← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

Ch-122

ရှဲ့လီသည် သူမစိတ်ထဲမှနေ၍ ဝံပုလွေအိုအား ခေါင်းအစခြေအဆုံးကျိန်ဆဲနေမိတော့သည်။ သူမ တစ်ခါမျှပင် မတွေ့ဖူးသေးသော ဤကျိန်စာသင့်နေသည့် အထက်လူကြီးသည် သူမအားမည်သို့ အသုံးချရမည်ကိုသာ သိနေခဲ့ပေသည်။

ဤလုပ်ရပ်က သူမမိသားစုကို အလွယ်တကူ ပြိုကွဲသွားစေနိုင်သည်ကို သူ မသိလေသလော။ အဖွဲ့အစည်းသည် သူမအပေါ်တွင် အလွန်တရာ ကျေးဇူးတင်ကြွေးတင်နေပြီဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဤရက်ပိုင်းအတွင်း စစ်တပ်မှမိတ်ဆုံကပွဲတစ်ခုကို ကျင်းပနေခဲ့သည်။ ယင်းမှာ အသက်အရွယ်ရနေပြီဖြစ်သော လူပျိုကြီးစစ်သားများအတွက် ဇနီးသည်များကို အလျင်အမြန်ရှာဖွေနိုင်ရန် ရည်ရွယ်၍ တပ်မှူးကြီးကိုယ်တိုင်စီစဉ်ပေးထားခြင်းပင်။

ထိုကပွဲသို့ အိမ်ထောင်မရှိသေးသော အမျိုးသားနှင့် အမျိုးသမီးရဲဘော်များ တက်ရောက်ကြပြီး အတူတကွကခုန်ခြင်း၊ စကားစမြည်ပြောဆိုခြင်းတို့မှတစ်ဆင့် သူတို့ တစ်ဦးနှင့်တစ်ဦး ကိုက်ညီမှု ရှိမရှိကို ဆုံးဖြတ်နိုင်ကြမည်ဖြစ်သည်။

ဤမိတ်ဆုံကပွဲများမှတစ်ဆင့်ရရှိလာသော လက်ထပ်ထိမ်းမြားမှု နှုန်းထားမှာလည်း သိသာထင်ရှားစွာပင်မြင့်မားလှပေသည်။

ဤမိတ်ဆုံကပွဲသည် အထူးတလည် ခမ်းနားကြီးကျယ်သည်ဟုဆိုရမည်ဖြစ်ပြီး အိမ်ထောင်သည် စစ်တပ်ဇနီးသည်များနှင့် စစ်သားများကိုပါ ဖိတ်ကြားထားခဲ့၏။ အိမ်ထောင်မရှိသေးသူများနှင့် အိမ်ထောင်သည်အုပ်စုများကို နံရံတစ်ခုခြားထားသော ခန်းမနှစ်ခုဖြင့် ခွဲခြားထားလေသည်။

စစ်တပ်ဝင်းအတွင်းရှိ စစ်သည်ဇနီးများမှာမူ သဘာဝကျကျပင်ငြိမ်ငြိမ်မနေနိုင်ကြတော့ချေ။ စစ်တပ်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ပြီး တစ်နေကုန် အိမ်မှုကိစ္စများကိုသာ စီမံခန့်ခွဲနေရသဖြင့် ယခင်က ရွာခံအလှမယ်လေးများမှာ ယခုအခါ မျက်နှာဝါကျင့်ကျင့်ဖြင့် အိုမင်းရင့်ရော်နေသော မိန်းမကြီးများအဖြစ်သို့ ပြောင်းလဲနေကြပြီဖြစ်သည်။

ကပွဲသို့တက်ရောက်ခွင့်ရမည်ဟု ကြားသိရသောအခါ သူတို့အားလုံးသည် အလှပဆုံးနှင့် ခေတ်အမီဆုံး အဝတ်အစားများကို ထုတ်ယူလာကြပြီး မှန်ရှေ့တွင် အပြိုင်အဆိုင်အလှပြင်ကြလေတော့သည်။

ဝမ်ရှို့လီသည် သူမအပျိုပေါက်အရွယ်ကတည်းက ဝယ်ယူထားပြီး သေတ္တာအောက်ခြေ၌ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော အင်္ကျီတစ်ထည်ကို ထုတ်ယူလာခဲ့၏။

“ငါလှရဲ့လား”

သူမသည် စကတ်စကိုကိုင်ကာ လှည့်ပတ်ပြလိုက်ရာ အခြားစစ်သည်ဇနီးများအားလုံးက ချီးကျူးလိုက်ကြလေသည်။

“အစ်မရှို့လီက ဒီနေ့ တကယ့်ကို ခေတ်မီပြီး လှပနေတာပဲ”

လျူချန်သည် သူမအားတစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် စကားဆိုလိုက်လေသည်။

“လှပါတယ် လှပါတယ်၊ မင်းက ကြက်ပေါင်ကြော်ကြီးတစ်တုံးလိုကို လှနေတာ၊ မင်းခါးက ရေစည်ပိုင်းလောက်ကို တုတ်နေပြီ၊ တခြားမိန်းကလေးတွေက ရေမြွေခါးလေးတွေဆိုပေမယ့် မင်းခါးက စပါးကြီးမြွေခါးကြီးဖြစ်နေပြီ”

စကားပြောနေစဉ်မှာပင် သူသည် ဝမ်ရှို့လီ၏ခါးအရွယ်အစားကို ပုံကြီးချဲ့ပြရန် လက်နှစ်ဖက်ကိုကားပြလိုက်လေ၏။ ထိုအနံ့အသက်မကောင်းသော အမျိုးသား၏စကားတစ်ခွန်းတည်းကပင် ဝမ်ရှို့လီ၏ကောင်းမွန်နေသော စိတ်အခြေအနေကို တစ်စစီရိုက်ချိုးပစ်လိုက်လေတော့သည်။ သူမသည် လက်နှစ်ချောင်းထောင်ပြကာ တစ်စင်တီမီတာခန့်အရှည်ကို ပြသလိုက်လေသည်။

“အဲဒါက ရှင့်ရဲ့ဒီလောက်လေးရှည်တဲ့ဟာထက်တော့ ပိုကောင်းပါသေးတယ်၊ ကျွန်မသာ ရှင့်နေရာမှာဆိုရင် ဆောင့်ကြောင့်ထိုင်ပြီး သေးပေါက်နေလောက်ပြီ၊ ရှင် မတ်တတ်ရပ်ရဲသေးတာကိုပဲ ကျွန်မအံ့ဩမိတယ်”

စစ်သည်ဇနီးများမှာ ပါးစပ်အုပ်ကာ ရယ်မောလိုက်ကြလေ၏။ လျူချန့်မျက်နှာမှာ ဒယ်အိုးအောက်ခြေပမာ မည်းနက်သွားပြီး ဒေါသတကြီးခြေဆောင့်ကာ ထွက်ခွာသွားခဲ့လေတော့သည်။

မလှမ်းမကမ်းတွင် ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့သည် သူတို့ဆီသို့လျှောက်လှမ်းလာနေကြသည်။ ချောမောသော အမျိုးသားနှင့် လှပသော အမျိုးသမီးတို့စုံတွဲသည် မျက်စိပသာဒအလွန်ဖြစ်စေလေ၏။

ယနေ့ ရှဲ့လီသည် လေးထောင့်လည်ပင်းပေါက်ကျဉ်းကျဉ်းနှင့် ခါးကို တင်းကျပ်စွာ စည်းနှောင်ထားသော အဝါနုရောင်ပန်းပွင့်လေးများပါသည့် အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားလေသည်။ စစ်သည်ဇနီးများမှာ အလွန်အမင်း မနာလိုအားကျဖြစ်နေကြလေသည်။

“အိုကွယ် ငါသာ ရှောင်ရှဲရဲ့ခန္ဓာကိုယ်အချိုးအစားမျိုးရှိရင် ဘာဝတ်ဝတ်လှနေမှာပဲ”

သူတို့သည်လည်း တစ်ချိန်ကဤကဲ့သို့ပင် သွယ်လျခဲ့ပြီး အလှပြင်ဆင်ရသည်ကို အလွန်တရာနှစ်သက်ခဲ့ကြပုံများကို ပြန်လည်တမ်းတနေမိကြလေ၏။

ရှန်ဟွိုင်နျန်သည် ရှဲ့လီဘေးတွင်ရပ်ကာ သူမက မရီးများနှင့်အတူ ရယ်မောစကားပြောနေသည်ကို နားထောင်နေရင်း သူ့မျက်လုံးထောင့်မှနေ၍ အသင့်ပြင်ဆင်ထားပြီးဖြစ်သော ချန်ကျွေ့ကို အကဲခတ်လိုက်လေသည်။

ချန်ကျွေ့တစ်ယောက် သူသဘောကျနှစ်သက်မည့် အမျိုးသမီးရဲဘော်တစ်ဦးနှင့်ဆုံတွေ့ပြီး သူ့ရှောင်လီလေးအား အနှောင့်အယှက်ဆက်မပေးစေရန်ဟူသော မျှော်လင့်ချက်ဖြင့် သူသည် ဤမိတ်ဆုံကပွဲကို တမင်သက်သက် လှုံ့ဆော်စီစဉ်ခဲ့ခြင်းပင်။

တစ်ချိန်တည်းမှာပင် ရှဲ့လီသည်လည်း ဤကပွဲကိုအခွင့်ကောင်းယူ၍ ချန်ကျွေ့အား ဝိုင်အနည်းငယ်တိုက်ကာ သတင်းအချက်အလက်များ စုံစမ်းထောက်လှမ်းရန် စီစဉ်ထားခဲ့လေသည်။

ဤအချိန်သည် အကောင်းဆုံးအချိန်အခါပင်။ သို့မဟုတ်ပါက အကြောင်းမဲ့သက်သက် သူ့အိမ်သို့ သွားရောက်ကာ စကားစမြည်ပြောဆိုခြင်းမှာ အလွန်ရုတ်တရက်ဆန်လွန်းနေပေမည်။

ရှဲ့လီသည် အိမ်ထောင်ကျပြီးသူဖြစ်ရာ သဘာဝကျကျပင် စစ်သည်ဇနီးများနှင့်အတူ သတ်မှတ်ထားသော ခန်းမသို့ သွားရောက်ခဲ့သည်။ သူတို့၏ အဝတ်ဗီရိုများထဲမှ ခေတ်အမီဆုံး အဝတ်အစားများကို ဆင်မြန်းထားကြသည့် အမျိုးသမီးတစ်စုသည် အတူထိုင်ကာ အကြောင်းအရာပေါင်းစုံကို ပြောဆိုနေကြလေ၏။

သူတို့သည် အိမ်ထောင်မကျမီက အချိန်များကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ လွတ်လပ်ပေါ့ပါးပြီး ပူပင်သောက ကင်းမဲ့နေကြလေသည်။

အရက်အနည်းငယ်သောက်ပြီးနောက်တွင် စစ်သည်ဇနီးသည်များသည် မျက်ရည်များဝဲလျက် စကားစမြည် ပြောဆိုလာကြလေတော့သည်။ ဝမ်ရှို့လီသည် ရှဲ့လီအား ဖက်ထားလိုက်လေ၏။

“ရှောင်ရှဲ့ အစ်မက ဒီအတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ပြီးသားသူပါ၊ အစ်မစကားကိုနားထောင် အိမ်ထောင်ပြုတာက ကောင်းကျိုးတစ်ခုမှမရှိဘူး၊ တပ်မှူးရှန်က မင်းအပေါ် အခုဘယ်လောက်ကောင်းလဲဆိုတာကို မကြည့်နဲ့၊ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ကြည့်လိုက်ဦး”

ဝမ်တအိုက်ကလည်း ဘေးမှနေ၍ဝင်ရောက်ထောက်ခံလိုက်လေသည်။

“ဒါပေါ့၊ အထူးသဖြင့် ကလေးမွေးပြီးလို့ မင်းရဲ့ခန္ဓာကိုယ်အချိုးအစား ပျက်စီးသွားတဲ့အခါကျရင် ပိုဆိုးမယ်၊ အဲဒီ အနံ့အသက်မကောင်းတဲ့ ယောကျ်ားတွေက အမျိုးသမီးရဲဘော်လှလှလေးတွေကို တစ်နေကုန်သွားရည်ကျပြီး လိုက်ကြည့်နေကြတော့မှာ၊ ကလေးမွေးတုန်းက မင်း ဘယ်လောက်ဒုက္ခခံခဲ့ရလဲဆိုတာကို သူတို့မေ့သွားကြမှာပဲ”

ပြတင်းပေါက်များတွင် တွယ်ကပ်နေကြပြီး ဘေးခန်းမမှဖြတ်သန်းသွားသော အိမ်ထောင်မရှိသေးသည့် အမျိုးသမီးရဲဘော်များကို ငေးကြည့်နေကြသော အမျိုးသားများကိုကြည့်ရင်း သူတို့ပြောသည်မှာ အလွန်မှန်ကန်လှသည်ဟု ရှဲ့လီခံစားလိုက်ရလေသည်။

ရှန်ဟွိုင်နျန်၏လက်များမှာ တွန့်သွားပြီး သူသည်မရီးအုပ်စုသောက်နေသော ဝိုင်များကို အမြန်ဖယ်ရှားကာ အရသာရှိသော သစ်သီးများဖြင့် အစားထိုးပေးလိုက်လေ၏။

ဤမိတ်ဆုံကပွဲကို အတော်လေး ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ပြီး စစ်တပ်သတင်းထောက်များကပါ အင်တာဗျူးရန် လိုက်ပါလာခဲ့ကြသည်။

ကင်မရာလွယ်ထားသော သတင်းထောက်တစ်ဦးသည် စစ်သည်ဇနီးသည်များအား အင်တာဗျူးရန် အနားသို့ ရောက်ရှိလာခဲ့လေသည်။

All Chapters