အခန်း ၁၁၃
Vol. 12 Ch. 113
Ch-113
စောစောကအဖြစ်အပျက်မှာ တာဝန်တစ်ခုသာဖြစ်ကြောင်းကို သူ သဘာဝကျကျပင်သိရှိထားပြီး တလီခွေ့မှာ လီချယ်၏ရည်းစားမဟုတ်ကြောင်းကိုလည်း သိထားပြီးဖြစ်သည်။ သို့သော်ငြား ဤအသိဉာဏ်မဲ့သောကောင်သည် သူ့ရှောင်လီကိုလာရောက်ပတ်သက်ရဲသေးသည်ပင်။
လီချယ်သည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြရန် ကြိုးစားလိုက်သည်။
“တ... တ... တပ်မှူးရှန် ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ”
“လွှတ်လိုက်”
“ဗျာ ဪ ဟုတ်ကဲ့”
လီချယ်သည် ရှန်ဟွိုင်နျန်၏ကားတံခါးကို အလျင်အမြန်လွှတ်ပေးလိုက်သည်။ ကားထဲမှ အမျိုးသားသည် ခြေတံရှည်ကြီးများဖြင့် လှမ်းထွက်လာခဲ့၏။
“တပ်မှူးလီ၊ ငါနဲ့အတူ ချိုးလင်ကုန်တိုက်ထဲ လမ်းနည်းနည်းလျှောက်ရအောင်”
လီချယ်သည် လုံးဝကိုငြင်းဆန်လိုစိတ်ပြင်းပြနေခဲ့သည်။ ငြင်းပယ်ရန်အတွက် အကြောင်းပြချက် တစ်သောင်းခန့်ပင် စဉ်းစားထားပြီးဖြစ်သော်လည်း မည်သည့်အတွက်ကြောင့်မှန်းမသိ စကားတစ်ခွန်းမျှထွက်မလာခဲ့ချေ။ ရှန်ဟွိုင်နျန်၏အရှိန်အဝါက သူ့အား အသက်ရှူကျပ်စေသကဲ့သို့ ခံစားနေရသည်။
နောက်ဆုံးတွင် သူသည်သတ္တိကြောင်သွားကာ သဘောတူလိုက်ရပြီး စိတ်ထဲ၌မူ ရှဲ့လီအားအရှင်လတ်လတ် အရေခွံဆုတ်ချင်နေမိတော့သည်။
“အင်း ဟုတ်ကဲ့ ဟုတ်ကဲ့”
လီချယ်တစ်ယောက် နေ့လယ်ခင်းတစ်ခုလုံးကို အကြောက်တရားများဖြင့်သာ ကုန်ဆုံးခဲ့ရလေ၏။ ရှန်ဟွိုင်နျန်သည် သူ့အားထုံးစံအတိုင်း ရိုက်နှက်ခြင်းမရှိခဲ့သလို ယောက်ျားပီပီတိုက်ခိုက်ခြင်းမျိုးလည်း မပြုလုပ်ခဲ့ချေ။
ယင်းအစား ရှဲ့လီအတွက် အိမ်ပြန်လက်ဆောင်များကို အလေးအနက်ထား၍ ရွေးချယ်နေခဲ့သည်။ နာရီများ၊ အဝတ်အစားများကဲ့သို့သော တန်ဖိုးကြီးပစ္စည်းများမှစ၍ သရေစာမုန့်လေးများအထိ ပါဝင်လေသည်။
နေ့လယ်ခင်းတစ်ခုလုံး သူသည်ပြုံးရွှင်လျက် သဘောကောင်းနေခဲ့၏။ အိမ်အပြန်လမ်းတွင်ပင် လီချယ်အား နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနအထိ သတိတရဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သေးသည်။
သို့သော် လီချယ်မှာမူ ချွေးသီးချွေးပေါက်များကျလျက် ‘ဒီလူ သေချာပေါက် မရိုးသားဘူး’ ဟုသာ ခံစားနေရတော့သည်။ အခြားတစ်ဖက်တွင်မူ ရှဲ့လီသည် မည်သို့ရှင်းပြရမည်ကို တကယ်ပင်မသိတော့ပေ။ လီချယ်က သူမအားလိုက်နေသည်ဟူသော အဓိပ္ပာယ်မရှိသည့်စကားများကို လီဆယ်ပြောဆိုခဲ့သော သူမအမှားများသာဖြစ်သည်။
ယခုမူ သူမပြောခဲ့သောစကားများအတွက် သူမကိုယ်တိုင်တာဝန်ယူရတော့ပေမည်။ ရှဲ့လီသည် အခန်းထဲသို့ တိတ်တဆိတ်ပြန်ဝင်လာပြီးနောက် အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ရှန်ဟွိုင်နျန်သည် စောစောပြန်မလာခဲ့ဘဲ ညရှစ်နာရီပင်ကျော်လွန်နေလေပြီ။ ရှဲ့လီသည် နားစွင့်နေရင်း သူတံခါးဖွင့်လိုက်သောအသံကို ကြားလိုက်ရသည်။
သူ့ခြေသံများ ပိုမိုနီးကပ်လာသောအခါမှ ရှဲ့လီသည် တံခါးမလော့ခ်ချရသေးကြောင်းကို ရုတ်တရက်သတိရသွားတော့၏။ ရှန်ဟွိုင်နျန်သည် အခန်းထဲသို့ ချက်ချင်းမဝင်လာဘဲ တံခါးဝ၌ရပ်ကာ ခေါက်လိုက်သည်။
*ဒေါက် ဒေါက် ဒေါက်*
“ရှောင်လီ အိပ်နေပြီလား”
ရှဲ့လီသည် စောင်ပုံထဲတွင်ပုန်းကွယ်နေရင်း မသိဟန်ဆောင်ကာပြန်ဖြေလိုက်သည်။
“အာ ဟုတ်တယ် ဟုတ်တယ် ကျွန်မအိပ်နေတာ၊ အိပ်နေတုန်း ရှင်နှိုးလို့နိုးသွားတာ”
တံခါးအပြင်ဘက်မှ ရှန်ဟွိုင်နျန်မှမေးလိုက်သည်။
“ကိုယ် ဝင်လာလို့ရမလား”
ရှဲ့လီသည် ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်လေသည်။
“မရဘူး”
ဤကိစ္စမှ မည်သို့မည်ပုံရုန်းထွက်ရမည်ကို သူမအဖြေရှာမတွေ့သေးပေ။ တံခါးအပြင်ဘက်တွင် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ခဏအကြာတွင် ရှန်ဟွိုင်နျန်က ညင်သာသောအသံဖြင့် ပြောလာခဲ့သည်။
“ရှောင်လီ၊ မင်းအကြိုက်ဆုံး နို့ဘီစကွတ်တွေ၊ သကြားလုံးတွေ၊ ရွှေငါးပုံမာရှဲလိုးတွေဝယ်လာတယ်၊ နိုင်ငံတော်ပိုင်စားသောက်ဆိုင်ကနေ အသားမုန့်တစ်ပွဲတောင် ပါသေးတယ်”
ထိုအခါ ရှဲ့လီမှာဝမ်းသာလွန်း၍ မျက်ရည်များစီးကျလာလေတော့သည်။ လူများသည် နှလုံးသားကို လောင်းကြေးထပ်ရန် အရမ်းအေးစက်လွန်းလှသော်လည်း အစာအိမ်ကတော့ နွေးထွေးကြောင်းကို သူမနားလည်သဘောပေါက်သွားခဲ့၏။
ဤအမျိုးသားသည် သူမ၌ ကိုယ်ချင်းစာတရားရှိသည်ဟူသော အချက်ကို လောင်းကြေးထပ်နေခြင်း မဟုတ်ဘဲ သူမသည် အစားအသောက်မက်သူတစ်ဦးဖြစ်သည်ဟူသော အချက်ကိုသာ လောင်းကြေးထပ်နေခြင်းပင်။
ကျီခနဲမြည်သံနှင့်အတူ တံခါးပွင့်သွားခဲ့သည်။ ရှန်ဟွိုင်နျန်၏လောင်းကြေးမှာ လုံးဝမှန်ကန်ခဲ့လေ၏။ ရှဲ့လီက အသားမုန့်များကို အငမ်းမရစားသောက်နေချိန်တွင် သူသည် ဘေး၌ထိုင်ကာပြုံးလျက် ငေးကြည့်နေခဲ့သည်။
ရှဲ့လီသည် သူ့အကြည့်များကြောင့် ကျောချမ်းသွားသလို ခံစားလိုက်ရသည်။ ဤအမျိုးသားသည် နေ့လယ်မှအကြောင်းကို အစမှအဆုံးတိုင်တစ်ခွန်းမျှမဟခဲ့ချေ။ ရှဲ့လီသည် ငြိမ်ငြိမ်လေး ဆက်မထိုင်နိုင်တော့ဘဲ စကားစလိုက်သည်။
“အင်း အားနျန်”
ရှန်ဟွိုင်နျန်က သူမပါးစပ်ကိုပိတ်ရန်အတွက် သကြားလုံးတစ်လုံးကို ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
“ရှောင်လီ၊ မင်းလည်း ပုံမှန်လူမှုဆက်ဆံရေးရှိဖို့လိုတယ်၊ မင်း လီချယ်နဲ့ လျှောက်လည်တာက ပျင်းလို့သက်သက်ပဲဆိုတာ ငါယုံပါတယ်၊ မင်းတို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူးဆိုတာလေ”
ရှဲ့လီလည်း အားတက်သရော ခေါင်းညိတ်ပြလိုက်လေသည်။ သူတို့ကြားတွင် ဘာတစ်ခုမှမရှိသည်မှာ သေချာသည်ပင်။ သူမသည် ခေါင်းစောင်း၍ ရှန်ဟွိုင်နျန်ရင်ခွင်ထဲသို့ တိုးဝင်ကာ ချွဲချွဲနွဲ့နွဲ့ဖြင့်ပြောလိုက်သည်။
“အားနျန် ရှင်က အကောင်းဆုံးဆိုတာ ကျွန်မသိပြီးသားပါ”
ရှန်ဟွိုင်နျန်သည် လက်မြှောက်ကာ ရှဲ့လီ၏ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်ပြီး သူ့ရင်ခွင်ထဲမှ ကလေးမလေးအား ညင်သာယုယကာအချစ်ပိုသည့် အပြုံးမျိုးပြုံးရင်း ကြည့်လိုက်လေသည်။
သဘာဝကျကျပင် သူ့ဇနီးဖြစ်သူကို သူ ယုံကြည်သော်ငြား ထိုခွေးကောင်ကိုမူ သူ လုံးဝမယုံကြည်နိုင်ခဲ့ပေ။ တစ်ဖက်တွင် ပျော်ရွှင်ကြည်နူးနေချိန်၌ အခြားတစ်ဖက်တွင်မူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနအတွင်း၌ လီချယ်သည် အထိတ်တလန့်ဖြင့် မေးခွန်းထုတ်နေလေ၏။
“ဘာ ဟယ်ခရိုင်ကိုသွားရမယ် မဟုတ်သေးဘူးလေ၊ ရှဲ့လီနဲ့အတူ ငါလိုက်နေတဲ့ အမှုကရော ဘယ်လိုလုပ်မလဲ၊ ရှဲ့လီက အရည်အချင်းရှိတယ်ဆိုတာ ငါလက်ခံပါတယ်၊ ဒါပေမယ့် သူ့ကိုကူညီဖို့ လူလိုတယ်လေ၊ သူတစ်ယောက်တည်း ဘယ်လိုလုပ်နိုင်မှာလဲ”
လီချယ့်မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ အထင်းသားပေါ်လွင်နေခဲ့သည်။ ခေါင်းဆောင်ပိုင်းက သူ့အား ရုတ်တရက် မိုင်ထောင်ချီကွာဝေးသော ဟယ်ခရိုင်သို့ ပြောင်းရွှေ့ချင်နေကြသည်။ ခေါင်းဆောင်ဖြစ်သူက လီချယ်အား တစ်ချက်စိုက်ကြည့်ကာရှင်းပြလိုက်၏။
“မင်းနေရာကို ဝံပုလွေအိုကအစားထိုး တာဝန်ယူလိမ့်မယ်၊ မင်းကို ဟယ်ခရိုင်ကို ပြောင်းရွှေ့ဖို့ဆိုတာကလည်း ဝံပုလွေအိုရဲ့တောင်းဆိုချက်ပဲ၊ ဒီအမှုမှာ လူအင်အားမလုံလောက်တာမျိုးမဖြစ်စေဖို့ သူကိုယ်တိုင် မင်းနေရာမှာဝင်လုပ်ပေးလိမ့်မယ်”
လီချယ်မှာမူ ဆွံ့အသွားခဲ့ရလေတော့သည်။
‘နေပါဦး၊ အဲဒီဝံပုလွေအိုဆိုတာ ဘယ်သူလဲ သူ ရူးများရူးနေတာလား’ ဟုသာ စိတ်ထဲမှကြိတ်၍ ရေရွတ်နေမိတော့သည်။