အခန်း ၁၁၁
Vol. 12 Ch. 111
Ch-111
လီချယ်က မြေကျွဲကိုအာရုံလွှဲထားချိန်တွင် ရှဲ့လီသည် မြေကျွဲကိုတိုက်ခိုက်နှိမ်နင်းရန် ပြင်ဆင်လိုက်လေသည်။ သို့သော် သူမလှုပ်ရှားရန်ပြင်လိုက်သည့်အချိန်မှာပင် မလှမ်းမကမ်းမှ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော ရှန်ဟွိုင်နျန်ကိုမြင်လိုက်ရသဖြင့် မှင်သက်သွား၏။
“သူ့ကို လွှတ်ပေးလိုက်ပါ၊ ကျုပ် ဓားစာခံလုပ်ပါ့မယ်”
နိုင်ငံတော်လုံခြုံရေးရဲဘော်များမှာ မှင်တက်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီးကြည့်လိုက်ကြလေသည်။
“ဒီလူက ဘယ်သူလဲ”
“မသိဘူးလေ”
ရှဲ့လီခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွားလေသည်။
‘သူက ဒီကိုဘာလာလုပ်တာလဲ'
လီချယ့်နှုတ်ခမ်းများ တုန်ယင်သွား၏။
‘ဘုရားရေ၊ ဒါက ကံကြမ္မာရဲ့ဘယ်လိုလှောင်ပြောင်မှုကြီးလဲ’
သူသည် ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသော ရှဲ့လီကိုလှမ်းကြည့်လိုက်လေသည်။
‘ဘယ်လိုလုပ်ရမလဲ၊ အခု ဘယ်လိုဆက်လုပ်ရမလဲ'
ရှဲ့လီသည် ခေါင်းငုံ့ထားပြီး သူမမျက်နှာမပေါ်အောင် ဖုံးကွယ်ထားလိုက်သည်။ ယနေ့ သူမကချိုးလင်ကုန်တိုက်သို့ သွားရောက်လေ့လာမည်ဟု ရှန်ဟွိုင်နျန်ကို ပြောထားခဲ့လေ၏။
အကယ်၍ သူမသာ လီချယ်နှင့်အတူရှိနေသည်ကိုသာ သူ မြင်သွားပါက…...
ထို့အပြင် လီချယ်က သူမကို သူ့ရည်းစားဟုကြေညာထားသေးသည်ပင်။ လီချယ် ထစ်အသွားပြီး ထိတ်လန့်တကြား မေးလိုက်လေသည်။
“တပ်.....တပ်မှူးရှန် ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ”
ရှန်ဟွိုင်နျန်သည် သူ့ကိုအေးစက်စက် တစ်ချက်စိုက်ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ် ဖြေလေသည်။
“ဒီနားကဖြတ်သွားတာ”
ထို့နောက် သူသည် လီချယ်ကိုစူးစူးရဲရဲ ထပ်မံကြည့်ရှုလိုက်ပြန်၏။
“မင်းမှာ ရည်းစားရှိနေပြီလား၊ အဲ့ဒါတောင် ငါ့မိန်းမနဲ့လာပတ်သက်နေသေးတယ်ပေါ့လေ”
လီချယ်သည် တံတွေးကိုခက်ခက်ခဲခဲ မျိုချလိုက်ပြီး ရှဲ့လီအားလှမ်းကြည့်လိုက်လေသည်။ ရှဲ့လီမှာမူ ကြောက်လန့်နေသော ငုံးလေးတစ်ကောင်ကဲ့သို့ ခေါင်းကိုသာငုံ့ထားလေ၏။
ရှဲ့လီအနောက်တွင်ပုန်းနေသော မြေကျွဲသည် စိတ်မရှည်ဖြစ်ကာ သူမကျောကို လက်သီးဖြင့် နှစ်ချက်ဆက်တိုက်ထိုးချလိုက်ပြီး အော်ဟစ်လေတော့သည်။
“မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း၊ ရှေ့ဆက်တိုးလာရင် သူ့ကိုသတ်ပစ်မယ်”
*ဒုတ် ဒုတ်*
ရှဲ့လီမှာ ပြင်းထန်လှသောလက်သီးချက်ကြောင့် ယိုင်သွားလေသည်။
‘နင့်မေကို နင်**လိုက် နင်ရူးနေလား၊ ဘာကိစ္စ ငါ့ကိုလာထိုးနေရတာလဲ’
ရှဲ့လီသည် ဒေါသတကြီးဆဲဆိုချင်စိတ်များပေါက်လာသော်လည်း လက်ရှိအခြေအနေအရ မဝံ့ရဲခဲ့ပေ။ ရှန်ဟွိုင်နျန်သည် မြေခွေးမျက်လုံးများကိုမှေးလိုက်ကာ တဖြည်းဖြည်းနောက်ဆုတ်သွားလေသည်။ လီချယ်သည် အခွင့်အရေးကို လက်လွတ်မခံဘဲအော်ပြောလိုက်၏။
“ဟေ့လူ ငါ့ရည်းစားကိုလွှတ်ပေးလိုက်ပါ၊ ငါ ဓားစာခံလုပ်ပါ့မယ်၊ သူက အရမ်းကြောက်တတ်တာ၊ ကြောက်လာရင် ဝမ်းတွေသွားတတ်တယ်”
ရှဲ့လီသည် ချက်ချင်းအကွက်ဝင်သွားကာ အကြောက်လွန်ပြီး ဝမ်းသွားချင်ယောင်ဆောင်လေတော့သည်။ အစောပိုင်း သတင်းအချက်အလက်ကို မစင်ဖြင့်ထုပ်ပိုးစဉ်က သူမသည် တစ်ဝက်ကိုသာအသုံးပြုခဲ့ပြီး ကျန်တစ်ဝက်ကို သူမမိုးကာအင်္ကျီအိတ်ကပ်ထဲတွင် ထည့်ထားခဲ့၏။
ဖမ်းဆီးသည့်အချိန်တွင် မြေကျွဲ၏မျက်နှာကို ပစ်ပေါက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါတွင်မူ ထိုအရာကတစ်နည်းတစ်ဖုံ အသုံးဝင်လာခဲ့လေပြီ။
သူမသည် အိတ်ကပ်ထဲမှမစင်များကို ကြမ်းပြင်ပေါ်သို့ ခပ်တည်တည်ဖြင့်ပစ်ချလိုက်ပြီး သူမခြေထောက်များကိုလည်း တုန်ယင်နေသော ဂစ်တာကြိုး နှစ်ချောင်းကဲ့သို့ တဆတ်ဆတ်တုန်ခါပြလေတော့သည်။
စူးရှသောအနံ့ဆိုးကြီးက လေထုထဲတွင် ပျံ့နှံ့သွား၏။ လီချယ်သည် သူ့ပေါင်သူ ဖြတ်ခနဲရိုက်လိုက်ကာ ခုန်ဆွခုန်ဆွဖြင့် အော်ဟစ်လေသည်။
“ကြည့်စမ်း၊ သူ အရမ်းကြောက်လွန်းလို့ ဝမ်းတွေတောင် သွားချလိုက်ပြီ၊ မြန်မြန် သူ့ကိုလွှတ်ပေးလိုက်တော့”
‘ဖူး ဖူး’
ရှဲ့လီသည် သူမပါးစပ်မှနေ၍ ဝမ်းသွားသည့်အသံများကို တမင်ဖန်တီးလိုက်လေ၏။ မြေကျွဲမှာ လုံးဝမှင်သက်အံ့သြသွားရ၏။ သူသည်ရွံရှာသွားပြီး ဒေါသတကြီးအော်ဟစ်လိုက်လေသည်။
“မင်း သေချင်နေတာလား အရူးမရဲ့”
ရှဲ့လီသည် နောက်လှည့်ကာမျက်နှာဖြတ်ထိုးပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာသော်လည်း ရှန်ဟွိုင်နျန်ရှိနေသည်ဖြစ်ရာ ပုံမှန်အသံဖြင့်စကားမပြောရဲပေ။
သူမသည် အသံကို အတတ်နိုင်ဆုံးနှိမ့်ချလိုက်ကာ အသံသြသြကြီးဖြင့် ညည်းတွားလေတော့သည်။
“ကျွန်မကြောက်တယ် လွှတ်ပေးပါ”
မြေကျွဲသည် လီချယ်ကိုမယုံကြည်နိုင်စွာစိုက်ကြည့်လိုက်ပြီး လှောင်ပြောင်ခနဲ့တဲ့လေတော့သည်။
“မင်းကတော့ ဆာလာရင် ဘာမဆိုစားမယ့်ကောင်ပဲ၊ မင်းရဲ့ရည်းစားက အသံသြသြကြီးနဲ့ပါလားကွ”
ရှဲ့လီမှာ ဒေါသထွက်လွန်း၍ ရင်ထဲမှ ဆဲရေးတိုင်းထွာလိုက်မိ၏။
‘နင့်အမေကိုပဲ ***လိုက်'
လီချယ်သည် မလုံမလဲဖြင့်အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ကာပြန်ဖြေလေသည်။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါက ဒီလိုပုံစံမျိုးမှသဘောကျတာကွ၊ မြန်မြန် သူ့ကိုလွှတ်ပေးလိုက်တော့၊ သူ သေးတွေချေးတွေတောင် ပါကုန်ပြီ”
မြေကျွဲသည် လက်များကိုရွံရှာစွာဖြင့် ပွတ်သပ်လိုက်လေသည်။ ထိုအချိန်တွင် ရှဲ့လီသည် ရုတ်တရက်အနောက်သို့လှည့်ကာ မြေကျွဲ၏ဗိုက်တည့်တည့်သို့ လက်သီးပြင်းပြင်းတစ်ချက်ကို ပစ်သွင်းလိုက်လေတော့၏။
‘နင်ကမှ သောက်အသံသြသြကြီးနဲ့ကောင်'
သူမ၏မိုးကာအင်္ကျီမှာ ဖောင်းပွနေကာ လှုပ်ရှားမှုများကို တမင်ထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့် ဘေးမှ ကြည့်နေသူများအဖို့ သူမသည် သူ့ကို လက်သီးဖြင့်ထိုးလိုက်သည်ဟု မထင်ရဘဲ နောက်လှည့်ကာ သူ့အားတွန်းထုတ်လိုက်သည်ဟုသာ ထင်မြင်သွားစေသည်။ ထိုအခွင့်အရေးကို အသုံးချကာ လီချယ်နှင့် ရှန်ဟွိုင်နျန်တို့နှစ်ဦးလုံး ရှေ့သို့ပြေးဝင်သွားကြပြီး မြေကျွဲကို တစ်ဖက်တစ်ချက်စီမှချုပ်ကိုင်ဖမ်းဆီးလိုက်ကြလေ၏။
“အွတ်”
ရှဲ့လီ၏လက်သီးချက်ကြောင့် ဗိုက်အောင့်သွားသော မြေကျွဲသည် လီချယ်၏မျက်နှာပေါ်သို့ အန်ချလိုက်လေတော့သည်။
ရှဲ့လီသည် ခေါင်းငုံ့ထားလျက်ထွက်သွားရန်ပြင်လိုက်သော်လည်း ရှန်ဟွိုင်နျန်က သဘောကောင်းစွာဖြင့် သတိပေးလိုက်လေသည်။
“ခေါင်းဆောင်လီ မင်းရဲ့ရည်းစားထွက်သွားပြီနော်”
လီချယ်သည် ရှန်ဟွိုင်နျန်ကို မျက်စောင်းထိုးလိုက်ပြီး ရှဲ့လီအား ခဏစောင့်ရန်နှင့် သူမကိုကားဖြင့် ပြန်ပို့ပေးမည်ဟုပြောရန် ရည်ရွယ်ကာ လက်လှမ်းဆွဲလိုက်လေသည်။
သို့သော် သူအားပါလွန်းသွားသဖြင့် ရှဲ့လီ၏ခေါင်းပေါ်မှ မိုးကာခေါင်းစွပ်ကြီး ကျွတ်ထွက်သွားလေတော့သည်။
ရုတ်တရက်လင်းသွားသော အလင်းရောင်အောက်တွင် သူမ၏ချောမောလှပသော မျက်နှာလေးမှာ အထင်းသားပေါ်လွင်သွား၏။
လီချယ်မှာ အံ့သြမှင်တက်သွားပြီး အာစေးမိသွားသလိုဖြစ်သွား၏။ ရှဲ့လီသည်လည်း မျက်လုံးများပြူးကျယ်သွားကာ ဘာလုပ်ရမှန်းမသိတော့ချေ။