← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

Ch-108

ရှဲ့လီသည် သူမလက်ထဲတွင်ကိုင်ထားသောကြက်မကြီးကို အမြန်ချထားလိုက်ပြီး ရှေ့သို့ကမန်းကတန်းတိုးသွားကာ စစ်ဆေးကြည့်လေသည်။ သူမသည် ရှန်ဟွိုင်နျန်ကိုလှမ်းဆွဲလိုက်ပြီး လက်မောင်းနှင့် ခြေထောက်များကို စမ်းသပ်ဆုပ်နယ်ကြည့်လိုက်၏။

“ရှင် အဆင်ပြေရဲ့လား၊ ရှင် ဘာဖြစ်သွားတာလဲ၊ အဆင်ရောပြေရဲ့လား”

ရှန်ဟွိုင်နျန်မှာ တစ်ခွန်းမျှပြန်မပြောဘဲ ထုံးပေချွမ်သိုင်းကွက် နောက်တစ်ပိုင်းကို ဆက်တိုက်ကပြနေပြန်သည်။ ရှဲ့လီသည် သူမပေါင်ကိုသူမ ဖြတ်ခနဲရိုက်ချလိုက်၏။

‘ဒုက္ခပါပဲ၊ ရောဂါက ဦးနှောက်ထဲထိ ရောက်သွားပြီထင်တယ်’

သူမ ဘာဆက်လုပ်သင့်သနည်း။ သူမသည် ဦးနှောက်နှင့်ပတ်သက်၍ သုတေသနပြုလုပ်ထားခြင်း မရှိပေ။ အကယ်၍ လုံး၀အဆင်မပြေဖြစ်လာပါက သူ့ကိုစိတ်ကျန်းမာရေးဆေးရုံသို့သာ ပို့ရတော့မည်။

သူမရည်မှန်းချက်ဖြစ်သော ဆေးပညာလောကတွင် အောင်မြင်ရန်ဟူသည့် လမ်းကြောင်းတွင် ယခုလို ခင်ပွန်းသည်၏ဦးနှောက်ရောဂါက ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာနိုင်သည်မဟုတ်လော။

“အားနျန် ကျွန်မစကားကိုနားထောင်၊ ဆေးရုံကို အရင်သွားပြီး စစ်ဆေးကြည့်ရအောင်”

ရှန်ဟွိုင်နျန်၏မျက်နှာတွင် နားမလည်နိုင်မှုများ အထင်းသားပေါ်လွင်နေ၏။

“ကျွန်မ သိပါတယ်၊ ရှင် အခုဉာဏ်နဲ့ယှဉ်ပြီးမစဉ်းစားနိုင်တော့ဘူးဆိုတာကိုလေ၊ ရှင့်ရဲ့ဦးနှောက်က ပျက်စီးသွားပြီ”

ရှဲ့လီ၏မျက်ဝန်းများ နီရဲလာခဲ့သည်။ သူမသည် အရာရာပြည့်စုံလှသော ဤယောက်ျားကိုခင်ပွန်းအဖြစ် ရွေးချယ်နိုင်ခဲ့ပြီဟု တွေးထင်ထားခဲ့သော်လည်း ယခုအခါတွင်မူ သူသည်အရူးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

“ကိုယ် ကိုယ့်ဦးနှောက်မပျက်ပါဘူး၊ ရှောင်လီ ကိုယ့်ဦးနှောက်ဘာမှမဖြစ်ပါဘူး”

ရှဲ့လီတစ်ယောက် မျက်ရည်များသုတ်ကာ သူ့အားဆေးရုံသို့ခေါ်သွားရန် ပိုက်ဆံများ ထုတ်ယူနေသည်ကိုမြင်လိုက်ရချိန်တွင် ရှန်ဟွိုင်နျန် အလောတကြီး ရှင်းပြလေတော့သည်။

“ရှောင်လီ ကိုယ်တကယ်အရူးမဟုတ်ပါဘူးကွာ”

ရှဲ့လီအသံတွင် ငိုသံများစွက်နေ၏။

“အိုကေ အိုကေ အိုကေ ကျွန်မသိပြီ”

ရှဲ့လီသည် နှလုံးကွဲကြေမတတ်ခံစားလိုက်ရသည်။ အရူးများအားလုံးက သူတို့ကိုယ်သူတို့ အရူးမဟုတ်ဘူးဟုသာ ပြောတတ်ကြသည်ပင်။

ထိုအချိန်တွင် ရှန်ဟွိုင်နျန်သည် ရှောင်ချီကိုသတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။ အမျိုးသမီးရဲဘော်တစ်ယောက်၏လက်ကိုပင် တစ်ခါမှမကိုင်ဖူးသည့် ထိုလူပျိုသိုးစော်နံနေသောကောင်စကားကို နားထောင်ခဲ့မိသော သူကိုယ်တိုင်ကသာလျှင် တကယ့်အရူးအစစ်ဖြစ်ပေမည်။

“ကိုယ်.....ကိုယ့်ကို မင်းသဘောမကျဘူးလို့ထင်နေခဲ့တာ”

ရှန်ဟွိုင်နျန်အသံမှာ တဖြည်းဖြည်း တိုးဝင်သွား၏။ ရှဲ့လီခြေလှမ်းများ ရပ်တန့်လိုက်ပြီး ရှန်ဟွိုင်နျန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူမယောက်ျား၏မြေခွေးမျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ကိန်းအောင်းနေသည်ကို သူမမြင်တွေ့လိုက်ရသည်။ သူက လေသံတိုးတိုးဖြင့် ဆက်လက်ရှင်းပြလေ၏။

“အဲ့ဒါ ဒီနေ့ရှောင်ချီစာရွက်စာတမ်းတွေ လာပို့ရင်းနဲ့ ကိုယ်တို့နှစ်ယောက်အခန်းခွဲအိပ်နေကြတာကို သူမြင်သွားလို့၊ အဲ့ဒါ....အဲ့ဒါကြောင့်”

ရှဲ့လီနှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားလေသည်။ သူမသည် နောက်လှည့်ကာ ရှန်ဟွိုင်နျန်၏ခါးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်လိုက်ပြီး သူမခေါင်းလုံးလုံးလေးကို သူ့ရင်အုပ်ကျယ်ကြီးထဲသို့အပ်ကာ ပွတ်သပ်လိုက်၏။

ယောက်ျားပီသသော သူ၏ကိုယ်နံ့သင်းသင်းလေးက သူမနှာခေါင်းဝသို့တိုးဝင်လာသည်။

“အားနျန် ဒါဆိုရင် ဒီညကျွန်မတို့ အတူတူအိပ်ကြတာပေါ့”

ရှန်ဟွိုင်နျန်သည် နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်ပြီး လက်နှစ်ဖက်ကလည်း ဘောင်းဘီစကို အားပါပါ ဆုပ်ကိုင်ထားမိလျက်သားဖြစ်သွား၏။

သူ့ရင်ခုန်သံများက တဒိန်းဒိန်းနှင့် အပြင်းအထန် ခုန်ပေါက်နေပြီး အသက်ရှူသံများမှာလည်း ကမောက်ကမဖြစ်နေသည်။

“ရှောင်လီ”

သူသည် လက်မြှောက်ကာ ရှဲ့လီကိုပြန်ဖက်လိုက်ပြီး သူမ၏နူးညံ့သော မျက်နှာလေးကို ညင်သာစွာဆုပ်ကိုင်လိုက်လေသည်။ ရှန်ဟွိုင်နျန်၏ကြမ်းရှရှလက်ချောင်းများက သူမပါးပြင်အား ညင်သာစွာ ပွတ်သပ်နေသည်ကို ရှဲ့လီ ခံစားလိုက်ရ၏။

ထို့နောက် ရှန်ဟွိုင်နျန်သည် ခေါင်းငုံ့လာကာ သူမနှင့်တဖြည်းဖြည်းနီးကပ်လာလေ၏။ အလွန်တရာချောမောခန့်ညားသော ထိုမျက်နှာသည် သူမနှင့် တစ်စထက်တစ်စ ပို၍နီးကပ်လာခဲ့သည်။

ထူထဲသော မျက်တောင်ကော့ကော့များနှင့် စင်းလုံးချောနှာတံတို့က ရှဲ့လီ၏အမြင်အာရုံကို ဖမ်းစားထားနိုင်လွန်းလှသည်။ နူးညံ့ပြီး အေးစက်စက် နှုတ်ခမ်းတစ်စုံက သူမနှုတ်ခမ်းလွှာများထက်သို့ ညင်သာစွာဖိကပ်လာချိန်တွင်….

*ကလင် ကလင် ကလင်*

ရုတ်တရက် ထွက်ပေါ်လာသောအရေးပေါ်တယ်လီဖုန်းမြည်သံကြောင့် သူတို့နှစ်ဦးလုံးကြောင်နှစ်ကောင်ကဲ့သို့ အလန့်တကြား ခုန်ပေါက်မိသွားကြလေ၏။ ရှဲ့လီ၏ရုတ်တရက် လှုပ်ရှားမှုကြောင့် ရှန်ဟွိုင်နျန်ကို ခေါင်းနှင့်ဝင်တိုက်မိသွားကာ ရှန်ဟွိုင်နျန်၏နှုတ်ခမ်းလေး ပေါက်သွားခဲ့ရ၏။

“အာ့ မင်း ဒါကိုကြည့်စမ်းပါဦး”

ရှဲ့လီ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ သူမ အနမ်းများကို လုံလောက်အောင်မခံစားရသေးပေ။ သူတို့ ယခုမှစတင်ထိတွေ့ရုံသာရှိသေးသည်ပင်။

ရှန်ဟွိုင်နျန်၏မျက်နှာမှာ မျောက်ဖင်ကဲ့သို့ ရဲရဲနီနေ၏။ သူသည် အသိစိတ်လွတ်သွားပြီး သူ့နှုတ်ခမ်းသူလျှာဖြင့် သပ်လိုက်မိသည်။ ရှဲ့လီ၏မွှေးပျံ့ချိုမြိန်သောအရသာလေးက ထိုနေရာတွင် ကျန်ရစ်နေဆဲပင်။

တကယ့်ကို ချိုမြိန်လှသည်။

“ကိုယ် ကိုယ် ကိုယ် ကိုယ်ဖုန်းသွားကိုင်လိုက်ဦးမယ်”

သူသည်လှည့်ကာ ကမန်းကတန်းပြေးထွက်သွားတော့သည်။ ရှဲ့လီသည် နှုတ်ခမ်းစေ့ကာ တခစ်ခစ်ရယ်မောလိုက်လေသည်။ ဤယောက်ျားသည် တကယ့်ကို အပြစ်ကင်းစင်လွန်းလှပေ၏။ ဖုန်းဆက်လာသူမှာ ဝူချန်ကျွင်းဖြစ်နေ၏။

“ဟွိုင်နျန် ကိစ္စကဒီလိုကွ မင်းမရီးက ကုတင်ပေါ်ကပြုတ်ကျပြီး ဝမ်းတွေသွားထားတာ၊ ကြမ်းပြင်တစ်ခုလုံးပေပွနေတာပဲ၊ ဝေ့ဝေ့က အိမ်မှာ တစ်ယောက်တည်းဆိုတော့ ကြောက်ပြီးငိုနေတယ်၊ ငါက အခုချက်ချင်း ပြန်လာလို့မရသေးဘူး၊ အဲ့ဒါကြောင့် မင်း သွားပြီးကူရှင်းပေးလိုက်ပါဦးကွာ”

ရှန်ဟွိုင်နျန်သည် ခေါင်းညိတ်လိုက်ပြီး ဖုန်းကိုချလိုက်လေသည်။ နှစ်များစွာ ကြာမြင့်လာခဲ့ပြီဖြစ်ရာ သူနှင့်ဝူချန်ကျွင်းတို့သည် အထက်လူကြီးနှင့် လက်အောက်ငယ်သားဖြစ်သော်ငြား ကိုယ်ရေးကိုယ်တာကိစ္စများတွင်မူ မိသားစုဝင်များကဲ့သို့ ရင်းနှီးလှပေသည်။

ဝူချန်ကျွင်း၏ဇနီးဖြစ်သူ ကျန်းကျွင်းလင်ကလည်း သူ့ကိုထမင်းစားရန် မကြာခဏခေါ်လေ့ရှိသည်။ ဝူဝေ့ဝေ့ဆိုသည်မှာ ယခုနှစ်မှအသက်ဆယ့်ရှစ်နှစ်ပြည့်ခါစရှိသေးသော ဝူချန်ကျွင်း၏ သမီးလေးပင်။

“ကျွန်မ ရှင်နဲ့အတူလိုက်ခဲ့မယ်၊ ရှင့်မှာ ဒဏ်ရာတွေရှိနေသေးတော့ သွားလာလှုပ်ရှားရတာ အဆင်မပြေဖြစ်လိမ့်မယ်”

ရှဲ့လီသည် ရှန်ဟွိုင်နျန်ကိုဆွဲယူလိုက်ပြီး သူ့လက်မောင်းကို ပတ်တီးအသစ်ပြန်စည်းပေးလိုက်လေသည်။ အနောက်ထိ ဖောက်ထွက်သွားသော ဒဏ်ရာကြီးဖြစ်ရာ သူ့ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်အမာရွတ်ကြီးတစ်ခု ကျန်ရစ်နေတော့မည်ဖြစ်သည်။

All Chapters