အခန်း ၁၁၇
Vol. 12 Ch. 117
Ch-117
အလုပ်များနေသော ရှန်ဟွိုင်နျန်၏လက်များ ရပ်တန့်သွားခဲ့လေ၏။
လျူကျောက်တိသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိပြုမိသွားပြီး အလျင်အမြန်ပင် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
“ရပါတယ် ရပါတယ်၊ အခု သမီးလက်ထပ်ထားတဲ့ အမျိုးသားကလည်း လူကောင်းတစ်ယောက်ဖြစ်မယ့်ပုံပါပဲ၊ ကြည့်စမ်း သူက ဘယ်လောက်တောင်ချောပြီး အသားဖြူလိုက်သလဲ ရှောင်ချန်နဲ့ တစ်ပုံစံတည်းပဲ”
ဖန်းတာဖုသည် လျူကျောက်တိ၏ လက်ကို အမြန်ဆွဲလိမ်လိုက်လေသည်။
“အာ့ ရှင် ကျွန်မကိုဘာလို့လုပ်တာလဲ”
“ပါးစပ်ပိတ်ထားစမ်းပါ၊ ရှောင်လီလေးရဲ့ ယောကျ်ားကိုကြည့်စမ်း၊ သူ့မျက်နှာကြီး စိမ်းပုပ်နေပြီ”
ဖန်းတာဖုသည် သူ့ကိုယ်သူတိုးတိုးလေး ပြောနေသည်ဟု ထင်မှတ်နေခဲ့၏။
ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့ပြိုင်တူပြောလိုက်ကြသည်။
“ကျွန်တော်တို့ အကုန်ကြားရပါတယ် ကျေးဇူးပဲ”
“ကျွန်မတို့ အကုန်ကြားရပါတယ် ကျေးဇူးပဲ”
ဖန်းတာဖုသည် နောက်သို့လှည့်ကာ ရှန်ဟွိုင်နျန်အားပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“တပ်မှူးရှန် ကျွန်တော်တို့ကိုဂရုမစိုက်ပါနဲ့ဗျာ၊ ကျွန်တော်တို့က တောကလူတွေဆိုတော့ ဘာမှမတွေးဘဲပြောချင်ရာ ပြောတတ်လို့ပါ၊ ရှောင်လီလေး ခင်ဗျားနဲ့အတူပျော်နေတယ်ဆိုရင်ပဲ လုံလောက်နေပါပြီ”
ရှန်ဟွိုင်နျန်၏နှုတ်ခမ်းမှာ ကွေးညွှတ်သွားကာ ပြုံးလိုက်ပြီး နှိမ့်ချစွာတုံ့ပြန်လိုက်၏။
“အဖေနဲ့ အမေ၊ ကျွန်တော့်ကို ဟွိုင်နျန် ဒါမှမဟုတ် ရှောင်ရှန်လို့ပဲခေါ်လို့ရပါတယ်”
ဖန်းဇနီးမောင်နှံမှာ အလွန်တရာအံ့အားသင့်သွားကြလေ၏။ သူတို့သည် တစ်ဦးကိုတစ်ဦးအပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ရှဲ့လီအားအမြန် လှမ်းဆွဲလိုက်ကြသည်။
“ရှောင်လီလေး၊ သမီးရဲ့ယောကျ်ားက မဆိုးဘူးပဲ၊ သူ သမီးကို အလိုလိုက်မှာအသေအချာပဲ”
ရှဲ့လီ ခေါင်းထဲတွင်ချာချာလည်သွားပြီး ငယ်စဉ်ကတည်းက စေ့စပ်ထားသူဆိုသည်ကို သူမမှတ်ဉာဏ်များထဲ၌ ရှာဖွေကြည့်လိုက်လေသည်။
မူလပိုင်ရှင်သည် တောရွာတွင်နေထိုင်စဉ်က စေ့စပ်ထားသူတစ်ဦးရှိခဲ့သည်မှာ အမှန်ပင်။ ထိုအမျိုးသား၏အမည်မှာ ချန်ကျွေ့ဖြစ်ပြီး သူမထက် သုံးနှစ်ကြီးလေသည်။ သူမမှတ်ဉာဏ်များအရ ချန်ကျွေ့သည် အသားဖြူဖြူ၊ ယဉ်ယဉ်ကျေးကျေးနှင့် အလွန်တရာချောမောသူတစ်ဦးဖြစ်သည်။ သူ့စကားပြောဆိုပုံမှာလည်း အလွန်တရာညင်သာပျော့ပျောင်းလှပေ၏။
သို့သော် သူ့စရိုက်မှာ အလွန် ပေါ့ပေါ့တန်တန်ရှိဟန်ရပြီး မူလပိုင်ရှင်မှာလည်း သူ့အပေါ်တွင် မည်သည့်အချစ်စိတ်မျှရှိမနေခဲ့ချေ။ ရှဲ့လီ အံ့အားသင့်စွာဖြင့် ပါးစပ်အုပ်ထားလိုက်လေသည်။
“အဖေနဲ့ အမေ ကျွန်မတို့စစ်တပ်ဝင်းထဲက တပ်မှူးအသစ်ချန်က ကျွန်မနဲ့ငယ်ငယ်တုန်းကစေ့စပ်ထားတဲ့ ချန်ကျွေ့များလား”
ဖန်းဇနီးမောင်နှံသည် အားတက်သရော ခေါင်းညိတ်ပြလိုက်ကြသည်။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ သူပဲ”
“အိုး သူကတော်တော်ချောတယ်”
ရှဲ့လီသည် သူမမှတ်ဉာဏ်များထဲတွင် နစ်မျောနေပြီး ရုန်းထွက်၍ပင်မရနိုင်တော့ချေ။ သူသည် တကယ်ကို ချောမောလှသည်ပင်။ ရှန်ဟွိုင်နျန်သည် ဘေးတွင်မတ်တတ်ရပ်ကာ သူ့ဇနီးဖြစ်သူက အခြားအမျိုးသားတစ်ဦး၏ရုပ်ရည်ကို ဤမျှတိုင်စွဲမက်ဖွယ်ကောင်းလောက်အောင် ချီးကျူးပြောဆိုနေသည်ကို စိုက်ကြည့်နေခဲ့လေသည်။ လျူကျောက်တိက ရှဲ့လီအား လက်ဖြင့်တွတ်လိုက်သည်။
“ရှောင်လီလေး သမီးက သစ္စာရှိရမယ်နော် သိလား၊ အမေကတော့ ရှောင်ရှန်ကို တော်တော်သဘောကျတယ်”
ဖန်းတာဖုကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ရှောင်လီလေး၊ အဖေနဲ့ အမေ အခု အောက်ထပ်ကိုဆင်းရတော့မယ်၊ အဖေတို့ ဒီကိုလာတာ သူ့ကိုမပြောခဲ့ဘူး၊ အဖေတို့ကိုရှာမတွေ့ရင် သူစိတ်ပူနေလိမ့်မယ်”
ရှဲ့လီခေါင်းညိတ်ပြလိုက်ပြီး ရှန်ဟွိုင်နျန်ကရှေ့သို့ လှမ်းထွက်လာခဲ့သည်။
“အဖေနဲ့ အမေ့ကို ကျွန်တော်လိုက်ပို့ပေးပါမယ်”
ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့သည် ဖန်းဇနီးမောင်နှံအား အောက်ထပ်သို့ လိုက်ပို့ပေးခဲ့ကြသည်။ အောက်ထပ်သို့ ရောက်သည်နှင့်တပြိုင်နက် ပေါ့ပလာပင်အောက်ရှိ စစ်သည်ဇနီးများက တစ်စုံတစ်ရာကို မျက်လုံးပြူးကာစိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရလေ၏။
သူတို့အကြည့်များအတိုင်း လိုက်ကြည့်လိုက်ရာ နေဝင်ချိန်တွင် ရေတပ်ဝတ်စုံနှင့် အမျိုးသားတစ်ဦးရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ထင်းရှူးပင်တစ်ပင်ပမာ ဖြောင့်မတ်စွာရပ်နေပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားလေသည်။
နေဝင်ချိန်၏အလင်းရောင်များက သူ့အားလွှမ်းခြုံထားစေပြီး နတ်ဘုရားတစ်ပါးပမာ ထင်မှတ်ရ၏။ သူ ခေါင်းလှည့်လိုက်ရာ မင်ရည်ကဲ့သို့ မည်းနက်နေသော ဖီးနစ်မျက်လုံးအစုံသည် ရှဲ့လီထံသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။
သူ့မျက်လုံးများရှိ ခံစားချက်များသည် စိတ်ရှုပ်ထွေးမှုမှ အံ့သြမှုသို့၊ ထိုမှတစ်ဆင့် ဝမ်းမြောက်ဝမ်းသာဖြစ်မှုဆီသို့ ကူးပြောင်းသွားခဲ့လေသည်။ လူအများ၏ စောင့်ကြည့်နေမှုကြားတွင် သူသည် ရှဲ့လီထံသို့ အပြေးအလွှားရောက်ရှိလာပြီး သူမကိုပွေ့ချီကာ လှည့်ပတ်နေတော့၏။
သာမန်အားဖြင့်ဆိုလျှင် တစ်ပတ်ခန့် လှည့်ပြီးပါက အောက်သို့ချပေးရမည်ဖြစ်သော်လည်း သူကမူဆက်တိုက်ဆိုသလို လှည့်ပတ်နေလေတော့သည်။ ရှဲ့လီမှာမူ ကြက်သေသေသွားခဲ့ရသည်။
‘သူ ရူးနေပြီလား၊ ငါ အန်ချင်လာပြီလေ'
ဝမ်ရှို့လီ၏သားလေးမှာ ဘေးမှနေ၍ ကြည့်နေရင်း ခေါင်းလေးပြူထွက်ကာ ငေးမောနေခဲ့၏။ သူသည် ရှဲ့လီကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။
“ဘုရားရေ လေရဟတ်ကြီး”
ရှဲ့လီမှာ ဆွံ့အသွားခဲ့ရသည်။
“လွှတ်လိုက်စမ်း”
ရှန်ဟွိုင်နျန်သည် ခြေတစ်လှမ်းတည်းဖြင့် ရှေ့သို့ခုန်ထွက်လာပြီး ချန်ကျွေ့ပခုံးကို လှမ်းကိုင်လိုက်လေသည်။
ရှဲ့လီမှာမူ ကယ်တင်ခြင်းခံလိုက်ရပြီဖြစ်သည်။ သူမဦးနှောက်များ ဖျော်ရည်တစ်ခွက်ပမာ မွှေနှောက်ခံလိုက်ရသကဲ့သို့ ခံစားနေရ၏။
‘ဒီလူ ဂေါက်နေတာပဲ။ သေချာပေါက် ဂေါက်နေတာ'
‘မူလပိုင်ရှင်က သူ့ကိုမကြိုက်ခဲ့တာ အံ့သြစရာတော့မဟုတ်ဘူး’
“အိုး ဘုရားရေ ဘုရားရေ”
ရှဲ့လီ၏ဘယ်ဘက်ခြေထောက်သည် ညာဘက်ခြေထောက်ကို တိုက်မိသွားလေသည်။ ရှန်ဟွိုင်နျန်သာ ဖေးမပေးမထားပါက သူမမြေပြင်ပေါ်သို့ လဲကျသွားမည်မှာ အသေအချာပင်။
စစ်သည်ဇနီးသည်များမှာလည်း ဤမြင်ကွင်းကိုကြည့်ရင်း မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ အထင်းသားပေါ်လွင်နေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ”
“ဒီလောက်ရုပ်ချောတဲ့တပ်မှူးချန်က ရှဲ့လီကို သိနေတာလား”
လူအများ၏အကြည့်များကြားတွင် ချန်ကျွေ့သည် ရှဲ့လီ၏ခြေထောက်များကို ငုံ့ကြည့်ကာ ညင်သာသောလေသံဖြင့် ပြောလိုက်လေသည်။
“ရှောင်လီလေး မင်းရဲ့ဖိနပ်ကြိုးပြုတ်နေတယ်”
ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့မှာ နားမလည်နိုင်ဖြစ်သွားခဲ့ရ၏။ များပြားလှသော မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင် သူသည် ဒူးတစ်ဖက်ထောက်လိုက်ပြီး ရှဲ့လီ၏ဖိနပ်ကြိုးကို စတင်ချည်နှောင်ပေးလေတော့သည်။ စစ်သည်ဇနီးများမှာမူ အံ့သြလွန်း၍ ဆွံ့အသွားကြလေတော့သည်။
“ဘုရားရေ ငါတော့ ရူးတော့မှာပဲ”