← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

Ch-105

ရှဲ့လီ မတ်တတ်ရပ်ကာသေချာကြည့်လိုက်သောအခါ ထိုသူသည် မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူတစ်ဦးကဲ့သို့ ပုကွကွဖြစ်ကာ နွားငယ်တစ်ကောင်ထက်ပင်ပိုပုနေပြီး အဝေးမှကြည့်လျှင် ဖားပြုတ်ကြီးတစ်ကောင်နှင့်တူနေသည်ကို တွေ့လိုက်ရသည်။

သူမ ခေါင်းညိတ်လိုက်သည်။ သူမတွေးထားသည့်နိုင်ငံတစ်ခု၏ပုံစံမျိုးနှင့် ကွက်တိပင်။ ဖားပြုတ်ကြီးသည် လက်ဆွဲအိတ်တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ရှဲ့လီက ထိုအိတ်ကိုယူကာ ရှန်ဟွိုင်နျန်ထံသို့ကမ်းပေးလိုက်သည်။ ၎င်းမှာ သူတို့ တားဆီးရယူရန်လိုအပ်နေသော အချက်အလက်များပင်။

“မရီး ဒီကို ဘယ်လိုရောက်နေတာလဲ”

ကျန်းချင်းလျန်က ရှဲ့လီကိုအံ့ဩတကြီး ကြည့်လိုက်သည်။ လွန်ခဲ့သော ခဏလေးကပင် ဖားပြုတ်ကြီးသည် လှေပေါ်သို့တက်ကာ ထွက်ပြေးလွတ်မြောက်သွားတော့မည်ကိုမြင်လိုက်ရသဖြင့် သူသည် ရှန်ဟွိုင်နျန်တို့ကို စောင့်မနေနိုင်တော့ဘဲ တိုက်ရိုက်စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူ့လက်နက်အင်အားမှာ ရန်သူများကိုမယှဉ်နိုင်ခဲ့ပေ။ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် မလှမ်းမကမ်းဆီမှ မျောက်ဝံကြီးတစ်ကောင်နှင့်တူသော သတ္တဝါတစ်ကောင် ပြေးလွှားလာသည်ကို မြင်လိုက်ရသည်။

ထိုသတ္တဝါကြောင့် ရန်သူများမှာ အလွန်တရာထိတ်လန့်တုန်လှုပ်သွားကြပြီး အာရုံလွင့်သွားခဲ့သည်။ သူသည် ထိုအခွင့်အရေးကိုအရယူကာ ရှေ့သို့ ဆက်တက်လာခဲ့၏။

ထိုအချိန်တွင် မျောက်ဝံကြီးမှာ ရုတ်တရက် နှစ်ပိုင်းကွဲသွားပြီး တစ်ပိုင်းက ကောင်းကင်သို့ပျံတက်သွားကာ ဖားပြုတ်ကြီးအပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။

မီးရောင်အောက်တွင် သေချာကြည့်လိုက်သောအခါ မျောက်ဝံကြီးဆိုသည်မှာ သူ့တပ်မှူးကိုကျောပေါ်တွင်ပိုးထားသောမရီးပင် ဖြစ်နေတော့သည်။ ရှဲ့လီက လက်မြှောက်ကာ အနည်းငယ်ရှုပ်ပွနေသောဆံပင်များကို သပ်တင်လိုက်ပြီး ရှန်ဟွိုင်နျန်ဘေးသို့ ရှက်သွေးဖြာစွာဖြင့် လျှောက်သွားလိုက်၏။

“ကျွန်မက ဒီစစ်ဆင်ရေးမှာလိုက်လာတဲ့ တပ်မတော်ဆရာဝန်လေ”

သူမက ရှန်ဟွိုင်နျန်ကိုယ်ပေါ်သို့ မှီတွယ်လိုက်ပြီး နူးညံ့သိမ်မွေ့သောဇနီးလေးတစ်ယောက်ပမာ ဟန်ဆောင်နေပြန်သည်။ ရှန်ဟွိုင်နျန်က သူမပခုံးကို လှမ်းဖက်လိုက်ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်၏။

“မင်း အရမ်းကြောက်သွားမှာပဲနော်”

ရှဲ့လီက ရှက်သွေးဖြာသွားပြီး ခေါင်းညိတ်ပြလိုက်သည်။ ရှောင်ချီနှင့် ကျန်းချင်းလျန်တို့၏မျက်လုံးများထဲတွင် ကြယ်လေးများပင် လင်းလက်သွားတော့သည်။ သူတို့မရီးကတော့ တကယ့်ကိုအံ့မခန်းပင်။

ဘေးတွင်ရပ်နေသော လျူကျန့်ချန်မှာမူ ဘာပြောရမှန်းမသိအောင် အံ့အားသင့်နေမိသည်။

‘မရီးက စိတ်နှစ်ခွရောဂါများရှိနေတာလား'

ရှောင်ချီ၊ ကျန်းချင်းလျန်နှင့် လျူကျန့်ချန်တို့က စစ်မြေပြင်ကိုစတင်ရှင်းလင်းနေကြချိန်တွင် ရှဲ့လီကဆေးသေတ္တာကို ပြန်လည်ထုတ်ယူကာ ရှန်ဟွိုင်နျန်၏ဒဏ်ရာများကို သေချာကုသပေးနေသည်။ ယခင်က အခြေအနေအလွန်အရေးကြီးနေသဖြင့် ရိုးရိုးရှင်းရှင်းသာ ပတ်တီးစည်းပေးခဲ့ရခြင်းဖြစ်၏။

ယခုအခါ အခြားသူများရှင်းလင်းရေးလုပ်နေချိန်တွင် အချိန်ယူကာ စနစ်တကျကုသပေးနေခြင်းဖြစ်သည်။

“ခြေသလုံးမှာ ကျည်ရှပ်မှန်ထားတဲ့ ဒဏ်ရာတစ်ခုရှိတယ်၊ ဒါပေမဲ့ ဒဏ်ရာက နည်းနည်းနက်တယ်”

ရှဲ့လီက မျက်မှောင်ကြုတ်လိုက်ပြီး တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။ ရှန်ဟွိုင်နျန်က လက်ကာပြကာ စိုးရိမ်စရာမလိုကြောင်း ပြောရန်ပြင်လိုက်စဉ် ရှဲ့လီက သူ့လက်ကို ဆုပ်ကိုင်လိုက်၏။

သူမနှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်ကွေးသွားပြီး ရှန်ဟွိုင်နျန်၏ခြေထောက်ကို စိုက်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဒီဒဏ်ရာကို ကုပေးဖို့ဆိုရင် ရှင့်ဘောင်းဘီကို ချွတ်ရလိမ့်မယ် ဟီးဟီးဟီး”

ရှောင်ချီ၊ ကျန်းချင်းလျန်၊ လျူကျန့်ချန် : .....

‘မရီး ခင်ဗျားရဲ့ရယ်သံက နည်းနည်းတော့ကျယ်လွန်းနေပြီ'

ရှန်ဟွိုင်နျန်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်သည်။ ခြေသလုံးတွင် ကျည်ရှပ်မှန်ထားပြီး ညာဘက်လက်မောင်းတွင်လည်း ကျည်ဖောက်ဝင်သွားသော ဒဏ်ရာရရှိထားသဖြင့် သူသည် မလွဲမသွေအားနည်းနေသကဲ့သို့ဖြစ်နေပြီး နူးညံ့သိမ်မွေ့သော ခင်ပွန်းလေးတစ်ယောက်နှင့်ပင် တူနေတော့၏။

“မင်းသဘောပါပဲ”

သူသည် သတ်ရန်အသင့်စောင့်ဆိုင်းနေရသော အကူအညီမဲ့နေသည့် သိုးသူငယ်လေးတစ်ကောင်ပမာဖြစ်နေသည်။

ရှောင်ချီနှင့် ကျန်းချင်းလျန်တို့က အချင်းချင်း အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်ကြပြီး သူတို့ပါးစပ်များ တွန့်ကွေးသွားကာ သူတို့အလုပ်ကိုသာ ဆက်လက်အာရုံစိုက်နေလိုက်ကြသည်။

‘ငါတို့ရဲ့တပ်မှူးက တကယ့်ကို သရုပ်ဆောင်ကောင်းလွန်းတယ်၊ အရင်က ဒီထက်ပိုပြင်းတဲ့ဒဏ်ရာတွေရခဲ့ချိန်မှာတောင် လန်းဆန်းနေခဲ့တာ၊ အခုဇနီးသည်ရှေ့ရောက်တာနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားနည်းသွားရတာလဲ'

"ဟီးဟီးဟီး”

သူတို့နှစ်ဦးက ပါးစပ်အုပ်ကာ တိတ်တိတ်လေး ရယ်မောနေကြသည်။

‘ချစ်ဖို့ကောင်းလိုက်တာ၊ အရမ်းကို သဘောကျတာပဲ'

ရှဲ့လီ စိတ်ထဲမှနေ၍ကျေနပ်အားရစွာ ရယ်မောနေမိသည်။

“အရှက်မရှိတဲ့ကောင်မ”

ရှဲ့လီ၏ရယ်သံ ရုတ်တရက်ရပ်တန့်သွား၏။ ကြိုးဖြင့်တင်းကျပ်စွာ တုပ်နှောင်ခံထားရသော ဖားပြုတ်ကြီးသည် သူမနှင့်မလှမ်းမကမ်းတွင်ထိုင်နေသည်။ သူကမျက်လုံးပြူးကြီးဖြင့် သူမကိုစိုက်ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်သည်။

“ဘာကြည့်နေတာလဲ၊ မင်းကို ပြောနေတာလေ၊ အရှက်မရှိတဲ့ကောင်မ”

ရှဲ့လီလက်ပြန်ရုပ်လိုက်ပြီး ရှန်ဟွိုင်နျန်ကို ဘေးသို့ပစ်ချထားခဲ့ကာ ဖားပြုတ်ကြီးထံသို့ လျှောက်သွားလိုက်သည်။

*ရွှပ်*

ဖားပြုတ်ကြီးသည် အေးစက်စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရ၏။ အစောလေးကမှ ဒဏ်ရာရနေပြီး အားနည်းနေသော ထိုလူချောလေးသည် ယခုအခါ မြေခွေးမျက်လုံးများဖြင့် သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေသည်။

‘စောစောက အားနည်းနေတဲ့ပုံစံတွေ ဘယ်ရောက်သွားတာလဲ’

ထိုအကြည့်ကိုကြည့်ရုံဖြင့် ယခုအချိန်တွင် လူရှစ်ယောက်လောက်ကို ပြဿနာမရှိဘဲ ရင်ဆိုင်နိုင်နေမည့်ပုံပင်။ ရှဲ့လီက အနီးသို့လျှောက်သွားပြီး ထိုဖားပြုတ်ခေါင်းကြီးကို အားရပါးရ ထုနှက်ပစ်လိုက်သည်။

“နင့်မှာက လက်တွေ ခြေတွေချို့ယွင်းနေတာတောင် ပါးစပ်ကတော့ အဆိပ်တွေ ထွက်နေတုန်းပဲလား၊ နင့်ပုံစံက စားကြွင်းစားကျန် အသားတုံးနဲ့တောင် တူနေသေးတယ်၊ နင့်ကို ငါမှတ်လောက်သားလောက်အောင် ပညာပေးရမယ် ပညာပေးမယ်”

ဖားပြုတ်ကြီးမှာ အမေကိုပင်တမ်းတရသည်အထိ အရိုက်ခံလိုက်ရ၏။

‘ဒီမိန်းမက အရမ်းကိုအရှက်မရှိတာပဲ။ ငါ့ကို ရိုက်နှက်ရုံတင်မကဘူး၊ ငါ့ကိုယ်ရေးကိုယ်တာကိုပါ စော်ကားနေသေးတယ်'

သူ ငိုချလိုက်တော့သည်။ ရိုက်နှက်ပြီးနောက် ရှဲ့လီက သူမဆံပင်များကို လက်ချောင်းလေးဖြင့် ကျော့ရှင်းစွာ သပ်တင်လိုက်ပြီး ရှန်ဟွိုင်နျန်ကိုကြည့်လိုက်သည်။ ရှန်ဟွိုင်နျန်က အကြည့်ကို ချက်ချင်းလွှဲလိုက်ပြီး ကောင်းကင်ပေါ်မှ ကြယ်များကိုအမြန်မော့ကြည့်နေလိုက်၏။

“အားနျန် ဘာလုပ်နေတာလဲ”

“ကိုယ် ကြယ်တွေကိုကြည့်နေတာလေ၊ ကြယ်လေးတွေက အရမ်းလှတာပဲ၊ အိုး စောစောက မင်းဘာလုပ်နေတာလဲ”

ရှဲ့လီက ရှန်ဟွိုင်နျန်ဘေးသို့ ချစ်စဖွယ်အမူအရာလေးဖြင့် ပြေးလာခဲ့သည်။

“ဖားပြုတ်ကြီးရဲ့ဒဏ်ရာတွေကို သွားစစ်ဆေးကြည့်တာလေ”

ရှန်ဟွိုင်နျန်က လက်မြှောက်ကာ ရှဲ့လီ၏ခေါင်းလေးကို အလွန်ချစ်ခင်မြတ်နိုးစွာဖြင့် ပွတ်သပ်ပေးလိုက်သည်။

“ကိုယ့်ရဲ့ရှောင်လီလေးက သိပ်သဘောထားပြည့်ဝတာပဲ”

ဖားပြုတ်ကြီး : “.....”

‘မင်းတို့နှစ်ယောက် သွားသေလိုက်ကြတော့'

သူတို့ပြန်ရောက်လာချိန်တွင် အခြားတပ်စုများကလည်း စစ်မြေပြင်ကို ရှင်းလင်းပြီးစီးနေလေပြီပင်။ တပ်သားလေးတစ်ဦးက မလှမ်းမကမ်းဆီမှ တုန်တုန်ယင်ယင်ဖြင့်ပြေးလာကာ ဖားပြုတ်ကြီးကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်သည်။

“ဒုက္ခပါပဲ တပ်မှူး၊ ဆရာဝန်ယဲ့ကို ရန်သူတွေဖမ်းသွားပြီ၊ သူတို့က ဒီလူနဲ့ ဆရာဝန်ယဲ့ကို လူချင်းလဲဖို့တောင်းဆိုနေကြတယ်”

ထိုအချိန်တွင် ယဲ့ရှုဟွာသည် ပင်လယ်ကမ်းစပ်ရှိကျောက်ဆောင်များကြားတွင် ပုန်းအောင်းနေခဲ့သည်။ သူမက ထိုစာတိုလေးကို တမင်သက်သက်ထားရစ်ခဲ့ခြင်းဖြစ်သည်။

ရှန်ဟွိုင်နျန်က ရှဲ့လီကိုလက်ထပ်ခဲ့လျှင်တောင်မှ သူမကိုလုံးဝပစ်ထားခဲ့မည်မဟုတ်ကြောင်း ရှဲ့လီအားသိစေချင်၍ပင်။

All Chapters