← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

Ch-114

လီချယ်သည် ရှဲ့လီအားနှုတ်ဆက်စကားပင်ဆိုခွင့်မရလိုက်ဘဲ ညတွင်းချင်းပင် ပြောင်းရွှေ့ခံလိုက်ရလေသည်။ ဟယ်ခရိုင်ရှိတာဝန်မှာ အန္တရာယ်ကင်းပြီး သက်သောင့်သက်သာရှိလှသည်ဟု ဆိုရပေမည်။

လီချယ် ထွက်ခွာသွားချိန်၌မူ မျက်ရည်များနှင့် နှပ်ချေးများမှာ ပူဖောင်းများပမာ ထွက်ကျလာသည်အထိ ပြင်းပြင်းထန်ထန် ငိုကြွေးသွားခဲ့လေသည်။ သူသည် ဝံပုလွေအိုအား နာကျည်း မုန်းတီးသွားခဲ့ပြီဖြစ်၏။

ဝံပုလွေအိုသည် လီချယ့်နေရာကို အစားထိုးဝင်ရောက်လာခဲ့ပြီး ရှဲ့လီ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်လာခဲ့သည်။ ရှဲ့လီအတွက်မူ မည်သူနှင့်တွဲလုပ်ရသည်ဖြစ်စေ သိပ်ပြီးကိစ္စမရှိပေ။

သူမအထက်လူကြီးက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေသည်မှာတော့ အမှန်ပင်။ သူတို့နှစ်ဦးလုံးမှာ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိသော ကိုယ်ပိုင်အမှတ်အသားများရှိကြသဖြင့် လူချင်းတွေ့ဆုံခွင့်မရဘဲ တစ်ကြောင်းတည်းသော ဆက်သွယ်ရေးလိုင်းမှတစ်ဆင့်သာ သတင်းစကားများဖလှယ်နိုင်ကြလေသည်။

ထိုကာလအတွင်း သူတို့နှစ်ဦးသည် အကြိမ်အနည်းငယ်မျှပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အရာရာမှာ အတော်လေး အဆင်ပြေချောမွေ့ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှန်ဟွိုင်နျန်၏ စိတ်အခြေအနေမှာ အလွန်တရာကောင်းမွန်နေခဲ့ကြောင်းကို သိသိသာသာမြင်တွေ့နိုင်ပေသည်။ တစ်နေ့ကုန် မည်သည့်အရာကိုတွေး၍ပြုံးရွှင်နေမှန်းကိုမူ သူမ မသိခဲ့ချေ။

ရှန်ဟွိုင်နျန်ဘက်တွင်မူ လီချယ်ချန်ထားခဲ့သော အရှုပ်တော်ပုံများကို လွှဲပြောင်းရယူခဲ့ရသော်ငြား သူ့ဇနီးဖြစ်သူအား အနှောင့်အယှက်ပေးနေသော ထိုလူဆိုးအား ဝေးရာသို့ပြောင်းရွှေ့ပစ်နိုင်ခဲ့သဖြင့် အလွန်တရာကျေနပ်ဝမ်းမြောက်နေခဲ့လေသည်။

သူ့ရည်မှန်းချက်မှာ သူ့ဇနီးလေးအနားတွင် အခြားမည်သည့်အမျိုးသားမျှမရှိစေရေးပင်။ ရှဲ့လီသည် သူမ၏အထက်လူကြီးကို အတော်လေး စိတ်ဝင်စားစရာကောင်းသူအဖြစ် သတ်မှတ်ထားသည်။ ထိုသူထံမှ သတင်းစကားပါးလာတိုင်း သို့မဟုတ် ညွှန်ကြားချက်ပေးတိုင်း သူ၏စဉ်းစားတွေးခေါ်ပုံမှာ အလွန်တရာထူးခြားဆန်းပြားလှပြီး သူမလုပ်ချင်သော အရာများနှင့် အမြဲတစေထပ်တူကျနေတတ်လေ၏။

ဥပမာအားဖြင့် မြေကျွဲကိုဖမ်းဆီးခဲ့စဉ်က သတင်းအချက်အလက်မှတ်တမ်းထဲ၌ မစင်များထည့်သွင်းထားခဲ့ခြင်းမျိုးဖြစ်သည်။ သူမသည် ထိုကိစ္စကို အလုပ်ရှုပ်သည်ဟုမထင်ခဲ့ဘဲ သူမကိုယ်တိုင်ပင် အိမ်သာတွင်းဟောင်းဆီသို့သွားကာ ချီးအတုံးအခဲကြီးတစ်ခုကို တူးဖော်ခဲ့သေးသည်ပင်။

လူတို့ဟူသည် မကောင်းမှုတစ်ခုခုကို ကျူးလွန်နေချိန်တွင် မည်သည့်အခါမျှ အလုပ်ရှုပ်သည်ဟု မထင်မှတ်တတ်ကြချေ။

ရှဲ့လီသည် စစ်တပ်ဝင်းအတွင်းရှိ စစ်သည်ဇနီးအုပ်စုနှင့် ဆက်လက် ရောနှောပေါင်းသင်းနေခဲ့ပြီး အသုံးဝင်မည့် သတင်းအချက်အလက်များရနိုင်မလား၊ မသင်္ကာဖွယ် လူတစ်ဦးတစ်ယောက်ကိုများတွေ့ရမလားဟူ၍ စောင့်ကြည့်နေခဲ့သည်။

စစ်သားဇနီးသည်တစ်ဦးဟူသော အဆင့်အတန်းမှာ သတင်းအချက်အလက်များ စုဆောင်းရာ၌ အလွန်ပင်အဆင်ပြေလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုဇနီးသည်အုပ်စုမှာ အတင်းအဖျင်းပြောဆိုရာ၌ အလွန်ဝါသနာပါကြသောကြောင့်ပင်။

သူတို့၏စေ့စပ်သေချာမှုမှာ တစ်ဦးနှင့်တစ်ဦးခင်ပွန်းများ အိပ်ရာပေါ်တွင် မည်မျှကြာအောင် စွမ်းဆောင်နိုင်သည်ဆိုသောအချက်ကိုပင် အတိအကျသိရှိနေကြသည်အထိဖြစ်လေသည်။ ဤဇနီးသည်များကြားတွင် မည်သည့် လျှို့ဝှက်ချက်မျှမရှိနိုင်ပေ။

ထိုနေ့က ရှဲ့လီနိုးလာပြီးနောက် ရှန်ဟွိုင်နျန်ချန်ထားရစ်ခဲ့သော နံနက်စာကိုစားပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ ယခုအချိန်၌မူ သူမသည် ထိုဇနီးသည်အုပ်စုနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။

တော်ပီဒိုဖြစ်ရပ်အပြီး၌ ပါရမီရှင်စစ်ဆရာဝန်မလေးတစ်ဦးဟူသော အဆင့်အတန်းကြောင့် ဇနီးသည်များသည် သူမကွယ်ရာတွင် အတင်းအဖျင်းမပြောရဲကြတော့ပေ။ ဤရက်များအတွင်း အတူတကွ အချိန်ဖြုန်းပြီးနောက် သူမသည် သူတို့နှင့် အတော်လေးသင့်မြတ်နေပြီဖြစ်သည်။

သူတို့သည် မည်သူ့ခင်ပွန်းက အလွန်စွမ်းဆောင်နိုင်ကြောင်း၊ မည်သူ့ခင်ပွန်းကမူ မစွမ်းဆောင်နိုင်ကြောင်းစသည့် အကြောင်းအရာပေါင်းစုံကို ရွှင်မြူးစွာဖြင့် ပြောဆိုဆွေးနွေးနေကြသည်။ ထိုအထဲတွင် အာရုံစိုက်မှုအခံရဆုံးသူမှာ ရှန်ဟွိုင်နျန်ပင်ဖြစ်သည်။

စစ်သည်ဇနီးများသည် ရှဲ့လီအားလက်ဖြင့်တွတ်ကာ ရယ်မောစနောက်လိုက်ကြသည်။

“တပ်မှူးရှန်ကို တစ်ချက်ကြည့်လိုက်တာနဲ့တင် သူဘယ်လောက်စွမ်းတယ်ဆိုတာ သိနိုင်တယ်၊ ဟုတ်တယ်မလား ရှောင်ရှဲ့၊ နင်ကတော့ အကောင်းဆုံးတွေချည်း စားနေရတာပဲ”

ရှဲ့လီသည် ပါးစပ်အဟောင်းသားဖြင့် ပြုံးဖြီးဖြီးလုပ်နေလိုက်သည်။

“ဟီးဟီး ဟီးဟီးဟီး”

အမှန်တကယ်တော့ သူမကိုယ်တိုင် စမ်းသပ်ကြည့်ရခြင်းမရှိသေးပေ။ ဝမ်ရှို့လီသည် ဟင်းသီးဟင်းရွက်များကို ရွေးချယ်နေရင်းမှ ရှဲ့လီအား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။

“ရှောင်ရှဲ့ နင်သိပြီးပြီလား၊ ငါတို့စစ်တပ်ဝင်းထဲကို တပ်မှူးအသစ်တစ်ယောက်ရောက်လာတယ်လေ”

ရှဲ့လီသည် ဆက်လက်ပြုံးနေဆဲပင်။

“ဟီးဟီး ဟီးဟီးဟီး”

အနီးရှိ ဝမ်တာ့အိုက်က ဝင်ရောက်ပြောဆိုလိုက်သည်။

“ငါတို့စစ်တပ်ဝင်းထဲမှာ တပ်မှူးတွေအများကြီးရှိနေပြီးသား မဟုတ်ဘူးလား၊ ဘယ်သူ့ခင်ပွန်းက တပ်မှူးရှန်ထက်ပိုပြီး အထင်ကြီးစရာကောင်းနေလို့လဲ၊ ဒါ့အပြင် တပ်မှူးရှန်ကလွဲရင် ကျန်တဲ့တပ်မှူးတွေအကုန်လုံးက အသက်လေးဆယ်ကျော်နေပြီလေ၊ ငါတို့ရဲ့ရှောင်ရှဲ့လေးက ရုပ်ချောတဲ့သူတွေကိုပဲ ဂရုစိုက်တာ၊ ဟုတ်တယ်မလား ရှောင်ရှဲ့”

ဝမ်တာ့အိုက်သည် ရှဲ့လီဘက်သို့မေးငေါ့ပြလိုက်ရာ ရှဲ့လီကအပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

“ဟီးဟီး ဟီးဟီးဟီး”

ရှဲ့လီသည် ရုပ်ရည်ချောမောမှုအပေါ် အလွန်တရာစွဲလမ်းတတ်ကြောင်းကို စစ်သည်ဇနီးများအားလုံးသိရှိထားပြီးဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရှန်ဟွိုင်နျန်မှာ အလွန်တရာချောမောပြီး သူမစံနှုန်းများနှင့် အတိအကျကိုက်ညီနေခဲ့ပေသည်။

ရှန်ဟွိုင်နျန်တစ်ယောက် ယခုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် တပ်မှူးတစ်ဦးဖြစ်နေရခြင်းမှာ သူ့အရည်အချင်းများကြောင့်ဖြစ်ပြီး အနာဂတ်တွင် အကန့်အသတ်မရှိအောင်မြင်လာမည်မှာ အများသိထားသောအမှန်တရားပင်။

ဝမ်ရှို့လီသည် လက်ထဲမှ ဟင်းသီးဟင်းရွက်များကို ချထားလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သောအသံဖြင့် တိုးတိုးလေးပြောလိုက်သည်။

“ဒီတစ်ခေါက်ရောက်လာတဲ့ တပ်မှူးက အသက် ၂၄နှစ်ပဲ ရှိသေးတာ၊ တပ်မှူးရှန်ထက်တစ်နှစ်တောင်ငယ်သေးတယ်၊ ပထမတန်းစားဂုဏ်ပြုဆု သုံးကြိမ်တောင်ရထားတာတဲ့၊ သူကတော်တော်လေး မိုက်တယ်ဆိုပဲ၊ ဟိုင်ချန်မြို့ကနေ ဒီကိုပြောင်းလာတာ”

ရှဲ့လီသည် အရေးအကြီးဆုံးမေးခွန်းကို စိတ်အားထက်သန်စွာ ထမေးလိုက်လေသည်။

“သူက ချောလား”

All Chapters