← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

Ch-118

ချန်ကျွေ့သည် ညင်သာယုယစွာဖြင့် ရှဲ့လီ၏ဖိနပ်ကြိုးကို ချည်နှောင်ပေးပြီးနောက် သူမခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။

“ရှောင်လီလေး မင်းကပိုပြီးတောင် လှလာပါလား”

ရှန်ဟွိုင်နျန်သည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်မိသည်။ ဖန်းဇနီးမောင်နှံအား လမ်းလျှောက်ပို့ရန် ရှဲ့လီကိုပါခေါ်လာမိခြင်းမှာ အပိုလုပ်ရပ်တစ်ခုပမာ သူ ခံစားလိုက်ရသည်။ ထိုလင်မယားနှစ်ဦးမှာ လမ်းမသိသူများမဟုတ်ချေ။

စစ်သည်ဇနီးများသည် ရှန်ဟွိုင်နျန် စိတ်ပျက်ဒေါသထွက်နေသည်ကို လုံးဝ ဂရုမစိုက်ဘဲ မျောက်အုပ်ကြီးပမာ အော်ဟစ်ကာ ရှဲ့လီအားစနောက်နေကြလေတော့သည်။

“အိုးဟိုး အိုးဟိုး”

ချန်ကျွေ့နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားပြီးနောက် ကျောခိုင်း၍ လှည့်ထွက်သွားခဲ့သည်။ နေဝင်ဆည်းဆာရောင်ခြည်အောက်တွင် သူသည် အလွန်တရာလွတ်လပ်ပေါ့ပါးပြီး ဆွဲဆောင်မှုရှိသောဟန်ပန်ဖြင့် လျှောက်လှမ်းသွားလေ၏။

ရှဲ့လီသည် အလိုလိုရှေ့သို့လှမ်းလိုက်လေသည်။ သို့သော် ဝုန်းခနဲမြည်သံနှင့်အတူ မြေပြင်ပေါ်သို့ မှောက်လျက်သား လဲကျသွားခဲ့ရလေတော့၏။ ရှန်ဟွိုင်နျန်မှာ အလျင်အမြန်ပင် သူမအားဆွဲထူပေးလိုက်သည်။

“ရှောင်လီ”

စစ်သည်ဇနီးများမှာလည်း နားမလည်နိုင်ဖြစ်သွားကြသည်။ ကောင်းကောင်းမွန်မွန်ရပ်နေရင်းမှ မည်သို့ကြောင့် ရုတ်တရက် လဲကျသွားရသနည်း။ ရှဲ့လီ အောက်သို့ငုံ့ကြည့်လိုက်သည်။

“ချန်ကျွေ့ သေချင်းဆိုး၊ နင် အခုချက်ချင်း အဲဒီမှာရပ်လိုက်စမ်း”

ရှဲ့လီ၏ဒေါသတကြီးအော်ဟစ်သံသည် စစ်တပ်ဝင်းတစ်ခုလုံးသို့ ဟိန်းထွက်သွားလေတော့သည်။ ချန်ကျွေ့သည် သူမ၏ဖိနပ်ကြိုးနှစ်ဖက်လုံးကို တစ်ဖက်တည်း ပူးချည်ထားခဲ့ခြင်းပင်။

ထိုလူဆိုးသည် ပြုံးရွှင်နေခဲ့သည်။ သူ့မျက်ဝန်းများထဲတွင် ဆန့်ကျင်ဘက်လိင်အပေါ်တပ်မက်မှု သို့မဟုတ် ချစ်ခြင်းမေတ္တာအရိပ်အယောင်စိုးစဥ်းမျှမရှိဘဲ သူ့လက်စွမ်းလက်စနှင့် ဉာဏ်ရည်ဉာဏ်သွေးအပေါ် အလွန်တရာဂုဏ်ယူဝင့်ကြွားနေသည့်အသွင်များသာ ပြည့်နှက်နေခဲ့လေ၏။

မူလပိုင်ရှင်မှ သူ့အားမည်သည့်အတွက်ကြောင့်မနှစ်သက်ခဲ့ရသည်မှာ အလွန် ယုတ္တိတန်လှပေသည်။ မူလပိုင်ရှင်သည် မိန်းကလေးတစ်ဦးဖြစ်သော်ငြား ငယ်စဉ်ကတည်းက ချန်ကျွေ့၏ယောက်ျားလေးတစ်ဦးပမာ လေ့ကျင့်သင်ကြားပေးမှုကိုခံခဲ့ရသည်။ မူလပိုင်ရှင် အန္တရာယ်ကြုံတွေ့ချိန်တွင် သူသည် ရှေ့ထွက်၍ကာကွယ်ပေးတတ်သော်လည်း သူမ၌အန္တရာယ်မရှိချိန်များတွင်မူ သူကိုယ်တိုင်ကအကြီးမားဆုံးသော အန္တရာယ်ကောင်ကြီးဖြစ်နေတတ်လေ၏။

ရှန်ဟွိုင်နျန်သည် ရှဲ့လီ၏ဖိနပ်ကြိုးများကိုဖြုတ်ပေးလိုက်ပြီး သူမ၌ထိခိုက်ဒဏ်ရာမရှိကြောင်း သေချာစစ်ဆေးပြီးနောက် ခြေတစ်လှမ်းတည်းဖြင့် ရှေ့သို့ တိုးဝင်သွားခဲ့သည်။

သူ၏ပြင်းထန်လှသော လက်သီးချက်ကို ချန်ကျွေ့လက်မြှောက်ကာ ကာကွယ်လိုက်လေသည်။ တစ်ဦးက တိုက်ခိုက်လိုက်၊ ကျန်တစ်ဦးက ရှောင်တိမ်းလိုက်ဖြင့် အပြန်အလှန် ထိုးကြိတ်ကာကွယ်နေကြတော့၏။

သူတို့နှစ်ဦးသည် အကြိတ်အနယ် တိုက်ခိုက်နေကြပြီး အင်အားချင်းမှာလည်း အကြိတ်အနယ်ဖြစ်နေခဲ့သည်။ စစ်သည်ဇနီးများမှာမူ ဘေးမှနေ၍ လက်ခုပ်တီးကာ အားပေးနေကြလေသည်။

စစ်တပ်အတွင်းရှိ အမျိုးသားများ အချင်းချင်း ဤကဲ့သို့ယှဉ်ပြိုင်တိုက်ခိုက်ကြခြင်းမှာ သာမန်ကိစ္စတစ်ခုသာဖြစ်သဖြင့် စစ်သည်ဇနီးများသည် စိတ်ဝင်တစားဖြင့် ကြည့်နေကြလေ၏။

ရှန်ဟွိုင်နျန်အား ဤကဲ့သို့ရင်ဘောင်တန်း၍ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူမှာ တကယ်တမ်းတွင် လက်ချိုးရေတွက်၍ ရလောက်အောင်ပင် ရှားပါးလှပေသည်။ ဤမြင်ကွင်းမှာ အလွန်တရာစိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ ရှဲ့လီသည် ဘေးမှနေ၍ ဒေါသတကြီးခြေဆောင့်လိုက်လေသည်။

“တော်ကြတော့”

ထိုသို့အော်ဟစ်လိုက်ပြီးနောက် သူမသည် ခြေလှမ်းတစ်လှမ်းဖြင့် ခုန်ဝင်သွားကာ ထိုအမျိုးသားနှစ်ဦးကြားတွင် ဝင်ရပ်လိုက်လေ၏။ ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့သည် သူတို့လက်သီးချက်များကို အချိန်မီရုတ်သိမ်းလိုက်နိုင်ကြသည်။ ချန်ကျွေ့သည် နားမလည်နိုင်သော အကြည့်များဖြင့် သူမအား စိုက်ကြည့်ကာ မေးလိုက်သည်။

“ရှောင်လီလေး မင်း ဘာလုပ်နေတာလဲ”

ရှဲ့လီသည် သူ့အရှေ့တည့်တည့်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။ ထို့နောက် ရှဲ့လီသည် လှောင်ပြုံးတစ်ခု ပြုံးလိုက်ပြီး ချန်ကျွေ့၏ခြေသလုံးကို ဆွဲကိုင်ကာ အားကုန်သုံး၍အပေါ်သို့ ဆွဲမပစ်လိုက်လေတော့၏။

*ဝုန်း*

ချန်ကျွေ့သည် သုံးနှစ်တိတိအေးခဲထားသော ငါးတစ်ကောင်ပမာမြေပြင်ပေါ်သို့ ဖြောင့်ဖြောင့်တန်းတန်း လဲကျသွားခဲ့ရသည်။ ရှဲ့လီသည် နောက်လှည့်ကာ ရှန်ဟွိုင်နျန်ရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။

“အားနျန် ရှင်ကအရမ်းတော်တာပဲ”

ချန်ကျွေ့သည် မြေပြင်ပေါ်တွင် ပက်လက်လန်လျက်ပြုတ်ကျသွားသောအရှိန်ကြောင့် မျက်လုံးများပင် ပြာတက်သွားခဲ့ရ၏။

“ရှောင်လီ၊ နှစ်အနည်းငယ်အတွင်းမှာ မင်းက ပိုသန်မာလာခဲ့တာပဲ၊ အဟွတ် အဟွတ် ငါတော့သေပါပြီကွာ”

ဖန်းတာဖုနှင့် လျူကျောက်တိတို့သည် အပြေးအလွှားရောက်လာကြပြီး ချန်ကျွေ့အား ဆွဲထူပေးလိုက်ကြသည်။

“အိုကွယ် ရှောင်ချန်ရဲ့အရိုးအဆစ်တွေ ကျိုးကုန်ပါဦးမယ်”

လျူကျောက်တိကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“ဟုတ်တယ် ဟုတ်တယ်၊ မင်းသာ တစ်ခုခုဖြစ်သွားရင် ငါတို့အိုမင်းမစွမ်းဖြစ်တဲ့အခါ ဘယ်သူကပြုစုစောင့်ရှောက်ပေးတော့မလဲ”

ချန်ကျွေ့မှာမူ ဆွံ့အသွားခဲ့ရလေ၏။ ရှန်ဟွိုင်နျန်သည် သူ့အားအေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ပြီး ချန်ကျွေ့ကလည်း အပြုံးဖြင့်တုံ့ပြန်လိုက်သည်။

သူတို့နှစ်ဦး အကြည့်ချင်းစစ်ခင်းနေကြသောကြောင့် လေထုမှာ အလွန်တင်းမာနေခဲ့သည်။ ချန်ကျွေ့သည် ရန်စလိုသောလေသံဖြင့် စကားဆိုလိုက်လေ၏။

“ရှောင်လီလေး ငါတို့ရဲ့စေ့စပ်ကြောင်းလမ်းထားတာက အခုထိမဖျက်သိမ်းရသေးဘူးနော်”

သူက ရှန်ဟွိုင်နျန်ဘက်သို့လှည့်ကာ ဆက်ပြောလိုက်သည်။

“တပ်မှူးရှန် ကျွန်တော့်ရဲ့ရှောင်လီလေးကို ခင်ဗျားလက်ထပ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ အဲဒီတုန်းက ကျွန်တော်တို့က ငယ်ချစ်ဦးတွေလေ၊ ခွဲခွာလို့မရလောက်အောင်ကို ရင်းနှီးခဲ့ကြတာ၊ ခင်ဗျား အဲဒါကိုနားလည်ရဲ့လား”

ရှဲ့လီသည် အလွန်တရာဒေါသထွက်သွားရကာ စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိလေသည်။

‘သောက်ခွေးကောင်၊ နင့်အမေကိုသာ သွားနားလည်လိုက်လေ’

ရှန်ဟွိုင်နျန်၏မြေခွေးမျက်လုံးအစုံမှာ အနည်းငယ် ကွေးညွှတ်သွားခဲ့၏။ ‘ရှပ်’ကနဲအသံနှင့်အတူ သူသည် သူတို့၏တရားဝင် ထိမ်းမြားလက်ထပ်စာချုပ်ကို ဆွဲထုတ်လိုက်လေသည်။

ရှန်ဟွိုင်နျန်သည် အောင်နိုင်သူတစ်ဦးပမာ ရယ်မောကာမေးခွန်းထုတ်လိုက်လေသည်။

“မင်းရဲ့ငယ်ချစ်ဦးက ငါနဲ့လက်ထပ်သွားတာကို မင်း ဘယ်လိုလုပ်သိသွားတာလဲ ဟားဟားဟား”

ချန်ကျွေ့မှာ အမျက်ဒေါသထွက်သွားကာ ခွေးကောင်ဟုသာ စိတ်ထဲမှ ကျိတ်၍ဆဲရေးတိုင်းထွာနေမိတော့သည်။

စစ်သည်ဇနီးများမှာမူ လေးစားအားကျသွားပြီး လက်ခုပ်တီးကာ အားပေးနေကြလေ၏။ တပ်မှူးရှန်ဖြစ်နေ၍သာ တော်တော့သည်။ သူ၏စွမ်းဆောင်ရည်မှာ ယခင်ကဲ့သို့ပင် တည်ငြိမ်နေဆဲဖြစ်ပြီး ယုတ်မာမှုများမှာလည်း မလျော့ပါးသွားခဲ့ချေ။

ချန်ကျွေ့သည် ရင်ထဲ၌စူးနင့်နာကျဥ်သွားခဲ့ရသည်။ သူသည် သူ့ရင်ဘတ်သူ ဖိထားရင်း ရှဲ့လီအားသနားစဖွယ် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့၏။

သူ၏ဖီးနစ်မျက်လုံးအစုံမှာ အလွန်တရာ နက်ရှိုင်းမှောင်မိုက်နေခဲ့လေသည်။ သူသည် အရောင်ဖျော့တော့နေသော မြက်ပင်ဖြင့်ရက်လုပ်ထားသည့် လက်စွပ်လေးတစ်ကွင်းကို ထုတ်ယူလိုက်ပြီး ရိုးသားပွင့်လင်းစွာ စကားဆိုလိုက်လေသည်။

“ရှောင်လီလေး မင်း မှတ်မိသေးလား၊ ဒီလက်စွပ်လေးကို မင်းကိုယ်တိုင်ရက်ပြီး ကိုယ့်ကို ပေးခဲ့တာလေ၊ ကိုယ်အချိန်တိုင်း ဒီလက်စွပ်လေးကို သိမ်းထားခဲ့တာ”

စစ်သည်ဇနီးများ၏ မျက်နှာများထက်တွင် နောက်ပြောင်လိုသောအပြုံးများ ပေါ်လာကြလေ၏။

“အိုး”

ရှဲ့လီ လှောင်ပြုံးတစ်ခုပြုံးလိုက်လေသည်။

“အဓိပ္ပာယ်မရှိတာတွေ၊ ရှင် အဲဒါကို အတင်းလုယူပြီး ပြေးသွားခဲ့တာလေ၊ အဲဒီတုန်းက ကျွန်မ ရှင့်နောက်ကို လမ်းသုံးလမ်းလောက်အထိ လိုက်ဖမ်းတာတောင် မီအောင်မဖမ်းနိုင်ခဲ့ဘူး”

စစ်သည်ဇနီးများမှာ ဆွံ့အသွားကြပြန်လေတော့သည်။ ချန်ကျွေ့သည် စုတ်သပ်လိုက်ပြီး တပ်မှူးရှန်အားစိုက်ကြည့်လိုက်လေ၏။

“တပ်မှူးရှန်၊ ကျွန်တော့်မှာတော့ ရှောင်လီပေးထားတဲ့ လက်စွပ်တစ်ကွင်းရှိတယ်၊ ခင်ဗျားမှာရော ဘာရှိလဲ၊ ကျွန်တော်တို့ရဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေက ခင်ဗျား သူ့ကိုသိခဲ့တဲ့အချိန်တွေထက်တောင် ပိုပြီးရှည်လျားသေးတယ်”

All Chapters