အခန်း ၁၁၅
Vol. 12 Ch. 115
Ch-115
ဝမ်ရှို့လီ ခေါင်းမော့ကာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ စစ်သည်ဇနီးများအားလုံးမှာ ခေါင်းများပြူထွက်လာကြသလို ရှဲ့လီကလည်း အနားသို့တိုးကပ်သွားခဲ့၏။
“တနေ့က ငါ့ယောကျ်ားဆီပစ္စည်းသွားပို့ရင်း တပ်စခန်းမှာ သူ့ကိုခဏလောက် မြင်လိုက်ရတယ်၊ ဘယ်လိုပြောရမလဲ၊ တပ်မှူးရှန်လိုပဲ သူကအရမ်းချောတာ”
ရှဲ့လီသည် စိတ်ဝင်တစားဖြင့်လျှာတစ်ချက်သပ်လိုက်သည်။
“သူကရော အသားဖြူဖြူချောချောလေးပဲလား”
ဝမ်ရှို့လီက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
“အသားဖြူဖြူချောချောလေးပဲ၊ အရမ်းကိုဖြူတာ၊ စစ်တိုက်လာတာ နှစ်ကြာနေတဲ့သူနဲ့တောင် မတူဘူး”
ရှဲ့လီနှုတ်ခမ်းထောင့်များ ကွေးတက်သွားလေသည်။
“အသားဖြူဖြူလေးတွေကို ကျွန်မ အရမ်းသဘောကျတာပဲ”
စစ်သည်ဇနီးများအားလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားကြလေ၏။ ရှဲ့လီသည် ဝမ်ရှို့လီ၏အင်္ကျီလက်ကို ဆွဲလှုပ်လိုက်သည်။
“ဆက်ပြောပါဦး အစ်မရဲ့၊ သူက ဘယ်လိုရုပ်မျိုးလဲ၊ အရပ်က ၁၈၅စင်တီမီတာလောက်ရှိပြီး ကြွက်သားရှစ်မြှောင်းနဲ့ ခြေတံရှည်ကြီးတွေရောရှိလား၊ သူ ဘယ်တော့ပြောင်းလာမှာလဲ”
လှပသောအရာများနှင့် ပတ်သက်လာလျှင် ရှဲ့လီသည် အမြဲတမ်းစိတ်မရှည်နိုင်ဘဲ ကြည့်လိုစိတ်ပြင်းပြတတ်ပြီး ထိုအထဲတွင် ချောမောသောအမျိုးသားများလည်း အပါအဝင်ပင်။ ရှဲ့လီသည် အလွန်တရာရိုးသားပွင့်လင်းသော အပြုံးမျိုးဖြင့် ပြုံးဖြီးဖြီးလုပ်နေလေသည်။
“ဟီးဟီး”
ဝမ်ရှို့လီသည် သူမအားမျက်စိတမှိတ်မှိတ်ဖြင့် အဆက်မပြတ်အချက်ပြလိုက်၏။
“မပြောနဲ့တော့၊ ဆက်မပြောနဲ့တော့”
ရှဲ့လီသည် နှုတ်ခမ်းလေးဆူကာချွဲနွဲ့လိုက်သည်။
“အိုး အစ်မကလည်း အဲဒီလောက်လည်း ကပ်စေးမနှဲပါနဲ့၊ အချိန်ကျရင် အခွင့်အရေးယူပြီး သူ့ဗိုက်ကြွက်သားတွေကို နှစ်ခါလောက်သွားစမ်းကြည့်ရုံလေးပါပဲ”
အားလုံးမှာမူ ဆွံ့အသွားကြလေသည်။ သူမမျှော်လင့်ချက်များမှာ အလွန်ကြီးမားလှပေ၏။ မည်သူမျှစကားမဆိုရဲကြတော့ဘဲ ခေါင်းငုံ့ကာ ကိုယ့်အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေကြသည်။
ရှဲ့လီသည် အဖြေတစ်ခုရရှိရန်အတွက် ဝမ်ရှို့လီအား ဆက်လက် ပူဆာနေခဲ့သည်။
“သူ ပြောင်းလာပြီလားလို့”
သူမနောက်ကျောဘက်မှ အမျိုးသားတစ်ဦး၏အသံထွက်ပေါ်လာခဲ့သည်။
“သူ ပြောင်းလာပြီ၊ မနေ့ညကတည်းက ပြောင်းလာတာ”
ရှဲ့လီ ခေါင်းညိတ်ပြလိုက်၏။
“အိုကေ ကျေးဇူးပဲ”
ထိုသို့ပြောပြီးနောက် ရှဲ့လီသည် ကျောက်ရုပ်တစ်ရုပ်ပမာ အေးခဲသွားခဲ့သည်။ ထိုအသံမှာ ရှန်ဟွိုင်နျန်၏အသံနှင့် အတော်လေးဆင်တူနေသည်ပင်။
သူမ မော့ကြည့်လိုက်ရာ သနားစဖွယ်အကြည့်များဖြင့် ဝိုင်းကြည့်နေကြသော စစ်သသည်ဇနီးများကို မြင်တွေ့လိုက်ရလေသည်။ ရှန်ဟွိုင်နျန်သည် ရှဲ့လီအနောက်တွင်ရပ်နေကာ သူမအား ကြင်ကြင်နာနာဖြင့် အဖြေပေးလိုက်သည်။
“ဒီတပ်မှူးသစ်ရဲ့မျိုးရိုးနာမည်က ချန်၊ ပြီးတော့ သူ့မှာအိမ်ထောင်ဖက်မရှိသေးဘူး”
ရှဲ့လီသည် မတ်တတ်ထရပ်လိုက်ပြီး ရှန်ဟွိုင်နျန်၏ရင်ခွင်ထဲသို့ အမြန်တိုးဝင်သွားလေ၏။
“သူ့မှာ အိမ်ထောင်ဖက်ရှိတာ မရှိတာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ၊ အားနျန် ရှင်ပြန်လာပြီပဲ၊ ကျွန်မ ရှင့်ကိုအရမ်းလွမ်းနေတာ”
စစ်သည်ဇနီးများမှာမူ ကြက်သေသေသွားကြလေသည်။ သူတို့သည် ဤမြင်ကွင်းကိုကြည့်ရင်း မခံစားနိုင်ကြတော့ပေ။ အရာရာသည် လိမ်လည်လှည့်စားမှုများသာဖြစ်ပြီး အမှန်တရားဟူ၍ တစ်စက်ကလေးမျှမရှိခဲ့ချေ။
ရှဲ့လီသည် ရှန်ဟွိုင်နျန်၏အနောက်မှနေ၍အိမ်သို့လိုက်ပါသွားရင်း လမ်းတစ်လျှောက်လုံး စကားများ တတွတ်တွတ်ပြောဆိုနေခဲ့သည်။
“အားနျန် ရှင် ဒီနေ့နေ့လယ် ဘာလို့ စောစောပြန်လာတာလဲ”
“မင်း စပ်စုချင်နေမှာစိုးလို့ တပ်မှူးချန်နဲ့ လာမိတ်ဆက်ပေးတာလေ”
“ဟီးဟီး အားနျန် ရှင် စိတ်မဆိုးနဲ့လေ”
“ကိုယ် စိတ်မဆိုးပါဘူး”
“ဒါဆို ကျွန်မကို တစ်ချက်လောက်ပြုံးပြပါလား”
“ဟက်”
ဆွံ့အသွားမှုသာ ကြီးစိုးသွားခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဆွဲငင်တွန်းထိုးရင်းဖြင့် အိမ်သို့ပြန်ရောက်လာခဲ့ကြ၏။ အိမ်ထဲသို့ဝင်ဝင်ချင်းပင် ရှန်ဟွိုင်နျန်သည် ရှဲ့လီလက်ကိုဆွဲယူလိုက်ပြီး သူ့အင်္ကျီကိုလှန်တင်ကာ သူမလက်ကို သူ့ဗိုက်ကြွက်သားများပေါ်သို့ တိုက်ရိုက်တင်ပေးလိုက်လေသည်။
ရှဲ့လီမှာ အံ့သြမှင်သက်သွားခဲ့ရသည်။
သူသည် အံကျိတ်လိုက်ပြီး အရာရာကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားသော ရိုးသားသည့် အမျိုးသားတစ်ဦးပမာပြောလိုက်၏။
“ရှောင်လီ၊ မင်း စမ်းကြည့်ချင်တယ်ဆိုရင် ကိုယ့်ဟာကိုပဲစမ်းပါ၊ ကိုယ့်ရဲ့အရာအားလုံးက မင်းအတွက်ချည်းပဲ၊ မင်း အချိန်မရွေး စမ်းကြည့်လို့ရတယ်၊ တခြားအနံ့အသက်မကောင်းတဲ့ ယောကျ်ားတွေဆီကိုတော့ သွားမစမ်းနဲ့”
ရှဲ့လီသည် သူ့ဗိုက်ကြွက်သားများကို စမ်းသပ်နေရင်း သူမရှေ့မှအမျိုးသားအား မော့ကြည့်လိုက်လေသည်။ ကျယ်ပြန့်သောပခုံးများ၊ သွယ်လျသောခါး၊ ရှည်လျားသောခြေတံများ၊ ဖြူဝင်းသောအသားအရည်၊ မြေခွေးမျက်လုံးအစုံနှင့် မြင့်မားဖြောင့်စင်းသောနှာတံတို့သည် သူမ၏အလှအပဆိုင်ရာ စံနှုန်းတိုင်းကို တိတိကျကျပင် ဖြည့်ဆည်းပေးနေခဲ့သည်။ ရှဲ့လီသည် တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်၏။
“တကယ်လား”
ရှန်ဟွိုင်နျန်သည် နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။
“တကယ်ပေါ့”
ရှဲ့လီသည် နှုတ်ခမ်းတွန့်ကွေးကာပြုံးပြလိုက်လေသည်။
“ဒါဆို ရှင့်ဘောင်းဘီကို ချွတ်လိုက်၊ ရှင့်ခြေတံတွေကို ကျွန်မကြည့်ချင်တယ်”
ရှန်ဟွိုင်နျန်မှာ လုံးဝဆွံ့အသွားခဲ့ရ၏။
‘မင်းကတော့လေ’
နောက်တစ်စက္ကန့်တွင်ပင် ရှန်ဟွိုင်နျန်သည် ခါးပတ်ကိုစတင်ဖြုတ်လေတော့ရာ ရှဲ့လီ အထိတ်တလန့်အော်ဟစ်လိုက်သည်။
“ဟေး နေဦး နေဦး နေဦး”
ရှဲ့လီသည် မျက်လုံးအုပ်ကာ အိပ်ခန်းထဲသို့ ရှက်သွေးဖြာလျက်ပြေးဝင်သွားပြီး စောင်ပုံထဲသို့ခေါင်းစိုက်ဝင်သွားလေသည်။ ထို့နောက် စောင်ကြားမှနေ၍ ခိုးကြည့်ရင်းချွဲနွဲ့လိုက်၏။
“ဒီလိုကြီးမလုပ်ပါနဲ့၊ ကျွန်မ ရှက်လို့ပါ”
ရှန်ဟွိုင်နျန် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူသည် တကယ်ကို အစွမ်းကုန် ကြိုးစားပေးခဲ့ခြင်းပင်။
တပ်မှူးအသစ်၏အမည်မှာ ချန်ကျွေ့ဖြစ်သည်။ သူ့ကို ရှန်ဟွိုင်နျန်မြင်တွေ့ခဲ့ပြီးဖြစ်ရာ သူသည် ရှဲ့လီသဘောကျတတ်သောပုံစံမျိုး အတိအကျပင်ဖြစ်နေခဲ့သည်။ သူ့ဇနီးဖြစ်သူက အခြားအမျိုးသားများအား ငေးကြည့်နေခြင်းမျိုးကို သူလုံးဝအလိုမရှိချေ။
ယခင်က သူ့ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်၍ သူလုံးဝဂရုမစိုက်ခဲ့သော်ငြား ရှဲ့လီနှင့်တွေ့ဆုံပြီးနောက်တွင်မူ ချောမောသောရုပ်ရည်ဖြင့် မွေးဖွားလာခဲ့ခြင်းအပေါ် သူအလွန်တရာ ဝမ်းမြောက်မိလေသည်။
သူ့ဇနီးသည်မှာ ရုပ်ရည်ချောမောသူများကို အလွန်တရာသဘောကျလွန်းသည်ပင်။ ရှဲ့လီသည် ခါးလေးလှုပ်ကာလျှောက်လာပြီး ရှန်ဟွိုင်နျန်ကို ဖက်၍ချွဲနွဲ့လိုက်၏။
“အားနျန် ကျွန်မ ရှင့်ကိုအကြိုက်ဆုံးပဲ”
သူမက အကြိုက်ဆုံးဟုသာပြောခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်းသောဟုပြောခဲ့ခြင်းမဟုတ်ချေ။ ရှဲ့လီသည် နေ့ခင်းကြောင်တောင်အိပ်မက်မက်နေခဲ့သည်။
သူမသည် ဧကရီဘုရင်မတစ်ပါးအဖြစ် နေထိုင်ရန် သင့်တော်ကြောင်းနှင့် နန်းဆောင်အတွင်း၌ ချောမောသော အမျိုးသားအများအပြားကို ထိမ်းသိမ်းထားပြီး တစ်ဦးချင်းစီအပေါ် အလိုလိုက် အချစ်ပိုနိုင်ကြောင်း တွေးတောနေမိသည်။ ထိုအကြောင်းကို တွေးမိရုံဖြင့်ပင် သူမစိတ်အစဉ်မှာ ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ရှန်ဟွိုင်နျန် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူကဲ့သို့ အာရုံခံစားမှု ထက်မြက်သူတစ်ဦးအနေဖြင့် ရှဲ့လီ၏စိတ်ကူးယဉ်အတွေးများကို သဘာဝကျကျပင် အာရုံခံမိနေခဲ့သည်။ ရှဲ့လီသည် ဧကရီဘုရင်မအိပ်မက်ထဲ၌ နစ်မျောနေပြီး ထီးနန်းတက်လှမ်းရတော့မည့်အလား ခံစားနေရ၏။
*ဒေါက် ဒေါက် ဒေါက်*
တံခါး၀မှ တံခါးခေါက်သံတစ်သံထွက်ပေါ်လာခဲ့သည်။ ရှဲ့လီ လှမ်းမေးလိုက်၏။
“ဘယ်သူလဲ”
အပြင်ဘက်ရှိလူမှာ သိသိသာသာပင် အံ့အားသင့်သွားဟန်ရပြီးနောက် အနည်းငယ် အံ့သြနေသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး၏အသံထွက်ပေါ်လာခဲ့လေသည်။
“ရှောင်လီလေး တံခါးဖွင့်ပါဦး အဖေပါ”