← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

Ch-112

အရာရာသည် မျက်စိတစ်မှိတ်အတွင်း၌ ဖြစ်ပျက်သွားခဲ့လေသည်။

ရှဲ့လီသည် ခန္ဓာကိုယ်ကိုနောက်ဘက်သို့ ရုတ်ခြည်းလှန်ချလိုက်ကာ ပေါင်းကူးတံတားသဖွယ် ကွေးညွှတ်လိုက်လေ၏။ ယင်းမှာ သူမ၏အရေးပေါ် ရှောင်တိမ်းမှုတစ်ခုပင်။ ရှန်ဟွိုင်နျန်သည် မည်သို့ဖြစ်ပျက်သွားမှန်းမသိလိုက်ဘဲ အံ့အားသင့်သွားခဲ့ရသည်။

ထိုစဉ် လီချယ်သည် သူတို့နှစ်ဦးကြားသို့ အမြန်ဝင်ရောက်ကာကွယ်လိုက်ရင်း အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။

“ဟားဟားဟား တပ်မှူးရှန်၊ ကျွန်တော့်ရဲ့ ရည်းစားက နည်းနည်းတော့ထူးဆန်းတယ်ဗျ၊ သူက ဒီလိုမျိုးလုပ်ရတာကို သဘောကျလို့ပါ”

ရှဲ့လီသည် ဝမ်းဗိုက်ကိုအပေါ်လှန်လျက် ခြေလက်လေးဖက်ဖြင့် မြေပြင်ကိုထောက်ကာ ပိုးဟပ်တစ်ကောင်ပမာ ပြားပြားဝပ်၍ လျှောတိုက်ထွက်ပြေးသွားရာ ပတ်ဝန်းကျင်ရှိလူများမှာ လန့်ဖျပ်သွားကြတော့၏။

“ဘုရားရေ သရဲပူးနေတာများလား”

ရှဲ့လီသည် အားနာဟန်ဖြင့်ပြုံးပြလိုက်ပြီး ဖိနပ်ဖြင့်အရိုက်ခံရမည်ကိုကြောက်သဖြင့် ကြောက်လန့်တကြားပြေးလွှားနေသော ပိုးဟပ်ငယ်လေးတစ်ကောင်ပမာ အရှိန်တင်၍ပြေးလေတော့သည်။

ရှန်ဟွိုင်နျန်သည် မြေခွေးမျက်လုံးအစုံကို မှေးစင်းလိုက်ပြီး လီချယ်အား နောက်ပြောင်လိုသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“နှုတ်ဆက်ခဲ့ပါတယ်”

ထို့နောက် ရှန်ဟွိုင်နျန်သည် ကျောခိုင်းလှည့်ထွက်သွားခဲ့သည်။ သူသည် တမင်သက်သက် အကြည့်လွှဲဖယ်သွားခဲ့ခြင်းပင်။ ထိုသူမှာ တလီခွေ့ဖြစ်ကြောင်းကို သူသိထားပြီးဖြစ်သလို သူနှင့် တလီခွေ့၏ကိုယ်ပိုင်အမှတ်အသားများမှာ ထိပ်တန်းလျှို့ဝှက်ချက်များဖြစ်နေသောကြောင့် တလီခွေ့၏မျက်နှာကို သူမြင်ခွင့်မရှိပေ။

အမျိုးသမီးရဲဘော်တစ်ဦး၏ အသွင်အပြင်မျိုးရှိနေသော်ငြား ဤမျှကြမ်းတမ်းသော လျှို့ဝှက်အမည်မျိုးကို ရွေးချယ်လိမ့်မည်ဟု သူထင်မှတ်မထားခဲ့ချေ။ ရုတ်တရက် ရှဲ့လီကို သတိရသွားချိန်၌မူ သူ့နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားခဲ့သည်။

သူ့ဇနီးဖြစ်သူမှာ ယနေ့ချိုးလင်ကုန်တိုက်သို့သွားမည်ဖြစ်ရာ ယခု တာဝန်ပြီးဆုံးပြီဖြစ်၍ သူမအား သွားရောက်ကြိုဆိုနိုင်လေပြီ။

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏နတ်ဘုရားတစ်ပါးပမာ စွမ်းဆောင်ရည်မြင့်မားလှသော ဝံပုလွေအိုဆိုသည်မှာ အခြားသူမဟုတ် ရှန်ဟွိုင်နျန်ပင်။ အသက်ဆယ့်ရှစ်နှစ်အရွယ်၌ပင် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ စောင့်ကြည့်ရွေးချယ်မှုကိုခံခဲ့ရပြီးနောက် စစ်တပ်သို့တာဝန်ချထားခြင်းခံခဲ့ရသည်။

စစ်တပ်အတွင်း သူရရှိခဲ့သောဂုဏ်ပြုဆုတံဆိပ်များအားလုံးမှာ သူ့ကိုယ်ပိုင်စွမ်းဆောင်ရည်သက်သက်ဖြင့် ရယူထားခြင်းဖြစ်သည်။ အပြင်ပန်းအားဖြင့် သူသည် ဝါဟာဆိုင်းပင်လယ်ပြင်၏ စစ်နတ်ဘုရားတပ်မှူးရှန်ဖြစ်သော်ငြား ကွယ်ရာ၌မူ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ဝံပုလွေအိုဟူသော လျှို့ဝှက်အမည်ခံထိပ်တန်းအရာရှိတစ်ဦးဖြစ်နေပြန်၏။

သူသည် အခန်းကဏ္ဍနှစ်ခုကို ပိုင်ဆိုင်ထားပြီး တပ်မှူးရှန်ဆိုသောရုပ်သွင်ဖြင့် ရန်သူ့သူလျှိုများကို မြှူဆွယ်နိုင်ကာ ဝံပုလွေအိုဆိုသောအမည်ဖြင့် သူတို့ကို ဖမ်းဆီးအရေးယူနိုင်သည်။ သူသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်သွယ်ရှိသူဖြစ်ရာ သူ့အမှတ်အသားမှာ တလီခွေ့ထက်ပင် ပိုလျှို့ဝှက်ထားရသည်။ အနည်းဆုံးတော့ တလီခွေ့မှာ အမျိုးသမီးရဲဘော်တစ်ဦးဖြစ်ကြောင်းကို သူသိခွင့်ရထားသေးသည်ပင်။

ရှန်ဟွိုင်နျန် ထွက်သွားသည်ကိုမြင်လိုက်ရမှ ရှဲ့လီသည် အလျင်အမြန် အကူအညီတောင်းလိုက်တော့သည်။

“အိုး ငါ့ခါးလေးတော့ သွားပါပြီ၊ မြန်မြန်လုပ် ကျွန်မကို လာထူပေးပါဦး”

လီချယ်သည် အပြေးရောက်လာကာ ရှဲ့လီအား ဆွဲထူပေးလိုက်သည်။

“မစ်ရှင်ကတော့ ပြီးသွားပြီ၊ မြေကျွဲကို တခြားရဲဘော်တွေက နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနဆီပြန်ခေါ်သွားလိမ့်မယ်၊ မင်းကို ငါအိမ်ပြန်ပို့ပေးမယ်”

ဤနေရာသည် စစ်တပ်ဝင်းနှင့်အတော်ဝေးပြီး ကားဖြင့်သွားလျှင်ပင် နာရီဝက်ကျော်ခန့်ကြာမြင့်နိုင်ပေသည်။ ရှဲ့လီသည် နာကျင်သွားသောခါးကို ပွတ်သပ်ရင်း ပြောလိုက်၏။

“ကျွန်မကို ချိုးလင်ကုန်တိုက်ကိုပဲပို့ပေး၊ အားနျန်ကို ဒီနေ့ အဲဒီကိုသွားမယ်လို့ပြောထားတာဆိုတော့ ဟန်မပျက်အောင် ပစ္စည်းတချို့သွားဝယ်ရဦးမယ်”

ရှန်ဟွိုင်နျန်တစ်ယောက် ဤနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်ရှိနေမှန်း သူမ မသိပေ။ အလုပ်ကိစ္စဖြင့် ထွက်လာခြင်းဖြစ်နိုင်သည်။

လီချယ်သည် ရှဲ့လီအား ချိုးလင်ကုန်တိုက်သို့ ပို့ဆောင်ပေးခဲ့သည်။ ရှဲ့လီသည် မိုးကာအင်္ကျီနှင့် သူမကိုယ်ပေါ်တွင် အကာအကွယ်လုပ်ထားသော ပစ္စည်းများအားလုံးကို ဆွဲချွတ်ကာ ကားနောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။

“ရှင်ပြန်ရောက်ရင် ဒီပစ္စည်းတွေကိုရှင်းပစ်လိုက်တော့”

လီချယ် ခေါင်းညိတ်ပြလိုက်သည်။

“ပြဿနာမရှိဘူး”

သူတို့နှစ်ဦး ချိုးလင်ကုန်တိုက်သို့ ရောက်ရှိသွားချိန်၌ သူတို့ကားဘေးတွင် စစ်ဂျစ်ကားတစ်စီး ထိုးရပ်လာလေ၏။ ရှဲ့လီ အလိုလိုမော့ကြည့်လိုက်ရာ အကြည့်ချင်းဆုံသွားခြင်းတော့သည်။

သူမ ရှန်ဟွိုင်နျန်ကိုမြင်လိုက်ရခြင်းပင်။ လီချယ်မှာမူ ဆွံ့အသွားခဲ့ရသည်။ ကောင်းကင်ကြီးပြိုကျသွားသယပြီး မြေကြီးများ ဟက်တက်ကွဲသွားသကဲ့သို့ သူခံစားလိုက်ရသည်။ လီချယ်သည် စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။

“ရှဲ့လီ မင်းဒီနေရာကနေ ချက်ချင်းပျောက်ကွယ်သွားလို့ မရဘူးလား”

ရှဲ့လီကလည်း အမြန်တုံ့ပြန်လိုက်၏။

“မရဘူးလေ”

လီချယ်မှာ ငိုချင်နေပြီဖြစ်သည်။ ဤအခြေအနေကို သူလုံးဝသည်းမခံနိုင်တော့ပေ။ ဤရှန်ဟွိုင်နျန်ဆိုသူမှာ မည်သည့်အတွက်ကြောင့် ဤမျှဇွဲကောင်းနေရသနည်း။ အချစ်ကြီးလွန်းသော သရဲတစ်ကောင်ပမာ ကပ်တွယ်နေတော့သည်။ လီချယ်သည် စိတ်လွတ်ကိုယ်လွတ်ဖြင့် အော်ဟစ်လိုက်တော့သည်။

“ဒါပေမယ့် ငါထပ်ပြီးအရိုက်မခံချင်တော့ဘူး”

ရှန်ဟွိုင်နျန် ကားတံခါးအားတွန်းဖွင့်ကာ ဆင်းလာတော့မည်ကိုမြင်လိုက်ရသဖြင့် ရှဲ့လီ အမြန်ပြောလိုက်သည်။

“လီချယ် မြန်မြန်ဆင်း၊ ရှန်ဟွိုင်နျန်ရဲ့ ကားတံခါးကို ပိတ်ထားလိုက်၊ သူ့ကို ဆင်းခွင့်မပေးနဲ့”

လီချယ်သည် ကားပေါ်မှခုန်ဆင်းလိုက်ပြီး စိတ်ဒုံးဒုံးချကာ ရှန်ဟွိုင်နျန်၏ကားတံခါးကို သူ့ပခုံးဖြင့် အတင်းတွန်းပိတ်ထားလိုက်လေသည်။

ရှန်ဟွိုင်နျန်မှာမူ အခြေအနေကိုနားမလည်နိုင်ဖြစ်သွားခဲ့ရသည်။ သူသည် တံခါးကို နှစ်ကြိမ်ခန့်တွန်းကြည့်သော်လည်း ဖွင့်၍မရခဲ့ချေ။

ထိုအခိုက် ရှဲ့လီသည် ကားမောင်းသူနေရာသို့ ကပျာကယာပြောင်းထိုင်လိုက်ပြီး လီဗာနင်းကာ မီးခိုးငွေ့များကြား၌ လျှပ်တစ်ပြက်ပျောက်ကွယ်သွားတော့သည်။ လီချယ်မှာ ဘာလုပ်ရမှန်းမသိငိုင်ကျသွားခဲ့၏။

‘ရှဲ့လီ မင်း ငါ့ကိုထပ်ပြီးရောင်းစားသွားပြန်ပြီပေါ့လေ’ ဟု သူ ကျိတ်တွေးလိုက်မိ၏။ ရှန်ဟွိုင်နျန်၏အသံသည် ရေခဲဓားတစ်ချောင်းပမာ ကားတံခါးကြားမှတစ်ဆင့် လီချယ့်နားထဲသို့ထိုးစိုက်ဝင်လာခဲ့သည်။

“တပ်မှူးလီ စောစောကတင် မင်းရဲ့ ရည်းစားကိုကယ်ဖို့ သွေးပျက်မတတ် ကြိုးစားနေပြီး အခုကျတော့ ငါ့မိန်းမကို လာကြိုဖို့ ဒီကိုအပြေးအလွှားရောက်လာပြန်ပြီ၊ မင်းကို တကယ်ပဲ ကျေးဇူးတင်ရမယ်”

All Chapters