အခန်း ၁၂၀
Vol. 12 Ch. 120
Ch-120
ရှဲ့လီသည် သူမအမေဘေးတွင် ခုန်ပေါက်ကာ ထောက်ခံပြောဆိုလိုက်သည်။
“အိုး နင့်မှာပဲ အမေရှိတယ်လို့ထင်နေတာလား၊ ငါ့အမေလည်း ဒီမှာရှိတယ်ဟေ့”
ယဲ့ရှုဟွာနှင့် လျူရှို့အော်တို့မှာ မျက်နှာများနီရဲလာသည်အထိ အဆဲခံလိုက်ကြရလေသည်။ သူတို့သည် ရန်ဖြစ်ရာတွင်ပင် ဤမျှလောက် ရိုင်းစိုင်းလှသော စကားလုံးများဖြင့် တစ်ခါမျှ အဆဲမခံခဲ့ရဖူးချေ။
လျူရှို့အော်သည် လျူကျောက်တိအား တုန်ယင်နေသော လက်အစုံဖြင့်လက်ညှိုးထိုးကာပြောလိုက်လေသည်။
“နင်...နင်က တကယ်ကိုအဆင့်အတန်းမရှိတဲ့သူပဲ”
လျူကျောက်တိသည် ခါးထောက်ကာ လည်ပင်းဆန့်ထုတ်၍ ဆက်လက်ပြီး ပြောဆိုလိုက်လေသည်။
“ငါတို့က လမ်းမပေါ်မှာအော်ဟစ်နေကြတာကို နင်ကအဆင့်အတန်းအကြောင်း ပြောနေတာလား၊ နင်တို့မြို့သူတွေက နင်တို့ကိုယ်နင်တို့ ဘာကောင်မကြီးတွေ မှတ်နေကြတာလဲ”
“နင်.... နင်....နင်”
လျူရှို့အော်မှာ အလွန်တရာဒေါသထွက်လွန်းသဖြင့် စကားပင်ဆက်မပြောနိုင်တော့ချေ။ အချိန်အတော်ကြာအောင်စဉ်းစားပြီးနောက်တွင် သူမ ကျိန်ဆဲလိုက်လေသည်။
“တောသူမ”
“မြို့သူမ”
လျူကျောက်တိသည် အနည်းငယ်မျှပင် အရှုံးမပေးခဲ့ချေ။ သူမသည် လျူရှို့အော်နှင့် သူမသမီးဖြစ်သူတို့အား သနားညှာတာမှုကင်းမဲ့စွာ ဆဲရေးတိုင်းထွာလိုက်ရာ ထိုသားအမိနှစ်ဦးလုံး အိမ်သို့ငိုယိုကာပြန်သွားခဲ့ကြရလေသည်။
ရှဲ့လီသည် လေးစားအားကျမှုအပြည့်ဖြင့် အပြေးအလွှားရောက်လာကာ လျူကျောက်တိလက်ကို ဆုပ်ကိုင်လိုက်လေသည်။
“အမေ အမေက တကယ်ကိုအံ့ဩစရာပဲ”
လျူကျောက်တိသည် နှိမ့်ချစွာလက်ခါပြလိုက်လေ၏။
“ဘာမှမဟုတ်ပါဘူး သာမန်ပါပဲ ဟီးဟီး”
ဖန်းတာဖုက ဘေးမှနေ၍ ရှန်ဟွိုင်နျန်အား တိုးတိုးလေးရှင်းပြလိုက်လေသည်။
“ကျွန်တော့်မိန်းမက ပုံမှန်ဆို ဒီလိုမဟုတ်ပါဘူး၊ သူ စိတ်ဆွခံလိုက်ရလို့ပါ၊ ကျွန်တော့်ရဲ့ရှောင်လီလေးကလည်း နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းမွန်ပါတယ်”
ရှန်ဟွိုင်နျန်၏မြေခွေးမျက်လုံးအစုံမှာ ကွေးညွှတ်သွားပြီး ရယ်မောကာပြန်ဖြေလိုက်လေသည်။
“ဟုတ်ကဲ့၊ ရှောင်လီက အရမ်းကိုနူးညံ့သိမ်မွေ့ပါတယ်”
လူတိုင်းမှာမူ ဆွံ့အသွားကြလေတော့၏။
‘အိုး ဘုရားရေ'
အလှတရားဆိုသည်မှာ ကြည့်ရှုသူ၏ မျက်လုံးထဲတွင်သာရှိသည်ဆိုသည်မှာ မှန်ပေသည်။ တပ်မှူးရှန်က တော်ပီဒိုတစ်ခုကိုပင် နူးညံ့သိမ်မွေ့သည်ဟု ထင်မြင်နေသည်ကို မည်သူကများ ငြင်းဆန်နိုင်မည်နည်း။
ထိုညက ဖန်းတာဖုနှင့် လျူကျောက်တိတို့သည် ရှဲ့လီအိမ်တွင်တည်းခိုခဲ့ကြသည်။ ချန်ကျွေ့သည် ယခုမှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ကုတင်တစ်လုံးသာရှိကာ အဆင်သင့်မဖြစ်သေးချေ။ ဖန်းတာဖုသည် အစက လျူကျောက်တိအား တည်းခိုခန်းတစ်ခုသို့ ခေါ်သွားရန် စဉ်းစားခဲ့သော်လည်း ရှန်ဟွိုင်နျန်က တားဆီးရန်ကြိုးစားခဲ့သဖြင့် နောက်ဆုံးတွင် သူအလျှော့ပေးခဲ့ရလေသည်။
တည်းခိုခန်းသို့အသွားတွင် ချန်ကျွေ့အား ရှန်ဟွိုင်နျန်မှ ကြားဖြတ်ဟန့်တားခဲ့လေသည်။
“အမေနဲ့ အဖေ၊ ကျွန်တော်တို့အိမ်ကို လိုက်ခဲ့ပါ၊ ကျွန်တော့်အိမ်မှာ နေရာရော ကုတင်တွေရောရှိတယ်၊ ရှောင်လီက အဖေတို့နဲ့မတွေ့ရတာ နှစ်တွေအကြာကြီးရှိပြီဆိုတော့ အခုကစကားစမြည်ပြောဖို့ အကောင်းဆုံးအချိန်ပဲ”
ချန်ကျွေ့အမြင်တွင်မူ ရှန်ဟွိုင်နျန်မှာ မျက်နှာလိုမျက်နှာရလုပ်နေသော မြေခွေးအိုကြီးတစ်ကောင်နှင့်တူနေလေ၏။
‘သူ တစ်ခုခုကြံစည်နေတာပဲ'
ဖန်းတာဖုက လက်ယမ်းပြကာငြင်းဆန်လိုက်လေသည်။
“အိုး ဘယ်ဖြစ်မလဲ မလုပ်ပါနဲ့ မလုပ်ပါနဲ့၊ အဖေတို့တည်းခိုခန်းမှာပဲ တည်းပါ့မယ်”
ရှန်ဟွိုင်နျန်သည် ရှေ့တိုးလာပြီး ဖန်းတာဖုလက်ကို ဆုပ်ကိုင်လိုက်လေသည်။
“အမေနဲ့ အဖေ ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ၊ ကျွန်တော်တို့အားလုံးက မိသားစုဝင်တွေပဲဟာ”
ထိုသို့ပြောပြီးနောက် သူသည် ချန်ကျွေ့အားကြည့်လိုက်လေ၏။ ချန်ကျွေ့မှာ ဒေါသထွက်လွန်း၍ အံသွားများပင် ကျိုးမတတ်ဖြစ်သွားခဲ့ရသည်။ သူသည် အေးစက်စက်ဖြင့်နှာမှုတ်လိုက်လေ၏။
“အိုး တပ်မှူးရှန်နဲ့စတွေ့တုန်းက ဒီလိုမဟုတ်ပါဘူး၊ သူက တော်တော်လေး အေးစက်ပြီး ခပ်တည်တည်နေတာပါ၊ အခုကျမှ ရုတ်တရက်ကြီး မျက်နှာလိုမျက်နှာရလုပ်နေပါလား”
ရှန်ဟွိုင်နျန်သည် ပြုံးဖြီးဖြီးဖြင့်သာတုံ့ပြန်လိုက်လေသည်။
“အဲဒါက ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်မသိလို့လေ၊ ခင်ဗျားက ကျွန်တော့်ရဲ့ယောက်ဖဆိုတာသာသိခဲ့ရင် ကျွန်တော် ပိုပြီးတော့တောင်ဖော်ဖော်ရွေရွေနေမိမှာပေါ့”
ချန်ကျွေ့မှာ ဆွံ့အသွားခဲ့ရလေသည်။
‘ဘယ်သူက မင်းရဲ့ယောက်ဖလဲကွ'
‘ဘယ်သူက မင်းရဲ့ယောက်ဖဖြစ်နေလို့လဲ'
‘ရှင်းရှင်းလင်းလင်း ပြောစမ်းပါ'
ရှန်ဟွိုင်နျန်သည် နောက်ပြောင်လိုသော လေသံဖြင့် ရယ်မောလိုက်လေ၏။
“အမေနဲ့ အဖေကိုယ်တိုင် ပြောခဲ့တာလေ၊ ခင်ဗျားက သူတို့အိုမင်းမစွမ်းဖြစ်တဲ့အခါ ပြုစုစောင့်ရှောက်မယ်လို့ပြောခဲ့တာဆိုတော့ ခင်ဗျားက သူတို့ရဲ့ မွေးစားသားဖြစ်သွားပြီမဟုတ်ဘူးလား၊ ဟုတ်တယ်မလား ယောက်ဖ”
ချန်ကျွေ့မှာ ဒေါသထွက်လွန်းသဖြင့် ခေါင်းကို အဆက်မပြတ်ညိတ်ပြရုံသာ တတ်နိုင်တော့သည်။
“ဟင်း ဟားဟားဟား ဟားဟား”
သူသည် ဒေါသတကြီးဖြင့်ထွက်ခွာသွားခဲ့ပြီး ရှန်ဟွိုင်နျန်ကမူ ဖန်းတာဖုနှင့် လျူကျောက်တိတို့အား သူ့အိမ်သို့ခေါ်ဆောင်သွားခဲ့လေသည်။
ရှဲ့လီသည် ဤနှစ်ဦးအပေါ်တွင် နက်ရှိုင်းသော သံယောဇဉ်မျိုးမရှိသော်ငြား သူတို့ကိုမုန်းတီးနေခြင်းမျိုးလည်း မရှိခဲ့ပေ။ သူတို့၌မကောင်းသော ရည်ရွယ်ချက်များမရှိသလို သူမအပေါ်လည်း တကယ်ပင် အလိုလိုက်အချစ်ပိုခဲ့ကြသည်။
ဤစာအုပ်ထဲသို့ကူးပြောင်းမလာမီက သူမသည် အဘိုးဖြစ်သူနှင့်အတူ ကြီးပြင်းလာခဲ့ရသော မိဘမဲ့တစ်ဦးဖြစ်၏။ ကူးပြောင်းလာပြီးနောက်ရရှိခဲ့သောမိဘများမှာမူ မရှိသည်ကမှ ပိုကောင်းဦးမည်ဖြစ်သည်။
ယခုမူ သူမအားစိတ်ရင်းအမှန်ဖြင့် ချစ်ခင်မြတ်နိုးသော လူနှစ်ဦးထပ်တိုးလာခဲ့သဖြင့် သူမရင်ထဲတွင် နွေးထွေးသွားသလို ခံစားရလေသည်။ ယနေ့ အဖြစ်အပျက်ကဲ့သို့ပင် သူမအတွက် ကျောထောက်နောက်ခံပြုပေးမည့် မိခင်တစ်ဦး နောက်ဆုံးတော့ရှိလာခဲ့ပြီပင်။
ရှန်ဟွိုင်နျန် ယခင်ကနေထိုင်ခဲ့သော တိုက်ခန်းဟောင်းလေးမှာ ပြန်အပ်လိုက်ပြီဖြစ်သည်။ အိမ်အသစ်တွင် အိပ်ခန်းနှစ်ခန်းပါရှိပြီး ပုံမှန်အားဖြင့် သူတို့သည် သီးခြားအခန်းများတွင်အိပ်ကြသည်။
ရှဲ့လီသည် သာမန်ရက်များတွင်ထိတွေ့ကိုင်တွယ်တတ်ပြီး အချစ်ကြမ်းသူဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ စက္ကူကျားတစ်ကောင်မျှသာပင်။
တကယ်တမ်း အရေးကြုံလာပါက သူမသည် ငုံးတစ်ကောင်ပမာ သတ္တိကြောင်တတ်သူဖြစ်သည်။ ယခုတစ်ခေါက် ဖန်းတာဖုနှင့် လျူကျောက်တိတို့လာရောက်တည်းခိုကြသဖြင့် သူမသည် ရှန်ဟွိုင်နျန်နှင့် တစ်ခန်းတည်းအိပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
သက်ကြီးရွယ်အိုဇနီးမောင်နှံအား နေရာချထားပေးပြီးနောက် ရှန်ဟွိုင်နျန်သည် သူ့အိပ်ရာလိပ်ကို သယ်ဆောင်ကာ ရှဲ့လီ၏အိပ်ခန်းထဲသို့ ဝင်လာခဲ့လေသည်။
ရှဲ့လီသည် ပန်းရောင်ပန်းပွင့်လေးများပါသော ချည်သားဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ထိုဂါဝန်မှာပွယောင်းယောင်းဖြစ်ပြီး ချည်သားမှာလည်း လေဝင်လေထွက်ကောင်းသဖြင့် သူမက ယင်းကိုညအိပ်ဝတ်စုံအဖြစ် အသုံးပြုခဲ့ခြင်းပင်။
သူမသည် ကုတင်ပေါ်တွင်စောင်ကိုဖက်လျက်ထိုင်နေပြီး ရှန်ဟွိုင်နျန်မှ အောက်ကြမ်းပြင်ပေါ်တွင် မွေ့ရာခင်းနေသည်ကို ကြည့်နေခဲ့သည်။ သူမသည် အတွင်းဘက်သို့ အနည်းငယ်တိုးလိုက်ပြီး လွတ်နေသောနေရာကို ပုတ်ပြလိုက်လေသည်။
“အားနျန် လာ ဒီပေါ်မှာလာအိပ်”
သူတို့သည် တရားဝင်လက်ထပ်စာချုပ် ချုပ်ဆိုထားပြီးဖြစ်ရာ တစ်ခုတင်တည်း အတူအိပ်ခြင်းမှာ ဥပဒေနှင့် လုံးဝညီညွတ်သည်ပင်။
ရှန်ဟွိုင်နျန်၏မြေခွေးမျက်လုံးအစုံတွင် အပြုံးရိပ်တစ်ခုဖြတ်ပြေးသွားပြီးနောက် သူသည် ကြမ်းပြင်ပေါ်တွင်ရပ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်လေသည်။
သူ လှုပ်ရှားခြင်းမရှိသည်ကိုမြင်သောအခါ ရှဲ့လီက သူ့အားလှမ်းဆွဲလိုက်လေသည်။ သူမအင်အားက ကြီးမားလှသည်မဟုတ်သော်လည်း မည်သို့မည်ပုံဖြစ်သွားမှန်းမသိ ထိုအမျိုးသားသည် သူမအပေါ်သို့ဖိကျလာတော့၏။
ရှဲ့လီသည် အလိုအလျောက်ပင် လက်မြှောက်ကာ ရှန်ဟွိုင်နျန်ခါးကို ဖက်ထားလိုက်မိသည်။ သူ့ခန္ဓာကိုယ်မှာ ကျစ်လျစ်သန်မာပြီး အလွန်ပင်ဆွဲဆောင်မှုရှိလှပေသည်။
ရှန်ဟွိုင်နျန်သည် လက်မြှောက်ကာ သူမမျက်နှာနားသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် ရှဲ့လီသည် မျက်လုံးများကိုမှိတ်ထားလိုက်လေ၏။
ရှန်ဟွိုင်နျန်၏လက်ချောင်းလေးသည် ရှဲ့လီနှုတ်ခမ်းထောင့်လေးကို ဖြတ်သန်းပွတ်တိုက်သွားခဲ့သည်။ ရှဲ့လီသည် မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။ ရှန်ဟွိုင်နျန်၏မျက်လုံးထဲရှိ အပြုံးများမှာ ပျောက်ကွယ်မသွားခဲ့ချေ။
“ရှောင်လီ မင်း သွားရည်တွေကျနေတယ်”