အခန်း ၁၁၉
Vol. 12 Ch. 119
Ch-119
ရှန်ဟွိုင်နျန်လက်လှမ်းကာ ရှဲ့လီအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမဆံပင်လေးများကို ညင်သာစွာပွတ်သပ်ပေးရင်း နွေးထွေးသောလေသံဖြင့် ပြန်လည်ချေပလိုက်လေသည်။
“ရှောင်လီက သူ့ကိုယ်သူ ငါ့အတွက် ပေးအပ်ထားပြီးသားပါ၊ ငါ ဘာမှထပ်မတောင်းဆိုတော့ဘူး၊ ငါ ရှောင်လီကိုသိခဲ့တဲ့အချိန်က မင်းလောက်မရှည်လျားပေမယ့် ငါတို့ရဲ့အနာဂတ်မှာ အတူတကွရှိမယ့်အချိန်တွေက မင်းရဲ့ အမှတ်တရတွေထက် အများကြီးပိုပြီး ရှည်လျားလိမ့်မယ်”
ချန်ကျွေ့မှာ စကားတစ်ခွန်းမျှပင်မဆိုနိုင်တော့ချေ။ သူသည် ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ်ပင်ဖြစ်သွားရလေသည်။ ဖန်းဇနီးမောင်နှံသည် အလျင်အမြန် ရှေ့ထွက်လာကာ သူ့အားဆွဲခေါ်သွားကြလေသည်။
“အိုး ရှောင်ချန် သွားကြရအောင်၊ မင်း အဖေတို့ကို အိမ်အသစ်လိုက်ပြမယ်လို့ ပြောထားတယ် မဟုတ်လား”
ချန်ကျွေ့မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး သူသည် ရှဲ့လီအားစိုက်ကြည့်နေခဲ့လေ၏။ အချိန်အတော်ကြာပြီးနောက်တွင် သူသည် နှုတ်ခမ်းတွန့်ကွေးလိုက်ပြီး အကြည့် လွှဲဖယ်သွားခဲ့သည်။
“အဲဒီတုန်းက ကိုယ့်ကိုသုံးနှစ်စောင့်ဖို့ ကိုယ် မင်းကိုပြောခဲ့တယ်၊ မင်း သဘောတူခဲ့ပေမယ့် သုံးနှစ်ကြာတော့ မင်းကအိမ်ထောင်သည်တစ်ယောက် ဖြစ်နေပြီပဲ”
ရှဲ့လီ နေရာတွင်ပင်ဆွံ့အသွားခဲ့ရလေသည်။
‘အဲဒီတုန်းက ငါမှမဟုတ်တာ၊ ဒါ မူလပိုင်ရှင်ထားခဲ့တဲ့ နှလုံးသားအကြွေးကြီးပဲ'
သူမ စိတ်ထဲမှအော်ဟစ်နေမိတော့၏။ လျူကျောက်တိသည် ဘေးမှနေ၍ ချန်ကျွေ့အား စိတ်မရှည်စွာဖြင့်ရိုက်ပုတ်လိုက်လေသည်။
“အိုး မင်း ဘယ်လောက်တောင် ခေါင်းမာနေသလဲဆိုတာ ကြည့်ပါဦး၊ ရှောင်လီလေးက မင်းကိုကတိပေးပြီး နောက်ခြောက်လအကြာမှာပဲ အဲဒီဖေ့မိသားစုနဲ့ လက်ထပ်သွားခဲ့တာလေ”
ချန်ကျွေ့သည် သူ့ရင်ဘတ်ကိုသူဖိထားလိုက်လေသည်။
“အန်တီ အန်တီက တကယ်ကိုဓားနဲ့ထိုးတတ်တာပဲ”
ချန်ကျွေ့ ထွက်ခွာသွားခဲ့၏။ အတိအကျဆိုရသော် သူ့အား ဖန်းတာဖုက နားရွက်မှဆွဲ၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ သူ၏ရှောင်လီလေးမှာ အိမ်ထောင်ကျပြီးဖြစ်ကာ အလွန်ပျော်ရွှင်နေပုံရသဖြင့် ဤကောင်လေးအား မည်သည့်ပြဿနာမျှ ဖန်တီးခွင့်ပြုမည်မဟုတ်ပေ။ စစ်သည်ဇနီးများသည် ရှဲ့လီအား မျက်စိတမှိတ်မှိတ်လုပ်ပြကာ တိုးတိုးလေး ပြောလိုက်ကြလေသည်။
“အိုး ရှောင်လီလေး မဆိုးပါဘူး၊ နင်က သေချာပေါက် ကောင်းကောင်းမွန်မွန် စားသုံးနေရတာပဲ”
“တစ်ယောက်ယောက်တော့ သဝန်တိုနေပြီ၊ ဘယ်သူသဝန်တိုနေလဲဆိုတာ ငါမပြောတော့ဘူး ဟားဟားဟား”
စစ်သည်ဇနီးများသည် အချင်းချင်း ရယ်မောစနောက်နေကြလေသည်။ မလှမ်းမကမ်းတွင် ပုန်းကွယ်နေသော ယဲ့ရှုဟွာသည် ဤအရာအားလုံးကိုမြင်တွေ့ခဲ့ရ၏။ သူမသည် မျက်လုံးများကို မှေးစင်းလိုက်ပြီးနောက် နောက်လှည့်ကာထွက်ခွာသွားခဲ့သည်။
ဟုတ်ပေသည်။ သူမသည် ချန်ကျွေ့ကို သွားရှာတော့ပေမည်။ ချန်ကျွေ့မှာ ရှဲ့လီကိုသဘောကျနေသည်။ သူမကတော့ ရှန်ဟွိုင်နျန်ကိုသဘောကျနေသည်။ ရှဲ့လီအား ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းခွင့်မပေးလိုသဖြင့် သူမသည် ချန်ကျွေ့နှင့် ပူးပေါင်းနိုင်လေ၏။
‘ရှဲ့လီ နင်တော့သွားပြီပဲ’
သူမ ကြိတ်ရယ်လိုက်လေသည်။ စစ်သည်ဇနီးများ ရှဲ့လီနှင့်အတူနောက်ပြောင်နေကြချိန်၌ တစ်ခြားဘက်ဆီမှ စကားများ ရန်ဖြစ်နေသောအသံများ ထွက်ပေါ်လာခဲ့သည်။ လူအများမှ အသံလာရာသို့ လှမ်းကြည့်လိုက်ကြရာ ယဲ့ရှုဟွာတစ်ယောက် ချန်ကျွေ့အိမ်တံခါးဝမှ နှင်ထုတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ကြရလေ၏။ ချန်ကျွေ့၏ ကျယ်လောင်ပြတ်သားသောအသံ ထွက်ပေါ်လာခဲ့သည်။
“အရူးမ ငါသာ ရှဲ့လီကိုသဘောကျတယ်ဆိုရင် ငါ့ဘာသာငါဖြောင့်ဖြောင့်မတ်မတ်ကြိုးစားပြီး သူ့နှလုံးသားကို ရအောင်ယူမှာပေါ့၊ နင့်လိုလူနဲ့ ပူးပေါင်းနေစရာမလိုဘူး”
ထိုစကားများကြောင့် စစ်သည်ဇနီးများသည် နားစွင့်လိုက်ကြပြီး အနားသို့ တဖြည်းဖြည်းတိုးကပ်သွားကြလေသည်။ ယနေ့အတွက် အတင်းအဖျင်းပြောစရာများမှာ အလွန်ပေါများလှပေ၏။ ယဲ့ရှုဟွာသည် အလွန်တရာ စိတ်ပျက်ဒေါသထွက်သွားကာ အသံနှိမ့်၍ ပြောလိုက်လေသည်။
“ရှင် တိုးတိုးပြောစမ်းပါ၊ ဒါကဂုဏ်ယူစရာကိစ္စများ မှတ်နေလား၊ ရှင်ကသူ့ကို ဘယ်လိုလုပ် ဖြောင့်ဖြောင့်မတ်မတ်ရယူမှာလဲ၊ သူက အိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီလေ”
ချန်ကျွေ့ အေးစက်စက်ဟန်ဖြင့်နှာမှုတ်လိုက်လေသည်။
“အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ၊ ငါက သူ့အနားမှာနေပြီး တစ်သက်လုံး သူ့ကို စောင့်ကြည့်သွားခွင့်ရရင်ပဲ ကျေနပ်ပြီ”
ထိုသို့ပြောပြီးနောက် သူသည် လမ်းတစ်ဖက်မှနေ၍ ရှဲ့လီအားမျက်စိတစ်ဖက် မှိတ်ပြလိုက်လေ၏။
“ရှောင်လီလေး ကိုယ် မင်းကို စောင့်ရှောက်ပေးမယ်နော်”
ရှဲ့လီက ပြတ်ပြတ်သားသားပင်တုံ့ပြန်လိုက်သည်။
“ထွက်သွားစမ်း”
ချန်ကျွေ့ကလည်း ချက်ချင်းပင် လက်ခံလိုက်လေသည်။
“ကောင်းပါပြီ”
ယဲ့ရှုဟွာသည် သတိမလစ်သွားစေရန် သူမနှာခေါင်းအောက်ပိုင်းကို ဖိထားရင်း ကျိန်ဆဲလိုက်မိတော့၏။
“ရှင် အရူးပဲ”
ချန်ကျွေ့ကလည်း အလျှော့မပေးဘဲ ပြန်တုံ့ပြန်လိုက်လေသည်။
“မင်းဦးနှောက်သာကောင်းနေရင် ငါ့ဆီလာပြီး ပူးပေါင်းဖို့ပြောပါ့မလား၊ ဘာဖြစ်လို့လဲ၊ မင်းက ရှန်ဟွိုင်နျန်ကို သဘောကျတယ်ဆိုရင် သူ့နောက်ကို လိုက်လေ၊ ငါ့ဆီကို ဘာလို့လာရှာနေတာလဲ၊ မင်းဖျားနေလို့လား မင်းခေါင်းက ဆီးအိုးတစ်လုံးလိုပဲ၊ ဉာဏ်ပညာတွေအစား ဆီးတွေပဲပြည့်နေတာမဟုတ်လား”
ယဲ့ရှုဟွာသည် အံကျိတ်လိုက်ပြီး ချန်ကျွေ့အား စူးစူးရဲရဲစိုက်ကြည့်လိုက်၏။ သူမမျက်လုံးများမှာ ခေါင်းမာမှု အရိပ်အယောင်များဖြင့် နီရဲနေခဲ့လေသည်။ ချန်ကျွေ့က မျက်ခုံးတစ်ဖက် ပင့်လိုက်လေသည်။
“မင်းက အရပ်သာပုတာ ဒေါသကတော့ အတော်ကြီးတာပဲ၊ မင်းဦးနှောက်ကို အားဖြည့်ဖို့ သစ်ကြားသီးတွေပိုစားသင့်တယ်၊ မဟုတ်ရင် ခဲတွေနဲ့ပြည့်နေတဲ့ မင်းခေါင်းက တကယ်ကိုပွင့်လာမှာမဟုတ်ဘူး”
ရုပ်ရည်သန့်ပြန့်ပြီး စကားပြောရလွယ်ကူဟန်ရှိသော ဤအမျိုးသားသည် ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ဤမျှလောက် အထိနာအောင်ပြောတတ်လိမ့်မည်ဟု ယဲ့ရှုဟွာ ထင်မှတ်မထားခဲ့မိချေ။ သူမမျက်လုံးများမှာ ဒေါသကြောင့် နီရဲလာခဲ့လေသည်။
လျူရှို့အော်သည် ဆူညံသံများကို ကြားလိုက်ရသဖြင့် အပြေးရောက်လာခဲ့ပြီး ချန်ကျွေ့မှ ယဲ့ရှုဟွာအားဖျားနေသလားဟု မေးခွန်းထုတ်နေသည်ကို အချိန်ကိုက် ကြားလိုက်ရလေသည်။
သူမသည် ဤအခြေအနေကိုလုံးဝလက်ခံမည်မဟုတ်ချေ။ သူမသည် ဒေါသတကြီး ဝင်ရောက်ပြောဆိုလိုက်လေ၏။
“နင် ဘာလုပ်နေတာလဲ၊ ဒီကိုရောက်ရောက်ချင်းပဲ ငါ့သမီးကိုအနိုင်ကျင့်နေတာလား၊ ငါ့သမီးမှာ ကျောထောက်နောက်ခံပြုပေးမယ့် မိသားစုမရှိဘူးလို့ နင်တကယ်ထင်နေတာလား”
အချိန်အတော်ကြာအောင် စိတ်ထိန်းထားခဲ့သော လျူကျောက်တိသည်လည်း ရုတ်တရက်ခုန်ထွက်လာပြီး လက်ခုပ်တီးကာ ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလေတော့သည်။
“ဘာလဲ ဘာလဲ ဘာလဲ၊ နင့်သမီးက ငါ့သမီးရဲ့ အိမ်ထောင်ရေးကိုဖျက်ဆီးဖို့ ကြိုးစားရလောက်အောင် အရှက်မရှိတာလေ၊ စစ်တပ်အိမ်ထောင်ရေးကို ဝင်ရောက်စွက်ဖက်တာက ဥပဒေနဲ့မလွတ်ကင်းဘူးဆိုတာ နင်မသိဘူးလား၊ အိုးး ရုပ်လေးကတော့ သပ်သပ်ရပ်ရပ်နဲ့ ခွေးတစ်ကောင်လိုပြုမူပြီး အရှက်မရှိတဲ့အလုပ်တွေကို လုပ်နေတာပဲ၊ ရှေ့ကဟာ ယားနေရင် အာလူးခြစ်တဲ့ဓားနဲ့ ခြစ်လိုက်၊ နောက်ကဟာ ယားနေရင် ဒလှိမ့်တုံးထိုးထည့်လိုက်၊ ဖင်ကိုသာ ထောင်ထားလိုက်ရင် မာချန်လမ်းလောက်ကို ကျယ်နေမှာပဲ”
စစ်သည်ဇနီးများမှာ အံ့သြမှင်တက်သွားကြလေတော့သည်။ အလွန်တရာ အစွမ်းထက်လှသော အရှိန်အဝါပင်တည်း။ ဤပုဂ္ဂိုလ်၏စကားလုံးဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ သူတို့ထက် များစွာသာလွန်နေခဲ့ပေသည်။
အလွန်ပင် ကျေနပ်အားရစရာကောင်းလှပေသည်။