အခန်း ၁၀၉
Vol. 11 Ch. 109
Ch-109
ဝူချန်ကျွင်းနှင့် ရှန်ဟွိုင်နျန်တို့သည် စစ်တပ်ဝင်းတစ်ခုတည်းတွင် နေထိုင်ကြသူများဖြစ်ပြီး သိပ်မဝေးလှပေ။ ထိုနှစ်ဦးတံခါးပေါက်မှ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဆိုးရွားပြင်းထန်လှသော အနံ့အသက်ဆိုးကြီးတစ်ခုကို ရှူရှိုက်မိလိုက်ကြသည်။
ဝူဝေ့ဝေ့သည် ရှဲ့လီကိုမြင်လိုက်ရချိန်တွင် သူမမျက်ဝန်းများထဲ၌ အေးစက်စက် အလင်းတန်းတစ်ခုဖြတ်ပြေးသွား၏။ ရှန်ဟွိုင်နျန်က သူမကို သေချာပေါက်ခေါ်လာမည်ဆိုသည်ကို သူမ ကြိုတင်သိရှိထားပြီးဖြစ်သည်။ သူမသည် ရှေ့တိုးလာကာ ရှန်ဟွိုင်နျန်ကို တားဆီးလိုက်လေသည်။
“အစ်ကိုဟွိုင်နျန် သူ့ကိုပဲဝင်သွားခိုင်းလိုက်ပါ၊ အစ်ကိုက ယောကျာ်းကြီးဆိုတော့ အထဲဝင်ဖို့သိပ်အဆင်မပြေလောက်ဘူး”
ရှဲ့လီက ရှန်ဟွိုင်နျန်လက်ကို ညင်သာစွာ ပုတ်လိုက်၏။
“ကျွန်မကို အပြင်ကပဲစောင့်နေ၊ ရှင် အထဲဝင်ဖို့က တကယ်ပဲအဆင်မပြေဘူး”
ဝူဝေ့ဝေ့သည် ရှဲ့လီကိုအိမ်ထဲသို့ခေါ်ဆောင်သွားလေသည်။
“ဟိုဘက်အခန်းပဲ၊ နင်ဝင်သွားလိုက်တော့”
ရှဲ့လီသည် တံခါးဖွင့်ကာ အထဲသို့ဝင်သွားလိုက်၏။
*ဒုန်း*
တစ်ယောက်ယောက်က တံခါးကို အပြင်ဘက်မှ ဆွဲပိတ်လိုက်ပြီး သော့ခတ်လိုက်လေသည်။ အခန်းပြင်ပမှ ဝူဝေ့ဝေ့အသံထွက်ပေါ်လာ၏။
“မိန်းမယုတ် နင်ကများ အစ်မရှုဟွာကို လုပ်ကြံရဲတယ်ပေါ့လေ”
ဝူဝေ့ဝေ့နှင့် ယဲ့ရှုဟွာတို့သည် ငယ်စဉ်ကတည်းက အတူကြီးပြင်းလာခဲ့ကြသူများဖြစ်ပြီး အလွန်ရင်းနှီးကြလေသည်။
လွန်ခဲ့သောရက်အနည်းငယ်က ယဲ့ရှုဟွာသည် သူမထံသို့မျက်ရည်စက်လက်ဖြင့် လာရောက်တိုင်တန်းခဲ့သည်။ ထိုအခါ မိန်းမငယ်လေး၏တရားမျှတမှုခံစားချက်များ ပေါက်ကွဲထွက်လာခဲ့ပြီး ရှဲ့လီကို အနိုင်ကျင့်ရန် အကြံအစည်တစ်ခုရရှိလာခဲ့၏။
အခန်းထဲတွင် အများသုံးအိမ်သာမှ သူမ နှာခေါင်းပိတ်ကာ သယ်ယူလာခဲ့သော မစင်ပုံကြီးနှစ်ပုံရှိနေလေသည်။ ရှဲ့လီ အထဲသို့ဝင်လာသည်နှင့်တစ်ပြိုင်နက် ထိုမစင်များကို သေချာပေါက် နင်းမိမည်ဖြစ်ပြီး အနံ့အသက်ဆိုးများနှင့် မွန်းကြပ်သွားစေရန် အထဲတွင်သော့ခတ်လှောင်ပိတ်ထားမည်ဟု သူမကြံစည်ထားခဲ့သည်။
အခန်းတွင်းမှ မည်သည့်အသံမျှထွက်ပေါ်မလာချေ။ အလွန်တိတ်ဆိတ်ငြိမ်သက်နေ၏။ ဝူဝေ့ဝေ့သည်လှည့်ကာ ထွက်သွားခဲ့သည်။ သူမသည် ရှန်ဟွိုင်နျန်ကို အချိန်ဆွဲထားရန်ရည်ရွယ်ထားသည်။ နှစ်မိနစ်ပင်မပြည့်သေးခင်မှာပင် ရှန်ဟွိုင်နျန်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေ၏။
“ရှောင်လီ ဘယ်မှာလဲ၊ မင်း ဘာလုပ်ချင်နေတာလဲ”
အကယ်၍ ရှဲ့လီကိုနှစ်မိနစ်လောက်မမြင်ရပါက ဝူဝေ့ဝေ့နှင့် အချိန်ဖြုန်းနေရန် သူ့တွင်မည်သည့်စိတ်ဆန္ဒမှမရှိတော့ချေ။ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သူအာရုံရလိုက်၏။
“ကျွန်မ”
သူမ စကားကိုပင်မစောင့်တော့ဘဲ ရှန်ဟွိုင်နျန်သည် မတ်တတ်ထရပ်ကာ အခန်းရှိရာဆီသို့ လျှောက်သွားလေတော့သည်။
သော့ခတ်ထားသောတံခါးကို မြင်လိုက်ရချိန်တွင် ဝူဝေ့ဝေ့ကိုပြန်လှည့်ကြည့်လိုက်လေသည်။ အေးစက်စက်နိုင်လှသော ထိုမြေခွေးမျက်လုံးများအောက်တွင် ဝူဝေ့ဝေ့တစ်ယောက်တုန်လှုပ်ခြောက်ခြားသွားခဲ့ရ၏။ သူမသည် သူ့ကို ထပ်မံတားဆီးရန်မဝံ့ရဲတော့ချေ။
ထိုအချိန်တွင် အခန်းတွင်းမှတဂျွတ်ဂျွတ်ဝါးစားနေသောအသံများ ထွက်ပေါ်လာလေသည်။ ဝူဝေ့ဝေ့မျက်နှာပေါ်တွင် နားမလည်နိုင်မှုများနေရာယူသွား၏။ ဝူဝေ့ဝေ့သည် အံ့အားသင့်သွားပြီး သူမ၏မျက်လုံးမှေးမှေးလေးများ ပြူးကျယ်သွားလေသည်။
“သူမ....သူမက မစင်တွေကို စားနေတာတော့ မဟုတ်ပါဘူးနော်”
ရှန်ဟွိုင်နျန် မျက်မှောင်ကြုတ်သွား၏။
*ကျွီ*
တံခါးပွင့်သွားချိန်တွင် သူတို့မြင်တွေ့လိုက်ရသည်မှာ အထဲတွင် မစင်များကို အရသာခံဝါးစားနေသော ပီကင်းခွေးလေးတစ်ကောင်ပင်။ ရှဲ့လီသည် ဘေးဘက်တွင်ရပ်ကာ ပြုံးရွှင်စွာဖြင့် စိတ်ဝင်တစားကြည့်ရှုနေလေသည်။
“အားးးး”
ဝူဝေ့ဝေ့သည် တောကြွက်တစ်ကောင်ကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်လိုက်လေတော့သည်။
‘အဲဒါ ငါ့ရဲ့ခွေး နှင်းလုံးလေးပဲ'
သူ့သခင်ကိုမြင်လိုက်ရချိန်တွင် နှင်းလုံးလေးသည် ဝမ်းသာအားရဖြင့် ဝူဝေ့ဝေ့ရင်ခွင်ထဲသို့ ခုန်တက်သွားလေ၏။
ဝူဝေ့ဝေ့သည်လည်း သတိလက်လွတ်ဖြင့် ခွေးလေးကိုဖမ်းယူလိုက်မိရာ နှင်းလုံးလေးသည် ထုံးစံအတိုင်း ဝူဝေ့ဝေ့၏ မျက်နှာနှင့်ပါးစပ်ကို အဆက်မပြတ် လျှာဖြင့် လျက်လေတော့သည်။ ရှန်ဟွိုင်နျန် ဆွံ့အသွားခဲ့ရ၏။
“အား အွတ် အွတ်”
ဝူဝေ့ဝေ့ အဆက်မပြတ်ပျို့အန်နေစဉ် ရှဲ့လီသည် ရှန်ဟွိုင်နျန်အနားသို့ပြေးသွားကာ ခြေဆောင့်ပြီးကလေးဆန်ဆန် တိုင်တန်းလေတော့သည်။ သူမက လက်လေးကို ဆန့်ထုတ်ကာ လက်ညှိုးထိုးလိုက်၏။
“သူ ကျွန်မကိုအနိုင်ကျင့်တယ်၊ သူ ကျွန်မကို အနိုင်ကျင့်တယ်”
ဝူဝေ့ဝေ့မှာမူ ဒေါသကြောင့်စကားပင် မပြောနိုင်တော့ချေ။
‘နင် ရူးနေတာလား'
ဝူချန်ကျွင်းပြန်ရောက်လာပြီးနောက် ဝူဝေ့ဝေ့ အရိုက်ခံလိုက်ရလေသည်။ သူသည် ဝူဝေ့ဝေ့ခေါင်းကိုထုရင်း ဆဲဆိုကြိမ်းမောင်းလေတော့၏။
“နင် သေချင်နေတာလား၊ နင့်အမေ ပြုတ်ကျပြီး ဝမ်းသွားထားတယ်လို့တောင် ပြောရက်တယ်ပေါ့၊ နင်ကတကယ့်ကို သိတတ်လိမ္မာတဲ့ သမီးလေးပဲ၊ အိမ်ထဲကို မစင်တွေတောင်သယ်လာသေးတယ် သေချင်နေပြီလား၊ ရှဲ့လီကို အခုချက်ချင်း တောင်းပန်လိုက်စမ်း မြန်မြန်”
ဝူဝေ့ဝေ့သည် ရေနွေးအိုးပွက်ပွက်ဆူသကဲ့သို့ အသံထွက်အောင်ငိုကြွေးနေပြီး မည်သို့ပင်ဖြစ်စေ တောင်းပန်ရန် ငြင်းဆန်နေခဲ့သည်။ ရှန်ဟွိုင်နျန်က ဘေးနားမှနေ၍ ရိုးသားမှုအပြည့်ရှိသောမျက်နှာထားဖြင့် အကြံပေးလေသည်။
“အိုး ဦးလေးဝူ၊ ကလေးတစ်ယောက် စကားနားမထောင်ဘူးဆိုတာ အလိုလိုက်ထားလို့ဖြစ်ရတာများပါတယ်၊ နောက်ထပ် နှစ်ချက်လောက် ထပ်ရိုက်လိုက်ပါဦးလား”
ဝူချန်ကျွင်း လက်ဝါးကြီးကိုမြှောက်လိုက်ပြန်လေ၏။
“ကျွန်မ တောင်းပန်ပါတယ် ဝါးးး တောင်းပန်ပါတယ်”
ဝူဝေ့ဝေ့အရှုံးပေးလိုက်ရလေပြီ။ ရှန်ဟွိုင်နျန်သည် ရှဲ့လီထက်ပင် ပို၍ယုတ်မာကောက်ကျစ်သည်ဟု သူမခံစားလိုက်ရသည်။ တံခါးအပြင်ဘက်တွင် ပုန်းကွယ်ကာ ဝူဝေ့ဝေ့၏အော်ဟစ်ငိုယိုသံများကို နားထောင်နေသော ယဲ့ရှုဟွာသည် အကြံအစည်ပျက်စီးသွားပြီဖြစ်ကြောင်းသိလိုက်လေသည်။
‘အသုံးမကျတဲ့ ကောင်မ'
ယဲ့ရှုဟွာသည် မတ်တတ်ထရပ်ကာ ထွက်ခွာသွားခဲ့၏။ ကြည့်ရသည်မှာ သူမကိုယ်သူမသာ အားကိုးရတော့မည်ထင်သည်။
တစ်ချိန်တည်းမှာပင် ရှဲ့လီသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနထံမှ အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ နောက်ဆုံးပြုလုပ်ခဲ့သော လျှို့ဝှက်စစ်ဆင်ရေးတွင် ကိုယ်ပိုင်လက္ခဏာဖြင့် လှုပ်ရှားခဲ့စဉ်က သူမသည် မည်သည့်သံသယဖြစ်ဖွယ် လူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ပေ။ ဝံပုလွေအိုကလည်း ထိုအတိုင်းပင် ပြောဆိုခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ဆိုလာသည်။
ကျောက်ပုစွန်ကို ယခင်ကတည်းက ဖမ်းဆီးရမိခဲ့သော်လည်း အစောင့်များ သတိလက်လွတ်ဖြစ်နေချိန် ထိုအမျိုးသမီးသည် မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့လေ၏။
ယခုအခါ မြေကျွဲနှင့်တွေ့ဆုံရန် ကျောက်ပုစွန်နေရာတွင် အစားထိုးဝင်ရောက်မည့် အမျိုးသမီးရဲဘော်တစ်ဦးကို အရေးတကြီးလိုအပ်နေပေသည်။ ဤတွေ့ဆုံမှု၏ အဓိကရည်ရွယ်ချက်မှာ မြေကျွဲကို အရှင်ဖမ်းဆီးနိုင်ရန်ပင်။
ဤတာဝန်သည် ရှဲ့လီ၏နိုင်ငံတော်အတွက်ကြီးမားသောစွမ်းဆောင်မှုတစ်ခု ဖြစ်လာနိုင်သည့် ရည်မှန်းချက်ကြီးတစ်ခုလည်း ဖြစ်ပေသည်။ လက်ရှိအချိန်တွင် ကျောက်ပုစွန်ဖမ်းဆီးခံရသည်ကို မြေကျွဲမသိသေးပေ။ ထို့အပြင် ကျောက်ပုစွန်သည် သူတို့၏လျှို့ဝှက်အချက်ပြသင်္ကေတများနှင့် တွေ့ဆုံမှုတိုင်းအတွက် စည်းမျဉ်းများကိုလည်း ဖွင့်ဟဝန်ခံထားခဲ့ပြီးဖြစ်သည်။
သို့သော် အချိန်ကြာမြင့်စွာဆက်သွယ်မှု မရှိပါက မြေကျွဲသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သေချာပေါက် ရိပ်မိသွားပေလိမ့်မည်။ ခေါင်းဆောင်ဖြစ်သူသည် ရှဲ့လီ၏ပခုံးကိုညင်သာစွာ ပုတ်လိုက်လေ၏။
“ရဲဘော်ရှဲ့လီ ကျောက်ပုစွန်နေရာက မင်းအတွက်ပဲ”