ရှန်ဟွိုင်နျန်ကိုကျောပေါ်တွင်ပိုးလျက် မြှားတစ်စင်းပမာပြေးထွက်သွားလေတော့၏။
ရှောင်ချီနှင့် လျူကျန့်ချန် : ‘ဘာတွေဖြစ်ကုန်တာလဲ’
“မရီး ကျွန်တော်တို့ကိုလည်း စောင့်ပါဦး”
သူတို့နှစ်ဦးလည်း အလျင်အမြန်ပင် နောက်မှလိုက်ပါသွားကြတော့သည်။ ရန်သူများက စာရွက်စာတမ်းခိုးယူလာသူကို လှေပေါ်သို့တက်ရန် စီစဉ်ပေးနေစဉ် မလှမ်းမကမ်းဆီမှသရဲတစ်ကောင်ကဲ့သို့ ပြေးလွှားလာသောပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ မှောင်မိုက်နေသဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ထိုအရာက လူနှင့်တူသယောင်ယောင်ရှိသော်လည်း လူမဟုတ်လောက်ဘူးဟု သူတို့ ခံစားလိုက်ရသည်။ ၎င်း၏ ကိုယ်ခန္ဓာပုံစံမှာ ထူးဆန်းနေပြီး မျောက်ဝံကြီးတစ်ကောင်ကဲ့သို့ မြွေလိမ်မြွေကောက်လမ်းကြောင်းအတိုင်း ခုန်ပေါက်ကာ သူတို့ဆီသို့ အလွန်မြန်ဆန်သောနှုန်းဖြင့် ပြေးဝင်လာနေသည်။
“ပစ် ပစ်လိုက်”
ရန်သူ့ခေါင်းဆောင်မှာ ကြောက်လန့်တကြားဖြစ်ကာ မျက်နှာတစ်ခုလုံးဖြူလျော်သွားပြီး လက်ညှိုးထိုးပြကာ ပစ်ရန်အော်ဟစ်လိုက်၏။ ရန်သူ့တပ်သားများမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြပြီး သူ လက်ညှိုးထိုးပြရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ထိုအရာထံမှ မျောက်ဝံတစ်ကောင်အော်ဟစ်သကဲ့သို့ အလွန်စူးရှပြီး ကြက်သီးထဖွယ်ကောင်းသော အသံကြီးကို သူတို့ကြားလိုက်ရသည်။
“အိုးဟိုး အိုးဟိုး အိုးဟိုး”
ရှဲ့လီသည် ရှန်ဟွိုင်နျန်အားကျောပေါ်တွင်ပိုးကာ ပြေးလွှားရသည်ကို အလွန်သဘောကျနေသည်။ မည်သို့ပင်ဖြစ်စေ သူမကိုမြင်သွားကြပြီဖြစ်ရာ ပွဲပိုစည်သွားစေရန် ရည်ရွယ်၍အော်ဟစ်လိုက်ခြင်းပင်။
“မြန်မြန် မြန်မြန် အဲဒီအကောင်ကိုသတ်လိုက်”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှဲ့လီသည် သုံးပေအမြင့်သို့ခုန်တက်လိုက်၏။ သူမက ရှန်ဟွိုင်နျန်ကို ပေါ့ပေါ့ပါးပါးပင် အောက်သို့ချပေးလိုက်ပြီး လှမ်းအော်လိုက်သည်။
“ကျွန်မကို ကာကွယ်ပေးထား”
ရှန်ဟွိုင်နျန်၊ ရှောင်ချီနှင့် လျူကျန့်ချန်တို့က ချက်ချင်းပင်ကာကွယ်ပေးရန် စတင်ပစ်ခတ်ကြတော့သည်။ သူမပုံရိပ်က ရန်သူများ၏မျက်လုံးထဲတွင် တော်ပီဒိုတစ်ခုကဲ့သို့ တဖြည်းဖြည်း ကြီးမားလာတော့၏။
*ဒုန်း*
သူမသည် စာရွက်စာတမ်းခိုးယူလာသောသူလျှိုအပေါ်သို့ တည့်တည့်မတ်မတ်ပြုတ်ကျသွားပြီး ထိုသူမှာ ခေါင်းများမူးဝေသွားသည်အထိ ဖိမိသွားတော့သည်။ သူမသည် ထိုသူ့ကိုယ်ပေါ်သို့ဆောင့်ချလိုက်ပြီး အပြတ်အသတ်ကို ဖိချေပစ်လိုက်ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချင်းလျန်သည် သူ့တပ်စုကိုဦးဆောင်ကာ အနောက်ဘက်မှ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လိုက်သဖြင့် ညှပ်ပိတ်တိုက်ခိုက်မှုတစ်ခုပြုလုပ်နိုင်ပြီး စာရွက်စာတမ်းများကို အောင်အောင်မြင်မြင်တားဆီးရယူနိုင်ခဲ့၏။
အပေါ်မှအဖိခံလိုက်ရသော ထိုသူမှာ ကြွက်သတ်ဆေးစားထား၍ ဆန့်ငင်ဆန့်ငင်ဖြစ်နေသော ကြွက်တစ်ကောင်ပမာ မြေပြင်ပေါ်တွင်တဆတ်ဆတ်တုန်ရီနေတော့သည်။