အခန်း ၁၂၄
Vol. 13 Ch. 124
Ch-124
ကခုန်နေသူများရပ်တန့်သွားကြပြီး စကားပြောနေသူများလည်း စကားစပြတ်သွားကြလေသည်။ ခန်းမနှစ်ခုလုံးမှလူများသည် ဤအဖြစ်အပျက်ကို စိတ်ဝင်တစားကြည့်ရှုရန် ဝိုင်းအုံလာကြလေသည်။
မျက်နှာဖုံးတပ်ဆင်ထားသော ရှဲ့လီသည် အမျိုးသားနှစ်ဦးကြားတွင် ရပ်နေခဲ့၏။ သူမသည် အသက်ရှင်လျက်ရှိနေသည်ဟုထင်ရသော်ငြား တကယ်တမ်းတွင်မူ သူမအတွင်းစိတ် သေဆုံးနေခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်သည်။
ယခုအချိန်၌ သူမဝိညာဉ်သည် ဝံပုလွေအိုကိုရှာဖွေနေပြီး သူ့မိခင်ဖြစ်သူအား ဆဲရေးတိုင်းထွာရန် အသင့်ဖြစ်နေခဲ့လေပြီ။
“အဲဒါတပ်မှူးရှန်နဲ့ တပ်မှူးချန်တို့မဟုတ်ဘူးလား”
လူအုပ်ထဲမှ တစ်စုံတစ်ဦးကတိုးတိုးလေး မေးမြန်းလိုက်လေသည်။
“ဟုတ်တယ်၊ ဟိုအမျိုးသမီးက ဘယ်သူလဲ၊ ဘာလို့ မျက်နှာဖုံးတပ်ထားရတာလဲ”
“အဲဒါ တပ်မှူးရှန်ရဲ့မိန်းမ ရှဲ့လီလေ”
ဝမ်းသာအားရပြောဆိုလိုက်သော အသံတစ်သံထွက်ပေါ်လာခဲ့ပြီး ယဲ့ရှုဟွာသည် မနာလိုသောအပြုံးဖြင့် ရှေ့သို့ တိုးထွက်လာခဲ့၏။ သို့သော် သူမရယ်မောရန် အချိန်မရလိုက်မီမှာပင် အမျိုးသားတစ်ဦးက သူမအား အားကုန်သုံး၍ ဘေးသို့ တွန်းထုတ်ပစ်လိုက်လေသည်။ ရှောင်ချီသည် အေးစက်စက်ဟန်ဖြင့် နှာမှုတ်လိုက်လေသည်။
“ဖယ်စမ်းပါ၊ မင်းက ဘာလို့နေရာတိုင်းမှာ ရှိနေရတာလဲ”
ယဲ့ရှုဟွာသည် အားဖြင့်တွန်းထုတ်ခံလိုက်ရသဖြင့် သူမအနောက်ရှိ အမျိုးသားတစ်ဦး၏ သားရေဖိနပ်ပေါ်သို့ ဖင်ထိုင်လျက်သားကျသွားခဲ့လေ၏။ သူမအလေးချိန်ကြောင့် ဖိနပ်ပေါ်တွင်ခွက်သွားပြီး ပုံပန်းသဏ္ဌာန်ပင် ပျက်ယွင်းသွားခဲ့ရလေသည်။
“ဒီမှာ ရဲဘော်အမျိုးသမီး၊ ခင်ဗျားရဲ့ ဖင်က ဘာလို့ဒီလောက်တောင်လေးနေရတာလဲ၊ ကျွန်တော့်ပေါ်ကနေ အမြန်ဖယ်စမ်းပါ”
ထိုအမျိုးသားရဲဘော်သည် ခြေထောက်ကို အလျင်အမြန်ဆွဲထုတ်လိုက်လေသည်။ သူသည် သားရေဖိနပ်ကို ဤမိတ်ဆုံကပွဲအတွက် တမင်သက်သက် ဝယ်ယူထားခဲ့ခြင်းပင်။ ယဲ့ရှုဟွာမှာ အရှက်ရသွားခဲ့လေသည်။ သူမသည် တင်ပါးကိုပွတ်သပ်ကာ မတ်တတ်ရပ်လိုက်လေ၏။
“သားရေဖိနပ်စုတ်လေးတစ်ရံပါပဲ ဟုတ်တယ်မလား”
အမျိုးသားဖြစ်သူမှာ ဒေါသထွက်သွားပြီး ဖိနပ်ချွတ်ကာ ယဲ့ရှုဟွာမျက်နှာကို ရိုက်ချလိုက်လေတော့သည်။
“ခင်ဗျားက ကျွန်တော့်ဖိနပ်ကိုပျက်စီးအောင်လုပ်ထားပြီးတော့ ကိုယ့်ကိုကိုယ်မှန်တယ်လို့ ထင်နေသေးတာလား”
ထိုအမျိုးသား၏ခြေထောက်များမှာ ချွေးအလွန်ထွက်တတ်ပြီး အနံ့အသက်မှာ အလွန်ဆိုးရွားလွန်းလှသဖြင့် ယဲ့ရှုဟွာတစ်ယောက် သူ့ဖိနပ်ထဲသို့အန်ချလိုက်မိလေတော့သည်။
“ဝေါ့ ဝေါ့ အရမ်းနံတာပဲ”
နှစ်ဖက်လုံးမှာ ဒေါသထွက်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ရန်ပွဲစတင်လေတော့၏။ အမျိုးသမီးရဲဘော်များသည် မူလက ရှဲ့လီဘက်သို့သာ အာရုံစိုက်နေကြသော်လည်း နောက်ဘက်မှဆူညံသံများကိုကြားလိုက်ရသောအခါ သူတို့အားလုံး လှည့်ကြည့်လိုက်ကြလေသည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ တစ်ဦးကိုတစ်ဦးလက်မောင်းများဆွဲကိုင်ကာ အပေါ်အောက် ခုန်ပေါက်ပြီး စက်ဝိုင်းပုံစံလှည့်ပတ်နေကြသည်ကို မြင်တွေ့လိုက်ကြရလေသည်။
“ဘာတွေဖြစ်နေတာလဲ”
“သူတို့ ရင်ခုန်သံချင်းတူသွားလို့ ကနေကြတာနေမှာပေါ့”
“အဲဒါ ဘယ်လိုအကမျိုးလဲ၊ သူတို့က ရူးနေတဲ့လူတွေနဲ့တူနေတယ်”
“သူတို့ရဲ့ရောဂါတွေ ကိုက်ညီနေလို့ ရင်ခုန်သံချင်းတူသွားတာ နေမှာပါ”
ဤဘက်တွင်မူ အမျိုးသားနှစ်ဦးလုံးက ရှဲ့လီ၏လက်တစ်ဖက်စီကို ဆုပ်ကိုင်ထားကြလေ၏။ လူအုပ်ကြီးမှာ ပိုနီးကပ်စွာ တိုးဝှေ့လာကြပြီး ရှဲ့လီတစ်ယောက် နောက်ဆုံးတွင် မည်သူ့အား ရွေးချယ်မည်ကို လူတိုင်းသိချင်နေကြလေသည်။
အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
သတင်းထောက်သည် ကပွဲပရိုမိုးရှင်းလုပ်နေခြင်းကို ရပ်တန့်လိုက်ပြီး ကင်မရာအားမြှောက်ကာ အနီးကပ်မြင်ကွင်းများကို အဆက်မပြတ် ရိုက်ကူးနေလေတော့၏။
“သူမရဲ့နှလုံးသားကို ဘယ်သူကရရှိသွားမလဲ၊ သူမက ဘယ်သူ့ကိုရွေးချယ်မှာလဲ၊ ဒီလျှို့ဝှက်ချက်ကြီးက မကြာခင် ဖော်ထုတ်ခံရတော့မှာဖြစ်ပါတယ်”
စပီကာများမှတစ်ဆင့် “စေတနာ့ဝန်ထမ်းများ၏ ချီတက်ပွဲ” သီချင်းသံ ထွက်ပေါ်လာခဲ့သည်။ ရှောင်ချီက သီချင်းကိုပြောင်းလဲလိုက်ခြင်းပင်။ သူသည် သူ့တပ်မှူးအား အားပေးထောက်ခံလိုခြင်းဖြစ်သည်။
“ရှေ့သို့ ရှေ့သို့”
သူသည် လက်မြှောက်ကာအော်ဟစ်လိုက်လေသည်။ လူတိုင်းမှာ နားမလည်နိုင်ဖြစ်သွားကြလေ၏။
‘သူ ရူးများရူးနေတာလား'
လူတိုင်းအကြည့်များသည် လေဆာရောင်ခြည်များပမာ ရှဲ့လီအပေါ်သို့ စူးစိုက်ကျရောက်နေခဲ့လေသည်။
ထူးချွန်ထက်မြက်မှုချင်း တူညီကြသော အမျိုးသားနှစ်ဦးလုံးမှာ များစွာသော အမျိုးသမီးရဲဘော်များ၏အိပ်မက်ထဲမှ ခင်ပွန်းလောင်းများဖြစ်ကြပြီး ရှဲ့လီသည် ထိုနှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ဖမ်းစားထားနိုင်ခဲ့၏။
လူအများသည် သူမမည်သူ့အား ရွေးချယ်မည်နှင့် အရှုံးသမားက မည်သို့သော မျက်နှာအမူအရာမျိုးပြသမည်ကို ကြည့်ရှုလိုကြသည်။
လူအများ၏စောင့်ကြည့်မှုအောက်တွင် ရှဲ့လီသည် သူတို့နှစ်ဦးစလုံး၏လက်များကို ဆုပ်ကိုင်ထားပြီး ဒန်းစီးသကဲ့သို့ ယိမ်းလွှဲကစားနေလေတော့သည်။
အားလုံးမှာ ဆွံ့အသွားကြလေတော့၏။ ဤအမျိုးသမီးသည် တကယ်ကိုနတ်ဘုရားတစ်ပါးပင်။ စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ပြေးလာသူတစ်ဦးနှင့်ပင် တူနေလေသည်။ ရှဲ့လီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လွင်နေခဲ့သည်။
‘ဟီးဟီး လောကကြီးမှာ အဆင်တွေ အများကြီးရှိတယ်၊ အရမ်းအေးမြပြီး လန်းဆန်းသွားတာပဲ ဟီးဟီး'
ရှန်ဟွိုင်နျန်မှာ ကြက်သေသေသွားခဲ့ရသည်။ သူသည် ရုတ်တရက် အလွန်တရာစိတ်အနှောင့်အယှက်ဖြစ်ကာ နောင်တရလာခဲ့လေ၏။
ဤကဲ့သို့သော ကပွဲမျိုးကျင်းပရန် အားပေးထောက်ခံခဲ့မိခြင်းမှာ သူ ရူးသွပ်နေခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်။
ချန်ကျွေ့သည် ဘေးတွင်မတ်တတ်ရပ်ကာ နွေဦးလေပြည်ပမာပြုံးရွှင်နေပြီး ရှဲ့လီအား ယိမ်းလွှဲကစားနိုင်ရန် သူ့လက်ကို ကမ်းပေးထားခဲ့လေသည်။
“ညစာ စားလို့ရပါပြီ၊ ညစာ စားလို့ရပါပြီ”
မိမိတပ်မှူး အသာစီးမရဖြစ်နေသည်ကို မြင်သောအခါ ရှောင်ချီသည် အသံကိုမြှင့်ကာ လူတိုင်းအားအစားစားရန် ဖိတ်ခေါ်လိုက်လေသည်။
လက်ချင်းချိတ်ဆက်ထားဆဲဖြစ်သော သူတို့သုံးဦးသည် လူအုပ်ကြီး၏တွန်းပို့မှုကြောင့် စားပွဲတစ်ခုဆီသို့ရောက်သွားခဲ့ကြ၏။ လူအများသည် အစာပင်မစားကြတော့ဘဲ ဤဘက်သို့သာစိုက်ကြည့်နေကြလေသည်။
ရှဲ့လီသည် စိတ်ထဲမှနေ၍ ကျေးဇူးအများကြီးတင်ပါတယ်ဟူ၍သာ ကြိတ်တွေးလိုက်မိတော့သည်။ အမျိုးသားနှစ်ဦးသည် ရှဲ့လီပန်းကန်ထဲသို့ အစားအစာများကို စတင်ထည့်ပေးကြလေ၏။
အားလုံးမှာ အံ့အားသင့်သွားကြလေသည်။
‘စိတ်လှုပ်ရှားစရာပဲ၊ သူမက ဘယ်သူ့အစားအစာကို အရင်စားမှာလဲ'
ရှဲ့လီသည် အပြုံးမပျက်ပြောလိုက်လေသည်။
“ဟားဟားဟား စိတ်မပူပါနဲ့ စိတ်မပူပါနဲ့၊ ကျွန်မ အကုန်စားမှာပါ၊ ရှင့်ဟာကို စားပြီးရင် သူ့ဟာကို စားမယ်၊ သူ့ဟာကို စားပြီးရင် ရှင့်ကိုစားမယ်”
လူတိုင်းမှာ အံ့သြမှင်တက်ကာချီးကျူးမိသွားကြလေတော့၏။ အမျိုးသားနှစ်ဦး၏မျက်လုံးများ ပြူးထွက်လုမတတ် ဖြစ်သွားခဲ့ရသည်။ ရှန်ဟွိုင်နျန်သည် လက်မြှောက်ကာ ချန်ကျွေ့လက်ထဲမှ ရှဲ့လီလက်ကိုဆွဲယူလိုက်လေသည်။
“တပ်မှူးချန် ကျွန်တော့်ဇနီးရဲ့ကိစ္စတွေအတွက် ခင်ဗျားအလုပ်ရှုပ်ခံစရာမလိုပါဘူး၊ လူတွေ ရှောင်လီ့အပေါ်အထင်မလွဲအောင် ကျေးဇူးပြုပြီး အခြေအနေကို ရှင်းရှင်းလင်းလင်းပြောပြပေးပါ”
သူသည် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူကာ ရှဲ့လီလက်ကို စတင်သုတ်ပေးလေတော့၏။ ချန်ကျွေ့သည် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။
“ရှဲ့လီနဲ့ ကျွန်တော်ကငယ်သူငယ်ချင်းတွေပါ”
ထိုစကားတစ်ခွန်းတည်းဖြင့်ပင် အတင်းအဖျင်းပြောဆိုနေသူများကို ပါးစပ်ပိတ်သွားစေခဲ့၏။ သူသည် သူငယ်ချင်းတစ်ဦးမျှသာဖြစ်ပြီး ရှန်ဟွိုင်နျန်မှာ တရားဝင်ခင်ပွန်းဖြစ်ကြောင်း သွယ်ဝိုက်သောနည်းဖြင့် ထုတ်ဖော်ပြောဆိုလိုက်ခြင်းလည်းဖြစ်ပေသည်။
ရှဲ့လီသည် သူမခန္ဓာကိုယ်အတွင်းမှ နွေးထွေးလာသည်ကို ခံစားလိုက်ရလေသည်။
“အဓိပ္ပာယ်မရှိတာ၊ ချန်ကျွေ့က နင့်ကို သဘောကျနေတာလေ၊ ရှဲ့လီ နင်က လှေနံနှစ်ဖက်နင်းနေတဲ့ မိန်းမတစ်ယောက်ပဲ”
အစောကအမျိုးသားဖြစ်သူထံမှ အရိုက်ခံထားပြီးကာစ ယဲ့ရှုဟွာသည် ဆံပင်များ ဖရိုဖရဲဖြင့်အပြေးအလွှား ရောက်ရှိလာခဲ့လေ၏။ သူမက ရှဲ့လီအား လက်ညှိုးထိုးကာကျိန်ဆဲလိုက်လေသည်။
“အရှက်မရှိတဲ့ကောင်မ”