အခန်း ၁၂၆
Vol. 13 Ch. 126
Ch-126
ရှန်ဟွိုင်နျန်သည် တံခါးကိုတွန်းဖွင့်ကာ အရှိန်ဖြင့် ဝင်ရောက်လာပြီး လူအများသည်လည်း ရှဲ့လီနှင့်ဝူချန်ကျွင်းတို့ရှိရာသို့ အပြေးအလွှားရောက်ရှိလာကြလေသည်။
ရှဲ့လီသည် ဆံပင်ဆယ့်သုံးပင်အား တင်းကျပ်စွာဆုပ်ကိုင်ထားပြီး တစ်ခုချင်းစီ နှုတ်ဆက်နေလေတော့သည်။
“မင်္ဂလာပါ ဖျက်သင်္ဘောကြီး၊ မင်္ဂလာပါ စစ်သင်္ဘောကြီး...”
သူမသည် ထူးဆန်းစွာရယ်မောနေခဲ့၏။ ဝူချန်ကျွင်းအမြင်တွင်မူ သူမသည် အဖြူရောင်သေမင်းတမန်ကြီးနှင့်ပင် တူနေလေတော့သည်။ ဝူချန်ကျွင်းမှာ ကိုယ်ကိုကိုင်းထားဆဲဖြစ်ပြီး အနည်းငယ်မျှပင် မလှုပ်ရဲချေ။ သူ မတော်တဆလှုပ်ရှားလိုက်ပါက နောက်ထပ်ဆံပင်တစ်ပင် ထပ်ကျွတ်ထွက်သွားမည်ကို အလွန်တရာကြောက်ရွံ့နေခဲ့လေသည်။
“လွှတ်လိုက်စမ်း”
သူသည် နှလုံးကွဲမတတ်နာကျင်စွာဖြင့် အော်ဟစ်လိုက်လေ၏။ ရှန်ဟွိုင်နျန်သည် ခြေလှမ်းကျဲကြီးများဖြင့် အပြေးရောက်လာခဲ့လေသည်။
“ရှောင်လီ လွှတ်လိုက်”
ယခုအချိန်၌ ရှန်ဟွိုင်နျန်သည် ဝူချန်ကျွင်းနှလုံးသားထဲတွင် နတ်ဘုရားတစ်ပါးပင်ဖြစ်နေလေတော့သည်။
သူသည် အလင်းရောင်ကိုနောက်ခံထားကာ နတ်ဘုရားတစ်ပါးပမာ သူ့ထံသို့ လျှောက်လှမ်းလာနေခဲ့၏။ ရှန်ဟွိုင်နျန်သည် သူ့ဆံပင်များကို ကယ်တင်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရှန်ဟွိုင်နျန် ရှေ့သို့လှမ်းလာသော ခြေလှမ်းတိုင်းတွင် ဝူချန်ကျွင်း၏မျှော်လင့်ချက်များမှာ အနည်းငယ်စီ ပိုမိုကြီးထွားလာခဲ့လေသည်။
“ရှောင်လီ”
ရှန်ဟွိုင်နျန်သည် ရှဲ့လီအားသူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး လက်တစ်ဖက်ဖြင့် ဝူချန်ကျွင်းအား နောက်သို့တွန်းထုတ်လိုက်လေ၏။ ဝူချန်ကျွင်းမှာ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
*ဗြန်း ဗြန်း ဗြန်း*
ဆံပင်ဆယ့်သုံးပင်လုံး ပြတ်ထွက်သွားလေတော့သည်။
“ရှောင်လီ ဘာဖြစ်လို့လဲ”
ရှန်ဟွိုင်နျန်သည် ရှဲ့လီ၌တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရိပ်မိလိုက်လေသည်။ သူမသည် ဆံပင်ဆယ့်သုံးပင်ကို ဆုပ်ကိုင်ထားရင်း အရူးတစ်ယောက်ပမာ ရယ်မောနေခဲ့လေ၏။
“အိုး အဖျက်သင်္ဘောကြီးက ဘာလို့ ပြုတ်ကျသွားတာလဲ”
ဝူချန်ကျွင်းမှာတော့ ကြက်သေသေနေခဲ့လေသည်။ သူသည် တင်ပါးကို နောက်ပစ်ကာ ခန္ဓာကိုယ်ကိုကိုင်းထားဆဲဖြစ်ပြီး အချိန်အတော်ကြာသည်အထိ မတ်တတ်ရပ်မလာခဲ့ပေ။
အခြားသူများသည်လည်း အပြေးအလွှားရောက်ရှိလာကြပြီး ဝူချန်ကျွင်းခေါင်းပေါ်ရှိ ပြောင်နေသော နေရာကိုမြင်တွေ့လိုက်ရသောအခါ အားလုံးမှာ အံ့အားသင့်ကာ စုတ်သပ်လိုက်ကြလေတော့သည်။
တစ်စုံတစ်ဦးက တိုးတိုးလေးပြောလိုက်လေသည်။
“အိုး တပ်စုမှူးဝူခေါင်းပေါ်က ဆံပင်နည်းနည်းလေးတောင် မရှိတော့ဘူးပဲ”
ဝူချန်ကျွင်းသည် ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူ့မျက်နှာတစ်ခုလုံးမှာ မျက်ရည်များ၊ နှပ်ချေးများဖြင့် ပေပွနေခဲ့လေ၏။
*ဝုန်း*
သူ မတ်တတ်ထရပ်လိုက်လေသည်။
လူအများသည် ရုတ်တရက် သူ့လှုပ်ရှားမှုကြောင့် လန့်ဖျပ်သွားကြလေတော့သည်။ ရှန်ဟွိုင်နျန်သည် သူ့အား တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်မျှပင် တောင်းပန်လိုစိတ်မရှိသည့်လေသံဖြင့် စကားဆိုလိုက်လေ၏။
“တောင်းပန်ပါတယ် ရှောင်လီက တပ်စုမှူးရဲ့သင်္ဘောအုပ်စုကြီးကို ဖျက်ဆီးပစ်လိုက်မိလို့”
ဝူချန်ကျွင်းမှာ ဒေါသထွက်လွန်း၍သေချင်စော်ပင် နံသွားခဲ့ရလေသည်။
‘သေလိုက်၊ မင်းတို့အားလုံး သေလိုက်ကြ'
ရှဲ့လီသည် လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုတစ်ခုဖြင့် ရှန်ဟွိုင်နျန်၏ရင်ခွင်ထဲမှ ရုတ်တရက်ရုန်းထွက်လိုက်လေသည်။ သူမသည် လက်ထဲမှ ဆံပင်အနည်းငယ်ကို လွှင့်ပစ်လိုက်ပြီး ကျိန်ဆဲလိုက်လေတော့၏။
“ဘယ်လိုသောက်ဆံပင်မျိုးကို ငါ့လက်ထဲ လာထည့်ပေးနေတာလဲ”
အားလုံးမှာ ဆွံ့အသွားကြလေတော့သည်။ သူမအမြင်တွင် သူမရှေ့၌ ဧရာမမုန်လာဥနီကြီးတစ်လုံးရှိနေသည်ဟု ခံစားနေရလေသည်။ သူမသည် လက်လှမ်းကာ မုန်လာဥနီကြီး၏ခေါင်းကိုဆွဲကိုင်လိုက်ပြီး ဂျိုင်းအောက်တွင်ညှပ်ကာ အတင်းဆွဲနှုတ်လေတော့၏။
“အိုး ဘုရားရေ”
ရှဲ့လီသည် ဝူချန်ကျွင်းခေါင်းကို ဆွဲကိုင်ကာ ဂျိုင်းအောက်တွင်ညှပ်ပြီး ဆွဲနှုတ်နေသည်ကို လူအုပ်ကြီးကမြင်တွေ့လိုက်ကြရလေသည်။
ဝူချန်ကျွင်းမှာ အလွန်တရာဒေါသထွက်သွားခဲ့လေသည်။ ဒေါသထွက်လွန်းသဖြင့် သူ မခံမရပ်နိုင်ဖြစ်သွားခဲ့ရ၏။
ဤအမျိုးသမီးသည် နွားသိုးကဲ့သို့ ကြီးမားသောခွန်အားများ မည်သည့်နေရာမှရရှိလာခဲ့သည်ကို သူမသိသော်ငြား အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးဖြစ်သည့် သူကိုယ်တိုင်ပင် အနည်းငယ်မျှ ရုန်းထွက်၍မရနိုင်အောင်ဖြစ်နေခဲ့လေသည်။
ဤမြင်ကွင်းကိုမြင်တွေ့လိုက်ရသောအခါ အခြားသူများသည် ကူညီရန် အပြေးအလွှားရောက်ရှိလာကြလေသည်။ သူတို့သည် ဝူချန်ကျွင်း၏ခြေကျင်းဝတ်များကို ဆွဲကိုင်လိုက်ကြပြီး ရှဲ့လီနှင့် လွန်ဆွဲပွဲတစ်ခုကိုစတင်ဆင်နွှဲကြလေတော့၏။
ဝူချန်ကျွင်းမှာမူ လွန်ဆွဲပွဲတစ်ခုမှကြိုးတစ်ချောင်းပမာဖြစ်နေခဲ့ပြီး လူအများက နှစ်ဖက်လုံးမှနေ၍ အားကုန်ဆွဲနေကြလေသည်။ တင်းအားကြောင့် သူ့အရိုးများပင် အသံမြည်လာသည်ကို ကြားလိုက်ရပြီး သူ့ခေါင်းမှာလည်း ရှဲ့လီ၏ညှစ်အားကြောင့် ပြတ်ထွက်သွားလုမတတ်ဖြစ်နေခဲ့လေပြီ။ သူ လွတ်မြောက်လိုသော်လည်း မလွတ်မြောက်နိုင်ခဲ့ချေ။
ရှဲ့လီအား မယှဉ်နိုင်သည်ကိုမြင်တွေ့ရသောအခါ လူအများ၏ယှဉ်ပြိုင်လိုစိတ်များ နိုးကြားလာခဲ့လေသည်။ သူတို့သည် အင်္ကျီလက်များကို ခေါက်တင်လိုက်ကြပြီး လူတစ်စုထပ်မံဝင်ရောက်လာကာ အတူတကွပူးပေါင်း၍ အားကုန်ဆွဲကြလေတော့၏။
ဝူချန်ကျွင်းမှာ မျက်စိထဲတွင်ကြယ်တွေလတွေမြင်လာသည်အထိ ဆွဲဆန့်ခံနေရပြီး အရပ်မှာလည်း ငါးစင်တီမီတာခန့်ပင် ရှည်ထွက်သွားခဲ့လေသည်။
ဘေးမှနေ၍ ‘ရှေ့သို့ ရှေ့သို့’ ဟုပင် အော်ဟစ်အားပေးနေသော လူယုတ်မာရှောင်ချီပင်ရှိနေသေးသည်။ အကြိမ်ပေါင်းများစွာ ဆွဲဆန့်ခံရပြီးနောက်တွင် ဝူချန်ကျွင်း၏ကျောရိုးအဆစ်လွဲနေသောရောဂါပင် ရုတ်တရက် ပျောက်ကင်းသွားခဲ့လေ၏။
“အိုး ရပ်လိုက်ကြပါတော့ တပ်စုမှူးဝူ သေတော့မယ်”
ဝူချန်ကျွင်းပါးစပ်မှ အမြှုပ်များထွက်လာသည်ကို တစ်စုံတစ်ဦးကသတိပြုမိသွားခဲ့လေသည်။ လူများသည် အလျင်အမြန်ပင် လက်လွှတ်လိုက်ကြလေသည်။
ရှဲ့လီ၏အမြင်တွင် ယုန်တစ်အုပ်က သူမမုန်လာဥနီအား ခိုးယူရန်ကြိုးစားနေသည်ကို မြင်တွေ့ခဲ့ရသော်လည်း ယခုအခါ ယုန်များမှရပ်တန့်သွားကြပြီဖြစ်သည်။
‘မကောင်းတော့ဘူး’
ရှန်ဟွိုင်နျန်သည် ရှဲ့လီအားအချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပြီးနောက် သူမသည် မှိုကြော်တစ်ပန်းကန်လုံးနှင့် မှိုစွပ်ပြုတ်တစ်ပန်းကန်တို့အား အကုန်အစင်စားသောက်ထားခဲ့သည်ကို ရုတ်တရက်သတိရသွားခဲ့လေသည်။ ရှဲ့လီသည် မှိုဆိပ်သင့်ပြီး ကယောင်ကတမ်းဖြစ်နေခြင်းပင်။
သူသည် စကားတစ်ခွန်းမျှမဆိုတော့ဘဲ ရှေ့သို့လှမ်းထွက်လာကာ ဝူချန်ကျွင်းခေါင်းကို ဖယ်လိုက်ပြီး ရှဲ့လီအားပွေ့ချီကာ အပြင်သို့ပြေးထွက်လာခဲ့လေသည်။
“အားနျန်”
ရှဲ့လီသည် သူ့ရင်ခွင်ထဲတွင်ချွဲနွဲ့လိုက်လေသည်။
‘သူ ငါ့ကိုမှတ်မိနေသေးတာလား'
ရှန်ဟွိုင်နျန်သည် ရှဲ့လီအားချော့မော့ရင်း ဆေးရုံသို့ အပြေးအလွှားသွားခဲ့လေ၏။ ရှဲ့လီသည် သွားများအကုန်ပေါ်သည်အထိ ပြုံးဖြီးဖြီးလုပ်နေခဲ့လေသည်။ သူမ၏အမျိုးသားသည် အလွန်တရာ ချောမောလှပေသည်။