← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

Ch-110

ခေါင်းဆောင်ဖြစ်သူ၏မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်အဝရှိနေပြီး အသံမှာလည်း ပြတ်သားခိုင်မာနေလေသည်။

“ရဲဘော်ရှဲ့လီ ဘာမှမကြောက်နဲ့၊ ဒီစစ်ဆင်ရေးမှာ မင်းကိုကာကွယ်ပေးဖို့ ဝံပုလွေအိုရှိနေတယ်”

နိုင်ငံတော်၏လုံခြုံရေးအတွက် ဤတာဝန်သည် အလွန်အရေးကြီးကြောင်း သူ့မျက်ဝန်းများက သက်သေပြနေ၏။ လေးနက်သောလေသံဖြင့် သူဆက်ရှင်းပြသည်။

“ဒီတာဝန်က တကယ့်ကိုအရေးကြီးတယ်၊ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက မင်းရယ်၊ လီချယ်ရယ်၊ ဝံပုလွေအိုရယ် သုံးယောက်ပေါင်းပြီး ပြီးမြောက်အောင်လုပ်ဆောင်ဖို့ တာဝန်ပေးထားတာပဲ၊ ဝံပုလွေအိုက မင်းကိုအမှောင်ထဲကနေ စောင့်ရှောက်ပေးနေလိမ့်မယ်၊ လုံးဝမလွှဲမရှောင်သာတဲ့ အခြေအနေမျိုးရလွဲရင် သူ ကိုယ်ထင်ပြမှာမဟုတ်ဘူး၊ မင်းလုံခြုံရေးကိုတော့ သူသေချာပေါက် တာဝန်ယူပေးလိမ့်မယ်”

ရှဲ့လီနှင့် ဝံပုလွေအိုတို့၏ကိုယ်ရေးအချက်အလက်များကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသဖြင့် တစ်ယောက်နှင့်တစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်း လုံးဝမသိရှိကြပေ။ သူတို့သိထားသည်မှာ တစ်ယောက်က ဝံပုလွေအိုဖြစ်ပြီး၊ အခြားတစ်ယောက်က တလီ‌ခွေ့ဖြစ်သည်ဆိုသည့်အချက်မျှသာ။

သူမသည် ဝံပုလွေအိုနှင့် တစ်လမ်းမောင်းဆက်သွယ်မှုစနစ်ဖြင့်သာ အဆက်အသွယ်ပြုလုပ်ရသည်။ ဤတာဝန်၏အဓိကပစ်မှတ်မှာ မြေကျွဲကိုအရှင်ဖမ်းဆီးရန်ပင်။

ဤစစ်ဆင်ရေးအောင်မြင်ပါက သူမစွမ်းဆောင်ရည်ကို နိုင်ငံတော်က အသိအမှတ်ပြုလာမည့် ကြီးမားသော ရည်မှန်းချက်တစ်ခုလည်း သူမရင်ထဲတွင် ကိန်းအောင်းနေပေသည်။

ရှဲ့လီသည် သူမ၏အထက်လူကြီးကို အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိ၏။ အနည်းဆုံးတော့ သူတို့နှစ်ဦး၏ခံယူချက်များက တူညီနေသည်လေ။ နှစ်ယောက်လုံးက အတော်လေး ယုတ်မာကောက်ကျစ်ကြသည်ပင်။

မြေကျွဲနှင့် ကျောက်ပုစွန်တို့၏ဆက်သွယ်သည့်နေရာမှာ လျောင်းနင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးတစ်ခုမှ မြေစောင့်နတ်ကွန်းတစ်ခုတွင် ဖြစ်သည်။ သူတို့သည် ပေးပို့လိုသော သတင်းအချက်အလက်များကို သေချာထုပ်ပိုးပြီးနောက် နတ်ကွန်း၏ဘယ်ဘက်နံရံရှိ အုတ်ခဲကြားထဲတွင် ဝှက်ထားလေ့ရှိကြ၏။ အိုမင်းဟောင်းနွမ်းနေသော နတ်ကွန်း၏အုတ်နံရံများဆီမှ ရေညှိနံ့သဲ့သဲ့ကိုရှူရှိုက်မိနိုင်ပေသည်။

ဤမြေစောင့်နတ်ကွန်းသည် ယဉ်ကျေးမှုတော်လှန်ရေးကာလကတည်းက စွန့်ပစ်ခံထားရသော်လည်း လူသူအရိပ်အယောင် လုံးဝကင်းမဲ့နေခြင်းတော့ မဟုတ်ပေ။ အနီးတစ်ဝိုက်တွင် ဖြတ်သန်းသွားလာနေကြသော လူတန်းစားမျိုးစုံရှိနေလေသည်။ မြေကျွဲသည် လူစည်ကားသောနေ့ခင်းဘက်တွင် ရုပ်ဖျက်ကာ သတင်းအချက်အလက်များကို လာရောက်ရယူလေ့ရှိသည်။

ထို့ကြောင့် အလျင်စလိုဖမ်းဆီးပါက လူမှားဖမ်းမိနိုင်ပြီး ရန်သူကိုသတိပေးသလိုဖြစ်သွားမည်ကို စိုးရိမ်ရပေ၏။ မြေကျွဲသည် ကျောက်ပုစွန်၏ အထက်လူကြီးဖြစ်သည်။ သူသည် ကျောက်ပုစွန်မှာ အမျိုးသမီးရဲဘော်တစ်ဦးဖြစ်ကြောင်းကိုသာသိရှိပြီး သူမ မည်သူမည်ဝါဖြစ်ကြောင်း တိကျသောအချက်အလက်များကိုမူ မသိပေ။

မြေကျွဲနှင့် နောက်ဆုံးအကြိမ် အဆက်အသွယ်ပြုလုပ်ခဲ့သည်မှာ လဝက်ကျော်ပင်ကြာမြင့်နေပြီဖြစ်သည်။ သူ သံသယဝင်သွားကာ မြေစောင့်နတ်ကွန်းကို အမှောင်ထဲမှနေ၍စောင့်ကြည့်နေမည်ကို သူတို့စိုးရိမ်နေကြ၏။

လုံခြုံရေးအတွက် ရှဲ့လီကိုကျောက်ပုစွန်အဖြစ်ရုပ်ဖျက်ကာ သတင်းအချက်အလက် သွားရောက်ထားရှိစေခဲ့သည်။ ရှဲ့လီသည် ဝံပုလွေအိုထံမှရရှိထားသော စာရွက်အပိုင်းလေးကို လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်၏။ သတင်းစာထဲမှစာလုံးများကိုညှပ်ကာ ကပ်ထားသော ထိုစာကြောင်းလေးမှာ ဤသို့ဖြစ်လေသည်။

“သတင်းအချက်အလက်ထဲမှာ မစင်ပုံကြီးတစ်ပုံကို ထည့်ထုတ်သွားပါ”

ရှဲ့လီသည် အများသုံးအိမ်သာမှမစင်ပုံကြီးတစ်ပုံကို တကူးတကခပ်ယူကာ သေချာထုပ်ပိုးပြီးနောက် အုတ်ခဲများကြားရှိ အဟထဲသို့ထိုးသွင်းထားလိုက်လေသည်။ ထောင်းခနဲထွက်လာသော အနံ့ဆိုးကြီးကြောင့် သူမနှာခေါင်းကို အမြန်ပိတ်ထားရ၏။

မြေကျွဲကိုတွေ့ရှိချိန်တွင် ရှဲ့လီသည် မြေစောင့်နတ်ကွန်းအနီးတွင် ဆောင့်ကြောင့်ထိုင်ကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေလေသည်။ ယနေ့ သူမ၏ရုပ်ဖျက်ထားမှုအရ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသာ ခန့်မှန်းနိုင်မည်ဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မည်သူကမျှ မှတ်မိနိုင်မည်မဟုတ်ချေ။

သူမသည် မိုးကာအင်္ကျီအပွကြီးကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်ကြီးက သူမမျက်နှာကို လုံးဝဖုံးကွယ်ထားလေသည်။ သူမအဝတ်အစားများအတွင်း၌ ဖောင်းပွနေစေရန် ပစ္စည်းများထိုးသိပ်ထားသဖြင့် ဝတုတ်တုတ်အမျိုးသမီးကြီးတစ်ဦးနှင့်ပင် တူနေတော့သည်။

ဤသည်မှာ ခေါင်းဆောင်ပိုင်း၏ ညွှန်ကြားချက်ပင်။ ဝံပုလွေအိုက သူမကို အမှောင်ထဲမှစောင့်ရှောက်ပေးနေသော်လည်း ရှဲ့လီသည် လီချယ်မှလွဲ၍ အခြားနိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနရှိ မည်သူ့ကိုမျှသူမမျက်နှာကို ပြသ၍မရပေ။

သူမ၏ကိုယ်ရေးအချက်အလက်သည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သောကြောင့် ဤစစ်ဆင်ရေးအတွက် သူမသည် မဖြစ်မနေရုပ်ဖျက်ထားရခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျယ်လောင်သော ဆဲဆိုသံကြီးတစ်သံ သူမနားထဲသို့ တိုးဝင်လာလေသည်။

“ကျစ် သောက်ကျိုးနည်းတာပဲ”

ချက်ချင်းဆိုသလိုပင် အမျိုးသားတစ်ဦးသည် မြေစောင့်နတ်ကွန်းထဲမှ ကမန်းကတန်းပြေးထွက်လာကာ သူ့လက်ပေါ်မှ မစင်များကို ရွံရှာစွာခါချနေလေ၏။ သူကတော့ မြေကျွဲပင်။ သူသည် လျှို့ဝှက်ချက်ပေါက်ကြားသွားပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီဖြစ်သည်။

ကင်းပုန်းဝပ်နေသောလီချယ်သည် ရှေ့တက်ကာဖမ်းဆီးရန် သူ့လူများကို အမိန့်ပေးလိုက်လေသည်။ ဒေါသထွက်မှုနှင့်အတူ ချောင်ပိတ်မိသွားသောမြေကျွဲသည် ဘေးနားတွင်ပြုံးစိစိဖြင့် ပွဲကြည့်နေသောရှဲ့လီကို ရုတ်တရက် လှမ်းဆွဲလိုက်လေ၏။

သူမခန္ဓာကိုယ်ကိုမြင်သောအခါ သူ့အတွက် အကောင်းဆုံးလူသားဒိုင်းကာတစ်ခုဖြစ်လာနိုင်သည်ဟု တွေးတောလိုက်မိခြင်းပင်။ သူသည် ရှဲ့လီကို အရှေ့တွင်ကာထားလိုက်ပြီး ဟိန်းဟောက်လေတော့သည်။

“နောက်ဆုတ်ကြစမ်း၊ ငါ့အနားမလာကြနဲ့၊ မဟုတ်ရင် ဒီမိန်းမကိုသတ်ပစ်မယ်”

ရှဲ့လီမှာဆွံ့အသွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။ နိုင်ငံတော်လုံခြုံရေး ရဲဘော်များက အလျင်အမြန် နောက်ဆုတ်သွားကြရင်း အော်ဟစ်လိုက်ကြသည်။

“မလုပ်နဲ့၊ ငါတို့ နောက်ဆုတ်ပေးမယ်၊ သူ့ကို အန္တရာယ်မပေးနဲ့”

လမ်းသွားလမ်းလာများစွာရှိနေသော်လည်း ပွဲကြည့်နေသူများမှာ အနားသို့မကပ်ရဲကြဘဲ အဝေးမှသာလှမ်းကြည့်နေကြလေသည်။ အမှောင်ထဲတွင် ပုန်းကွယ်နေသော လီချယ်သည် ရုတ်တရက် ခုန်ထွက်လာ၏။ သူ့ကိုယ်ပိုင်လက္ခဏာက မပေါ်သေးပေ။ သူသည်နှလုံးကွဲကြေမတတ် အော်ဟစ်လိုက်လေသည်။

“ငါ့ရည်းစားကို ဘာမှမလုပ်ပါနဲ့၊ ငါ့ကိုပဲ ဖမ်းသွားပါ၊ ငါ ဓားစာခံလုပ်ပေးပါ့မယ်”

သူသည် ဤကဲ့သို့ကြေကွဲဖွယ်ရာ ဟန်ဆောင်ပြဇာတ် ကပြရသည်ကို အလွန်သဘောကျနေပြီး မြေကျွဲ၏အာရုံစိုက်မှုကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့လေသည်။ ရှဲ့လီ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားရ၏။

‘ဒီကောင်က တော်တော်အကွက်မြင်တာပဲ၊ သူ့သရုပ်ဆောင်စွမ်းရည်ကတော့ အမှတ်တစ်ဘီလီယံလောက်ပေးရမယ်’

All Chapters