အခန်း ၁၂၅
Vol. 13 Ch. 125
Ch-125
သေလုမြောပါးဖြစ်နေသူတစ်ဦး ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ရှဲ့လီသည် မတ်တတ်ထရပ်ကာပြန်လည်အော်ဟစ်လိုက်လေ၏။
“နင်ကမှ မျက်နှာပြောင်တိုက်နေတာ”
“အားလုံး ဘာလုပ်နေကြတာလဲ”
အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာချိန်တွင် ဝူချန်ကျွင်းရောက်ရှိလာခဲ့လေသည်။ ယဲ့ရှုဟွာသည် ပထမဆုံးငိုချလိုက်သူပင်။ သူမသည် ထိုအမျိုးသား၏ သားရေဖိနပ်အကြီးကြီးဖြင့် အကြိမ်ပေါင်းများစွာအရိုက်ခံထားရသဖြင့် သူမမျက်နှာမှာ ယခုအခါနီရဲရောင်ရမ်းနေလေပြီပင်။
“ဦးလေးဝူ ဝါးးး သူတို့အားလုံး သမီးကို အနိုင်ကျင့်နေကြတယ်၊ သမီးရဲ့အဖေသာ စောစောမဆုံးပါးသွားခဲ့ရင် သမီး ဒီလိုဆက်ဆံခံရမှာမဟုတ်ဘူး”
ဝူချန်ကျွင်းသည် ဂရုစိုက်ကြောင်းပြသရန် အလျင်အမြန် ရှေ့သို့တိုးလာခဲ့လေသည်။ ယဲ့ကျန့်ကျွင်းနှင့်သူသည် သူငယ်ချင်းကောင်းများဖြစ်သည့်အပြင် ယဲ့ရှုဟွာသည်လည်း အာဇာနည်မိသားစုဝင်တစ်ဦးဖြစ်ရာ လျစ်လျူရှုထား၍မရနိုင်ပေ။
“ရှောင်ယဲ့ သမီးဘာဖြစ်တာလဲ”
ယဲ့ရှုဟွာသည် သားရေဖိနပ်နှင့် အမျိုးသားအား လက်ညှိုးထိုးကာ စတင်တိုင်တန်းလေတော့သည်။
“သမီး ခုနက မတော်တဆခလုတ်တိုက်ပြီး သူ့ရဲ့သားရေဖိနပ်ပေါ်ကို လဲကျသွားတာကို သူက အဲဒီဖိနပ်နဲ့ သမီးကိုရိုက်တာလေ”
ဝူချန်ကျွင်းမှာ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
‘တကယ်ပဲ အဲဒီလောက်တောင် အဓိပ္ပာယ်မဲ့နေတာလား'
သားရေဖိနပ်နှင့် အမျိုးသားသည်လည်း သူ့ဘယ်ဘက်ပါးပြင်ကို ဖိထားရင်း တိုင်တန်းရန် အနားသို့ရောက်လာခဲ့လေ၏။
“တပ်စုမှူးဝူ သူက အရင်စတာပါ၊ သူက ကျွန်တော့်ရဲ့ သားရေဖိနပ်ကို ဖျက်ဆီးပစ်တာတောင် တောင်းပန်ဖို့ငြင်းဆန်နေတာ၊ ကျွန်တော် သူ့ကိုရိုက်ခဲ့တာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် သူက ကျွန်တော့်ရဲ့ဖင်ကို ကိုက်လို့ရိုက်တာပါ”
လူတိုင်းအကြည့်များ ယဲ့ရှုဟွာထံသို့ ဦးတည်သွားကြလေသည်။ ရှဲ့လီသည် အဖြစ်အပျက်ကိုကြည့်ရှုရင်း အစားစားနေခဲ့သည်။ သူမ ဗိုက်ဆာနေပြီဖြစ်ရာ သူမရှေ့ရှိမှိုကြော်များကို တစ်စမကျန် စားသောက်ပစ်လိုက်လေ၏။
သူမ မှိုကြိုက်သည်ကိုမြင်သောအခါ ရှန်ဟွိုင်နျန်သည် မတ်တတ်ရပ်ကာ သူမအတွက် မှိုစွပ်ပြုတ်နောက်တစ်ပန်းကန် ထည့်ပေးလိုက်လေသည်။ ချန်ကျွေ့မျက်လုံးများ မှောင်မိုက်သွားခဲ့လေသည်။ ရှဲ့လီသည် မှိုမစားတတ်ကြောင်း၊ တစ်လုပ်မျှပင် မစားတတ်ကြောင်းကို သူမှတ်မိနေခဲ့လေ၏။
ယဲ့ရှုဟွာသည် အားရပါးရစားသောက်နေသော ရှဲ့လီထံသို့ သူမအကြည့်များကို ပြန်လှည့်လိုက်လေသည်။
“ဦးလေးဝူ၊ ရှဲ့လီကလည်း ခုနက သမီးကို မျက်နှာပြောင်တိုက်တယ်လို့ပြောတယ်၊ ပြီးတော့ သမီး သူ့ကိုတိုင်ချင်တယ်၊ ရဲဘော်ရှဲ့လီရဲ့လုပ်ရပ်ကမသင့်တော်ဘူး၊ သူက လှေနံနှစ်ဖက်နင်းနေတာ”
ဝူချန်ကျွင်းမှာ ဆွံ့အသွားခဲ့ရလေသည်။
“အားလုံး မြင်တဲ့အတိုင်းပဲ၊ သူက ဟိုဘက်ခန်းမမှာရှိနေရမှာကို မျက်နှာဖုံးနဲ့ ဒီဘက်ကိုလာပြီးတော့ တပ်မှူးချန်နဲ့ကနေတာလေ၊ ပြီးတော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ပလူးပလဲလုပ်နေကြတာလေ”
ယဲ့ရှုဟွာ စိတ်တင်းထားလိုက်၏။ မည်သို့ပင်ဖြစ်လာပါစေ ဤကိစ္စကို တိုင်ကြားရန် သူမသန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။ ဝူချန်ကျွင်း၏မျက်နှာမှာ မည်းမှောင်သွားခဲ့လေသည်။ ပြီးခဲ့သည့် စုံစမ်းစစ်ဆေးမှုမှတစ်ဆင့် ရှဲ့လီမှာရှုပ်ထွေးကြောင်းကို သူသိထားပြီးဖြစ်၏။
ရှဲ့လီသည် တံငါရွာတစ်ရွာတွင် အရပ်ပုပု၊ သာမန်ရုပ်ရည်နှင့် အမျိုးသားတစ်ဦး၏လက်မောင်းကို ဖက်တွယ်ထားသည်ကို မြင်တွေ့ခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့ကြသည်။ ထိုအချိန်က ရှန်ဟွိုင်နျန် ကိုယ်တိုင် ဤကိစ္စကိုဆက်အရေးမယူခဲ့သဖြင့် သူက ဤကိစ္စကိုထပ်မံဖော်ထုတ်နေရန် မသင့်တော်ပေ။
သို့သော် ယခုအခါ ဤရှဲ့လီသည် များပြားလှသော လူအများရှေ့တွင် လူသစ်လေးရှောင်ချန်နှင့် လူလုံးထွက်ပြနေပြန်၏။ ဤသည်မှာ တကယ့်ကို အရှုပ်တော်ပုံတစ်ခုပင်ဖြစ်နေတော့သည်။
“ရဲဘော်ရှဲ့လီ ငါနဲ့လိုက်ခဲ့ပါ”
ဝူချန်ကျွင်းသည် ရှဲ့လီအား အေးစက်စက်တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားခဲ့လေသည်။ လူတိုင်း တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလေ၏။ ဤသည်မှာ မကောင်းတော့ပေ။ တပ်စုမှူးဝူ ဒေါသထွက်နေပြီဖြစ်ရာ ရှဲ့လီအတွက် အဆုံးသတ် ကောင်းနိုင်မည်မဟုတ်ပေ။
ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့သည် တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြလေသည်။
“တပ်စုမှူးဝူ”
“တပ်စုမှူး”
ဝူချန်ကျွင်းသည် နောက်သို့လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“မင်းတို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထား၊ စိတ်မပူပါနဲ့ ငါ ရှဲ့လီနဲ့ရှင်းပြီးရင် မင်းတို့နဲ့ပါ ရှင်းမယ်”
ရှဲ့လီသည် ကျန်ရှိနေသောမှိုစွပ်ပြုတ်များကို အကုန်သောက်ချလိုက်ပြီး ရှန်ဟွိုင်နျန်အား လေထဲမှအနမ်းတစ်ပွင့်ပေးလိုက်ကာ တံခါးအပြင်ဘက်သို့ လှည့်ထွက်သွားခဲ့လေ၏။
ရှန်ဟွိုင်နျန်က သူ့ဇနီးဖြစ်သူအားကာကွယ်ရန် ထွက်လာမည်ကို တားဆီးနိုင်ရန်အတွက် ဝူချန်ကျွင်းသည် သူ့လက်ထောက်အား တံခါးကိုသော့ခတ်ထားခိုင်းလိုက်လေသည်။
ယဲ့ရှုဟွာ ခေါင်းမော့ထားလိုက်သည်။ သူမ တရားမျှတမှုရရှိသွားပြီဟု ခံစားလိုက်ရ၏။ သူမသည် လူအုပ်ကြီးဘက်သို့ လှည့်လိုက်လေသည်။
ရှဲ့လီသည် ယခုအခါ ဖိနပ်စုတ်တစ်ရံအဖြစ်၊ ပြည်တန်ဆာမတစ်ဦးအဖြစ် သတ်မှတ်ခံရပြီဖြစ်သည်။
“ဘုရားရေ ရှဲ့လီက တပ်မှူးရှန်နဲ့ တပ်မှူးချန်နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ကြိုးဆွဲချယ်လှယ်နေတာလား”
ယဲ့ရှုဟွာသည် စိတ်ထဲမှနေ၍ လှောင်ပြုံးတစ်ခုပြုံးလိုက်လေ၏။ မျှော်လင့်ထားသည့်အတိုင်းပင် လူအများသည် ရှဲ့လီအကြောင်းကို အတင်းအဖျင်း စတင်ပြောဆိုနေကြ ချေပြီ။ သူမနားစွင့်၍ နားထောင်လိုက်လေသည်။
“ကြည့်စမ်း၊ အဲဒီအမျိုးသားနှစ်ယောက်က ငါးကြီးတွေလိုမျိုး အဖမ်းခံလိုက်ရတာပဲ”
“သူတို့က ငါတို့တပ်ဖွဲ့မှာအထူးချွန်ဆုံး အမျိုးသားနှစ်ယောက် မဟုတ်ဘူးလား၊ ပြီးတော့ ရှဲ့လီက နှစ်ယောက်လုံးကို ဖမ်းမိထားတာလား”
“အိုး ဘုရားရေ သူကတော့ ငါတို့ခေတ်ရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ မြန်မြန်လုပ် သူဌေးမကြီးကို အရိုအသေပေးကြ”
လူတစ်စုသည် ရှဲ့လီအားစတင်ကိုးကွယ်လာကြလေတော့သည်။ ယဲ့ရှုဟွာမှာ ဆွံ့အသွားခဲ့ရလေ၏။
‘ဘာ’
‘နေပါဦး’
‘ဒါ မှန်ရဲ့လား’
‘သူတို့က သူ့ကိုကျိန်ဆဲနေရမှာမဟုတ်ဘူးလား'
တပ်စုမှူးဝူသည် ရှဲ့လီအားအပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။ ခန်းမအတွင်းရှိ လူအများသည် စပ်စုလိုစိတ်ဖြင့် ပြတင်းပေါက်အနီးသို့ စုရုံးကာကြည့်ရှုနေကြလေ၏။
သူတို့သည် သိပ်မဝေးလှသလို နံရံများကလည်း အသံလုံခြင်းမရှိသဖြင့် စကားပြောသံများကို ရှင်းလင်းပြတ်သားစွာ ကြားနေရလေသည်။
“ရှဲ့လီ မင်း ဟွိုင်နျန်နဲ့လက်ထပ်ဖို့ကို အရင်ကတည်းက ငါသဘောမကျခဲ့ဘူး”
ဝူချန်ကျွင်းသည် သူ့ခေါင်းဆောင်ဟန်ပန်ကို အပြည့်အဝထုတ်ဖော်ပြသလိုက်လေသည်။ ရှဲ့လီသည် ခေါင်းကိုကုတ်ကာ လက်များဖြင့်မျက်နှာကို အုပ်ပြီး မသိဟန်ဆောင်ကာပြောဆိုလိုက်လေတော့၏။
“ဝါးးး ကျွန်မအမှားပါ၊ ကျွန်မက ဟွိုင်နျန်နဲ့ မတန်ပါဘူး အဟင့် အဟင့်”
အားလုံးမှာ ဆွံ့အမှင်တက်သွားကြလေတော့သည်။
‘အဲဒါ တကယ့်ကိုဟန်ဆောင်ငိုနေတာပဲ'
ရှန်ဟွိုင်နျန်မှာမူ အလွန်အမင်းစိတ်မကောင်းဖြစ်သွားရလေသည်။
“ရှဲ့လီ ငါ့ကို ဉာဏ်များဖို့မကြိုးစားနဲ့၊ တံငါရွာမှာ မင်းတခြားယောကျ်ားတစ်ယောက်နဲ့ ပလူးပလဲလုပ်နေတာတွေကို ငါ အကုန်သိတယ်၊ ဟွိုင်နျန်ရဲ့ ဂုဏ်သိက္ခာအတွက် ငါနှုတ်ဆိတ်နေပေးခဲ့တာ၊ အခု မင်းကဟွိုင်နျန် မင်းအပေါ်ထားတဲ့ ခံစားချက်တွေကို အခွင့်ကောင်းယူပြီး သူ့မျက်စိအောက်မှာတင် ပြဿနာရှာပြီးကံစမ်းနေတာလား”
ဝူချန်ကျွင်းသည် စကားပြောလေ ဒေါသထွက်လေ ဖြစ်နေခဲ့၏။ ရှန်ဟွိုင်နျန်သည် အလွန်တရာဂုဏ်ယူဝင့်ကြွားတတ်ပြီး အင်မတန်ထူးချွန်ထက်မြက်သူတစ်ဦးလည်းဖြစ်ရာ သူသည် ရှဲ့လီအတွက် များစွာသာလွန်ကောင်းမွန်လွန်းလှပေသည်။
သို့တိုင်အောင် ရှဲ့လီသည် သူ့အား မည်သို့တန်ဖိုးထားရမည်ကို မသိခဲ့ချေ။ သူမသည် အမြဲတမ်းမကောင်းသည့်အရာများသာ ပြုလုပ်နေတတ်လေသည်။
လူတိုင်းသည် ရှန်ဟွိုင်နျန်အား လှည့်ကြည့်လိုက်ကြလေ၏။ အေးစက်စက် စစ်နတ်ဘုရား ရှန်ဟွိုင်နျန်သည် အမျိုးသမီးတစ်ဦး၏ လက်ခုပ်ထဲမှရေပမာ ကစားခံနေရလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးခဲ့ဖူးချေ။ လူအများစုတ်သပ်လိုက်ကြလေသည်။
‘စိတ်လှုပ်ရှားစရာပဲ၊ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ’
သူတို့၏အတင်းအဖျင်းပြောလိုသော ခံစားချက်များမှာ မီးဟုန်းဟုန်း တောက်လောင်နေခဲ့လေပြီ။ အိမ်ထောင်ဖက်ရှာဖွေရမည့်ကိစ္စကိုပင် မေ့လျော့ကာ လူအုပ်ကြီးသည် ပြတင်းပေါက်အနီးသို့ စုရုံးပြီး ပြဇာတ်ကို ကြည့်နေကြလေတော့သည်။
“ရှဲ့လီ မတ်မတ်ရပ်စမ်း၊ ဂရုမစိုက်တဲ့ပုံစံမျိုး လုပ်မနေနဲ့၊ ပြီးတော့ ရှောင်ယဲ့က အာဇာနည်မိသားစုဝင်တစ်ယောက်၊ သူ့အပေါ်ထားတဲ့ မင်းရဲ့သဘောထားကို ပြင်ဆင်တာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် မင်းယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အခုချက်ချင်း သတိပေးစာထုတ်ပြီး အထက်ကိုတိုင်ကြားလိုက်မယ်၊ မင်းရဲ့အရှုပ်တော်ပုံတွေနဲ့ဆို ဟွိုင်နျန်တောင် မင်းကိုကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ဝူချန်ကျွင်းသည် ရှဲ့လီ၏ဂရုမစိုက်သကဲ့သို့ ယိမ်းထိုးနေသောအမူအရာကြောင့် အလွန်တရာဒေါသထွက်နေခဲ့လေ၏။ ရှန်ဟွိုင်နျန်သည် မျက်မှောင်ကြုတ်ကာ လူအုပ်ကြီးကြားမှတိုးထွက်လာပြီး တံခါးကိုချိုးဖျက်ရန် ပြင်ဆင်လိုက်လေသည်။ ထိုစဉ် ရှဲ့လီ၏ပြုံးစိစိမျက်နှာကို သူမြင်တွေ့လိုက်ရလေသည်။
“အိုး သင်္ဘောအုပ်စုကြီးပါလား”
သူမသည် လက်လှမ်းကာ ဝူချန်ကျွင်းခေါင်းပေါ်တွင် ကျန်ရစ်နေသော ဆံပင်ဆယ့်သုံးပင်ကို တစ်ကြိမ်တည်းဖြင့် ဆွဲနှုတ်ပစ်လိုက်လေသည်။ အားလုံးမှာ အံ့သြမှင်သက်သွားကြလေတော့၏။
ရှန်ဟွိုင်နျန်မှာလည်း ကြက်သေသေသွားခဲ့ရတော့သည်။