← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

Ch-123

အဓိကရည်ရွယ်ချက်မှာ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်းကိုမြှင့်တင်ရန်ဖြစ်သဖြင့် သတင်းထောက်သည် ချက်ချင်းဆိုသလိုပင်လေးနက်သော မေးခွန်းတစ်ခုကို ပစ်ပေါက်လိုက်လေသည်။

“ဒီပုဂ္ဂိုလ်တွေကတော့ ကျွန်တော်တို့ စစ်တပ်ဝင်းရဲ့ စစ်တပ်ဇနီးသည်တွေပဲ ဖြစ်ပါတယ်၊ ဒီနေ့ ကျွန်တော်တို့က သူတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဘဝတွေနဲ့ စစ်တပ်ဇနီးသည်တွေအဖြစ် ကိုယ်ကျိုးစွန့်လွှတ်ရတဲ့ စိတ်ဓာတ်တွေအကြောင်းကို အင်တာဗျူးဖို့ ရောက်ရှိနေတာပါ”

မိုက်ခရိုဖုန်းကို ဝမ်ရှို့လီပါးစပ်ရှေ့သို့ ထိုးပေးလိုက်လေ၏။

“အိမ်ထောင်ရေးရဲ့အဓိပ္ပာယ်ဆိုတာ ကိုယ့်ရဲ့ကံကြမ္မာဆိုးကို တိတိကျကျ ရှာဖွေတွေ့ရှိသွားတာပဲ”

သတင်းထောက်မှာ တုန်လှုပ်သွားပြီး မိုက်ခရိုဖုန်းကို အလျင်အမြန်ဖယ်ရှားကာ ဝမ်တာ့အိုက်ထံသို့ ကမ်းပေးလိုက်လေသည်။

“လူတစ်ယောက်တည်းဆိုရင် သေမယ့်အချိန်ကို အထီးကျန်စွာနဲ့ပဲစောင့်ဆိုင်းနေရတာ၊ ဒါပေမယ့် အိမ်ထောင်ကျပြီးရင်တော့ မတူတော့ဘူး၊ အိမ်ထောင်ကျသွားရင် လူနှစ်ယောက်ဖြစ်သွားပြီး တခြားတစ်ယောက်သေမယ့်အချိန်ကို စောင့်မျှော်နေလို့ရပြီ၊ အဲဒါကအသက်ရှင်ဖို့အတွက် ရည်ရွယ်ချက်တစ်ခုပေးစွမ်းနိုင်တယ်လေ”

သတင်းထောက်သည် ချွေးအေးများပျံလာကာ မိုက်ခရိုဖုန်းကို နောက်တစ်ဦးထံသို့ အလျင်အမြန်လှည့်ပေးလိုက်လေသည်။

“အိမ်ထောင်ပြုတာ တော်တော်လေး ကောင်းပါတယ်၊ ဒါပေမယ့် အိမ်ထောင်ပြုဖို့ ရက်ကောင်းရက်မြတ်ကိုတော့ သေချာရွေးချယ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်ကျပြီးသွားရင် ကောင်းတဲ့ရက်ဆိုတာမရှိတော့လို့ပဲ”

သတင်းထောက်မှာ ဆွံ့အသွားခဲ့ရလေ၏။ ကမ္ဘာကြီးသာ ပျက်သွားပါတော့ဟု သူကြိတ်တွေးလိုက်မိသည်။

ရှဲ့လီသည် ဘေးမှနေ၍ ပါးစပ်အဟောင်းသားဖြင့် ပြုံးစိစိလုပ်ကာ တိတ်တဆိတ် ရယ်မောနေခဲ့လေသည်။

သတင်းထောက်သည် မိုက်ခရိုဖုန်းကို သူမသွားများနှင့် ကပ်လုနီးပါးအထိ ထိုးပေးလိုက်လေရာ ရှဲ့လီမှာဆွံ့အသွားခဲ့ရလေ၏။

“အိမ်ထောင်ပြုတာ အရမ်းကောင်းပါတယ်၊ ကိုယ့်အတွက် ဟင်းချက်ပေးမယ့်သူ ရှိတယ်၊ အိမ်အလုပ်လုပ်ပေးမယ့်သူ ရှိတယ်၊ ပြီးတော့ ပိုက်ဆံပေးမယ့်သူလည်း ရှိတယ်၊ အရေးအကြီးဆုံးက နေ့တိုင်းမျက်စိပသာဒဖြစ်အောင် ရုပ်ချောတဲ့ယောကျ်ားတစ်ယောက်ကို ကြည့်ခွင့်ရတာပဲ၊ ကြည့်ရုံတင်မကဘူး၊ ကိုင်တွယ်လို့ပါ ရသေးတယ်လေ၊ ဒါက တကယ်ကိုကောင်းတဲ့အချက်ပါပဲ”

သတင်းထောက် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ အဖြေမှာ အနည်းငယ် ရဲတင်းလွန်းနေသော်ငြား နောက်ဆုံးတွင်တော့ အသုံးပြု၍ရမည့် အကြောင်းအရာတစ်ခု ရရှိသွားခဲ့ပြီပင်။

အနီးနားရှိ အမျိုးသားများအားလုံးသည် ရှန်ဟွိုင်နျန်အားကြည့်လိုက်ကြပြီး နောက်ပြောင်လိုသော အပြုံးများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။

“အိုးဟိုး ငါတို့ရဲ့တပ်မှူးရှန်က စံပြဇနီးကောင်း အဲလေ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်နေတာကိုး”

“ဟီးဟီးဟီး”

ရှန်ဟွိုင်နျန်သည် သူတို့ဘက်သို့ စူးရဲရဲ တစ်ချက်စိုက်ကြည့်လိုက်ရာ သူတို့အားလုံး ပါးစပ်ပိတ်သွားကြလေတော့သည်။ ရှဲ့လီသည် ခေါင်းလေးစောင်းကာ ရှန်ဟွိုင်နျန်၏ရင်ခွင်ထဲသို့ တိုးဝင်ပြီးချွဲနွဲ့လိုက်လေ၏။

“အားနျန်က အကောင်းဆုံးပဲ၊ အားနျန်နဲ့ အတူရှိနေရတာ ကျွန်မကိုအရမ်းပျော်ရွှင်စေတယ်”

သတင်းထောက်သည် ပေါင်ကိုဖြန်းခနဲ ရိုက်လိုက်ပြီး ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့ကို အသည်းအသန်စတင်ရိုက်ကူးလေတော့သည်။ ဤအကြောင်းအရာမှာ အလွန်ကောင်းမွန်ပြီး တကယ်ကိုအံ့ဩစရာပင်။

ရှန်ဟွိုင်နျန်၏မြေခွေးမျက်လုံးအစုံမှာ လခြမ်းကွေးလေးများပမာ ကွေးညွှတ်သွားပြီး လက်မြှောက်ကာ ရှဲ့လီခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။

သူမ၏ ဤကဲ့သို့သောအသွင်အပြင်ကို သူ တကယ်ပင် အလွန်မြတ်နိုးမိလေသည်။ လူအများရှေ့တွင် ပေါ်တင်ကြီး ချစ်ကြည်နူးပြနေသော သူတို့နှစ်ဦးကြောင့် စစ်သားဇနီးများမှာ ရင်နင့်လုမတတ်ပင်ဖြစ်သွားကြလေ၏။ ဝိုင်းအနည်းငယ်သောက်ပြီးနောက်တွင် လူတိုင်းသည် အရက်ရှိန်ကိုခံစားလာရပြီး ဒစ္စကိုအက ကရန်အတွက် အပြေးအလွှားထွက်သွားကြလေတော့သည်။

သာမန်အားဖြင့် မိတ်ဆုံကပွဲများတွင် အမျိုးသားနှင့် အမျိုးသမီးများ တွဲဖက်၍ ဥရောပအကများကိုကခုန်လေ့ရှိကြသော်လည်း စစ်သားဇနီးများမှာ သူတို့၏အနံ့အသက်မကောင်းသော အမျိုးသားများကို နေ့စဉ်မြင်တွေ့နေရသဖြင့် ငြီးငွေ့နေကြပြီဖြစ်သည်။

ယခုကဲ့သို့ ပျော်ပါးရန် အခွင့်အရေးရလာချိန်တွင် မည်သူက သူတို့နှင့်အတူ တွဲဖက်ကခုန်ချင်ပါတော့မည်နည်း။

ရှဲ့လီသည် ရှန်ဟွိုင်နျန်ရင်ခွင်ထဲမှ ခုန်ထွက်လိုက်ပြီး ယောင်းမအုပ်စုကြားသို့ တိုးဝင်ကာ သူတို့နှင့်အတူလိုက်ပါယိမ်းထိုးနေရင်း သူမပါးစပ်ကလည်း အငြိမ်မနေဘဲ အော်ဟစ်လိုက်လေသည်။

“ငါ့ရဲ့ စည်းချက်အတိုင်း လိုက်ပြီးယိမ်းလိုက်ကြ၊ ယိမ်းလိုက်ကြ”

အမျိုးသမီးတစ်စုမှာ အရူးအမူး ယိမ်းထိုးနေကြပြီး ရှဲ့လီကပင်လက်ကို ပန်းပွင့်ပုံစံလှည့်လည်ကာ ကခုန်နေခဲ့လေသည်။ ရှဲ့လီတစ်ယောက် ဤမျှလောက် ပျော်ရွှင်နေသည်ကိုမြင်သောအခါ ရှန်ဟွိုင်နျန်သည် အမျိုးသားများနှင့် စကားစမြည်ပြောဆိုရန် လှည့်ထွက်သွားခဲ့လေ၏။

လက်ကို ပန်းပွင့်ပုံစံလှည့်လည်ကခုန်နေရင်း ရှဲ့လီသည် ရှန်ဟွိုင်နျန်ရှိရာသို့ ခိုးကြည့်လိုက်လေသည်။ သူမအား သူကြည့်မနေတော့သည်ကို မြင်သောအခါ သူမသည် ဗိုက်ကိုဖိထားလိုက်ပြီး စစ်သားဇနီးများထံ လှမ်းပြောလိုက်လေ၏။

“ငါ့ဗိုက်က တစ်မျိုးကြီးပဲ၊ အိမ်သာသွားလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူမသည်ဘေးဘက်ရှိခန်းမသို့ တိတ်တဆိတ် ထွက်ပြေးသွားခဲ့လေသည်။ သူမသည် ကြိုတင်ပြင်ဆင်ထားသော မျက်နှာဖုံးတစ်ခုကိုထုတ်ကာ တပ်ဆင်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေ ထိုဘက်မှလူများသည် ဤဘက်သို့လာမည်မဟုတ်သလို ဤဘက်မှလူများသည်လည်း ထိုဘက်သို့ သွားမည်မဟုတ်ပေ။

ချန်ကျွေ့နှင့်အတူကခုန်နေစဉ် သတင်းအချက်အလက်များ စုံစမ်းထောက်လှမ်းရန် အခွင့်ကောင်းယူမည်ဖြစ်ပြီး ဝံပုလွေအိုပေးအပ်ထားသောတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ပြန်လာမည်ဟု သူမ စဉ်းစားထားလေသည်။ ဤမျှလောက် အချိန်တိုလေးအတွင်း၌ မည်သည့်ပြဿနာမျှရှိနိုင်မည်မဟုတ်ပေ။

ဤဘက်ခြမ်းသည် အခြားတစ်ဖက်ထက် လေထုအခြေအနေပိုမိုကောင်းမွန်ကြောင်း သိသာထင်ရှားလှသည်။ အမျိုးသားများနှင့် အမျိုးသမီးများသည် ယဉ်ကျေးပျူငှာစွာပြုမူနေကြပြီး စကားစမြည်ပြောဆိုရာတွင်လည်း သိမ်မွေ့ယဉ်ကျေးသောဟန်အမူအရာများကို ပြသနေကြလေသည်။

ကပွဲစင်မြင့်၏အလယ်ဗဟိုတွင် ရင်ခုန်သံချင်းထပ်တူကျသူများ သို့မဟုတ် တစ်ဦးနှင့်တစ်ဦး သဘောကျနှစ်သက်သူများသည် ဥရောပအကများကို တွဲဖက်ကခုန်နေကြလေ၏။

ချန်ကျွေ့သည် ထောင့်တစ်နေရာတွင် ထိုင်နေလေသည်။ အမျိုးသမီးရဲဘော်များက သူ့အနားသို့သွားရောက်ကာ စကားစမြည်ပြောဆိုရန် ကြိုးစားကြသော်လည်း သူကတစ်ဦးချင်းစီအား ငြင်းပယ်လွှတ်လိုက်လေ၏။ ရှဲ့လီသည် အခွင့်အရေးကိုမြင်တွေ့သွားပြီး သူ့အနားသို့လျှောက်သွားလိုက်လေသည်။

“ချောမောလှတဲ့ မစ္စတာချန်ကျွေ့၊ ရှင်နဲ့အတူကဖို့ ဖိတ်ခေါ်လို့ရမလား”

ချန်ကျွေ့မျက်လုံးများ အရောင်လက်သွားခဲ့လေသည်။

“ရှောင်လီလား”

ရှဲ့လီသည် သူ့ရှေ့တွင်ရပ်ကာ မျက်နှာဖုံးနောက်ကွယ်မှနေ၍ တောက်ပစွာ ပြုံးပြလိုက်လေသည်။ သူသည် အရက်အနည်းငယ်သောက်ထားသဖြင့် မူးနေခြင်းမရှိသော်ငြား ခံစားချက်များကတော့ အနည်းငယ်လှုပ်ရှားနေခဲ့လေ၏။

ချန်ကျွေ့သည် တစ်စက္ကန့်မျှမှင်သက်သွားခဲ့ပြီး လွန်ခဲ့သောသုံးနှစ်က သူမလက်ကိုဆုပ်ကိုင်ကာ သူ့အား သုံးနှစ်တိတိစောင့်ဆိုင်းပေးရန် ပြောခဲ့သော အချိန်ဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူသည် ရှဲ့လီလက်ကို ဆွဲယူလိုက်လေ၏။

သူတို့နှစ်ဦး ကပွဲစင်မြင့်ထက်သို့ တက်သွားကြလေသည်။ မီးရောင်များမှာ မှိန်ပျပျဖြစ်နေပြီး လေထုမှာလည်း ရင်ခုန်ဖွယ်ရာကောင်းလှပေသည်။

ကခုန်နေစဉ်အတွင်း ရှဲ့လီသည် ချန်ကျွေ့ခြေထောက်များကို အဆက်မပြတ် တက်နင်းမိနေခဲ့၏။ သူမသည် ဥရောပအကများကို မည်သို့ကခုန်ရမည်မှန်း မသိခဲ့ချေ။

ချန်ကျွေ့သည် အသံတစ်ချက်မျှမထွက်ဘဲ သူမ၏သိုးသားရေဖြင့်ပြုလုပ်ထားသော ဒေါက်မြင့်ဖိနပ်ငယ်လေးများက သူ့ခြေထောက်များအား နင်းချေနေခြင်းကို ကြည်ဖြူစွာလက်ခံနေခဲ့လေသည်။

“ချန်ကျွေ့ ရှင် ဘာလို့လျောင်းနင်ပြည်နယ်ကို ရောက်လာတာလဲ၊ ပြောင်းရွှေ့ခံရတာလား”

ရှဲ့လီသည် ရိုးရိုးသာမန်စကားစမြည်ပြောဆိုသည့်ဟန်ဖြင့် မေးမြန်းလိုက်လေ၏။ အချိန်တိုလေးအတွင်းမှာပင် သူမ အလိုရှိသောသတင်းအချက်အလက်များကို ရရှိသွားခဲ့လေသည်။

‘ကောင်းပြီ၊ အလုပ်ပြီးသွားပြီပဲ'

ရှဲ့လီသည် သူမဗိုက်ကို ဖိထားကာ ဟန်ဆောင်ပြောဆိုလိုက်လေသည်။

“အင်း ကျွန်မ ဗိုက်နာနေလို့၊ အိမ်အရင် ပြန်ရတော့မယ်၊ ရှင် ဆက်ပြီးပျော်ပါဦး”

သူမ နောက်လှည့်ကာပြေးထွက်သွားရာ ချန်ကျွေ့သည် အလိုလိုပင်လက်လှမ်းကာ သူမအားဖမ်းဆွဲရန် ကြိုးစားလိုက်လေသည်။

ရှဲ့လီသည် တံခါးဝသို့ရောက်ရှိသွားပြီးမှ သက်ပြင်းတစ်ချက်ချလိုက်လေ၏။ မစ်ရှင်၏တစ်စိတ်တစ်ပိုင်းပြီးဆုံးသွားပြီဖြစ်ရာ ယခုအခါ ဟိုဘက်ခန်းမသို့ ပြန်သွားပြီး ပျော်ရွှင်စွာဆက်လက်ကခုန်နိုင်လေပြီ။

သူမ တံခါးကို ဖွင့်လိုက်ချိန်တွင်မူ.....

ဒုန်းကနဲ မြည်သံနှင့်အတူ သူမတံခါးကို အလျင်အမြန်ပြန်ပိတ်ချလိုက်လေတော့သည်။ ရှန်ဟွိုင်နျန် တံခါးဝတွင် ရပ်နေခဲ့ခြင်းပင်။ ရှဲ့လီသည် ဒေါသတကြီး ခြေဆောင့်လိုက်လေသည်။ သူမ ဝံပုလွေအိုကို သေလောက်အောင် မုန်းတီးသွားမိတော့၏။

တစ်ချိန်တည်းမှာပင် ချန်ကျွေ့သည်လည်း သူမအနားသို့ပြေးလာပြီး သူမလက်မောင်းကို လှမ်းဆွဲလိုက်လေသည်။

“ရှောင်လီ မသွားပါနဲ့”

*ကျွီ*

တံခါးပွင့်သွားခဲ့လေပြီ။ ရှန်ဟွိုင်နျန်သည် တံခါးဝတွင်မတ်တတ်ရပ်နေပြီး သူ့အကြည့်များမှာ အလွန်တရာအေးစက်နေခဲ့လေသည်။

သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး ရှဲ့လီ၏အခြားလက်တစ်ဖက်ကို ဆွဲယူကာ နွေးထွေးသောလေသံဖြင့် စကားဆိုလိုက်လေသည်။

“ရှောင်လီ ကိုယ့်ဆီလာ”

All Chapters