← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

Ch-128

ရှန်ဟွိုင်နျန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့လုပ်ငန်းခွင်သက်တမ်းတစ်လျှောက် အဆိုးရွားဆုံးသောကျရှုံးမှုကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရခြင်းပင်။ သူ့လက်အောက်ငယ်သား ရဲဘော်တလီခွေ့သည် သူ့အမိန့်ကိုဖီဆန်ရုံသာမက သူ့မျက်နှာဆီသို့ မစင်တစ်ပုံကိုပါ ပစ်ပေါက်လိုက်သေးသည်ပင်။ ခေါင်းဆောင်ဖြစ်သူမှာမူ စကားတစ်ခွန်းမျှမဆိုဘဲ ပြုံး၍သာနေလေသည်။

ရှန်ဟွိုင်နျန်မှာ ဒေါသထွက်လွန်းသော်လည်း ပေါက်ကွဲရန်နေရာမရှိဖြစ်နေခဲ့သည်။ အိမ်သို့ ပြန်ရောက်လာချိန်တွင် ဆိုဖာပေါ်၌ လှဲလျောင်းကာ ရုပ်မြင်သံကြားကြည့်ရှုနေသော ချစ်စဖွယ် ရှဲ့လီကိုမြင်တွေ့လိုက်ရသောအခါမှ သူ့ရင်ထဲရှိဒေါသတရားများ အားလုံးသည် လွင့်ပါးပျောက်ကွယ်သွားခဲ့တော့၏။

“အားနျန်”

ယနေ့တွင် သူမသည် ထူးထူးခြားခြား တက်ကြွနေပြီး ရှန်ဟွိုင်နျန်၏ခါးကို ဖက်တွယ်ထားကာလွှတ်ပေးရန် ငြင်းဆန်နေလေသည်။

“ဟီးဟီးဟီး”

သူမသည် သွားများပေါ်သည်အထိပြုံးဖြီးဖြီးဖြင့် ရယ်မောနေခဲ့၏။ ယနေ့ သူမ၏စိတ်အခြေအနေမှာ အလွန်တရာ ကောင်းမွန်နေခဲ့သည်။ ဝံပုလွေအိုတစ်ယောက်အရှက်ကွဲကာ မစင်များဖြင့် ပေကျံနေမည့်ပုံကို တွေးမိလိုက်တိုင်း သူမ ရယ်ချင်နေမိတော့သည်။

ယနေ့ ရှန်ဟွိုင်နျန်သည် မစင်များကို လက်တစ်ဆုပ်စာအပြည့် ကိုင်မိသွားခဲ့ပြီး ဒေါသထွက်စရာများကို ဖြေဖျောက်ရန်နေရာမရှိဖြစ်နေခဲ့သော်ငြား သူ့ရင်ခွင်ထဲ၌ တိုးဝင်ကာရယ်မောနေသော ရှဲ့လီကိုမြင်လိုက်ရချိန်တွင် သူ့စိတ်အခြေအနေမှာ မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ အလိုလိုပြန်လည်ကောင်းမွန်လာခဲ့လေ၏။

ကောင်းမွန်နေသော သူ့စိတ်အခြေအနေသည် ညစာမစားမီ အချိန်အထိသာ ကြာရှည်ခံခဲ့လေသည်။ ချန်ကျွေ့သည် အစားအသောက်များကိုကိုင်ဆောင်ကာ တံခါးလာခေါက်ချိန်တွင် ရှန်ဟွိုင်နျန်မှ တံခါးသွားဖွင့်လိုက်ရာ ချန်ကျွေ့ဖြစ်နေသည်ကိုမြင်သည်နှင့်တစ်ပြိုင်နက် စကားတစ်ခွန်းမျှပင်မဆိုဘဲ တံခါးကိုချက်ချင်းပြန်ပိတ်ပစ်လိုက်တော့သည်။

“ဟေး ဟေး ဟေး”

ချန်ကျွေ့သည် လျင်မြန်ဖြတ်လတ်စွာဖြင့် တံခါးကြားထဲသို့ခြေထောက်တစ်ဖက် အမြန်ထိုးသွင်းကာတားလိုက်လေ၏။

“တပ်မှူးရှန် ဒီလိုကြီး မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်က ခင်ဗျားဆီလာတာမဟုတ်ဘူး၊ ခင်ဗျားမိန်းမဆီလာတာပါ”

ဈေးဝယ်ပြီး အိမ်သို့ပြန်လာသော တိုက်ခန်းတူ မရီးတစ်ဦးသည် ထိုစကားကို အမှတ်မထင်ကြားလိုက်ရသဖြင့် နှာမှုတ်ကာ ရေရွတ်လိုက်လေသည်။

“ဟမ့် ဒီလူငယ်လေးက တကယ်ကိုဆိုးတာပဲ”

အခန်းထဲမှ ရှဲ့လီသည် အသံကြားသဖြင့်ထွက်လာခဲ့လေသည်။ ရှဲ့လီလာနေသည်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ချန်ကျွေ့သည် တံခါးကြားတွင်ညပ်နေသော သူ့ခြေထောက်ကိုကိုင်ကာ ချက်ချင်းပင် ဟန်ဆောင်ပန်ဆောင် ငိုယိုပြလေတော့၏။

“အာ့ တပ်မှူးရှန် ဘာလုပ်တာလဲဗျ အရမ်းနာတာပဲ ဝူး... ဝူး... ဝူး... ရှောင်လီ မင်းပဲ တရားသူကြီးလုပ်ပေးပါဦး၊ ငါက မင်းဆီမေးစရာလေးရှိလို့လာတာကို တပ်မှူးရှန်က ငါ့ခြေထောက်ကို တံခါးနဲ့ညှပ်ပစ်တာပဲ”

ရှန်ဟွိုင်နျန်မှာမူ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။ ရှဲ့လီ စကားတစ်ခွန်းမျှမဆိုနိုင်မီမှာပင် ရှန်ဟွိုင်နျန်က တံခါးကို ဖွင့်ချလိုက်လေ၏။ ဒုန်းဟူသော အသံနှင့်အတူ တံခါးသည် ရှန်ဟွိုင်နျန်၏နဖူးကို တိုက်ရိုက်သွားဆောင့်မိလေတော့သည်။

“အား”

သူသည် အနောက်သို့ဆက်တိုက်ဆုတ်သွားပြီးနောက် ရှဲ့လီအပေါ်သို့ အချိုးကျလှပစွာဖြင့် မတော်တဆ တမင်သက်သက် လဲကျသွားလေတော့၏။ ချန်ကျွေ့မှာ ဆွံ့အသွားခဲ့ရလေသည်။

“ရှောင်လီ တပ်မှူးချန်က တံခါးကိုအားနဲ့ တွန်းလိုက်တာမဟုတ်ပါဘူး၊ ကိုယ်က သေချာမထိန်းနိုင်ခဲ့လို့ပါ”

ရှန်ဟွိုင်နျန်သည် ခေါင်းငုံ့ကာသနားစဖွယ်အမူအရာဖြင့် စကားဆိုလိုက်လေသည်။

‘အိုး ဘုရားရေ'

ရှဲ့လီမှာ အလွန်တရာဝမ်းသာလုံးဆို့သွားခဲ့ရလေသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို သူမအလွန်သဘောကျလေသည်။

သူမ၏ အလိုလိုက်ခံ အချစ်ပိုခံလိုသော ခင်ပွန်းငယ်လေးပင်။

“ချန်ကျွေ့ နင် သေချင်နေတာလား၊ ဘာလို့ ငါ့ရဲ့အားနျန်ကို အဲဒီလောက်အားကြီးနဲ့ စောင့်တွန်းရတာလဲ လာ လာ အားနျန် စိတ်မကောင်းမဖြစ်နဲ့နော်၊ ကျွန်မ မှုတ်ပေးမယ်”

ရှန်ဟွိုင်နျန်သည် လိမ္မာရေးခြားရှိစွာဖြင့် ခေါင်းငုံ့ပေးလိုက်ပြီး ရှဲ့လီက သူ့နဖူးလေးကို ညင်သာစွာမှုတ်ပေးနေလေသည်။ ချန်ကျွေ့သည် မြေပြင်ပေါ်တွင်ထိုင်လျက် ထိုနှစ်ဦးဇာတ်လမ်းဆင်ကာ ပျော်ရွှင်နေကြသည်ကို ကြည့်ရှုနေရလေတော့သည်။

သူသည် ခြေတံရှည်ကြီးကို တိတ်တဆိတ် ဆန့်ထုတ်လိုက်ပြီး ရှဲ့လီ၏ပါးစပ်နားသို့ ခြေထောက်ကို မြှောက်တင်ကာ တောင်းဆိုလိုက်လေ၏။

“ငါ့ကိုလည်း မှုတ်ပေးပါဦး”

“နင့်အဖေကို သွားမှုတ်ခိုင်းလေ ထွက်သွားစမ်း”

“ကောင်းပါပြီ”

‘ဝူး... ဝူး... ဝူး...’

တကယ့်ကို ရိုင်းစိုင်းလွန်းလှသည်။

ချန်ကျွေ့သည် ရှန်ဟွိုင်နျန်အား စူးရဲရဲ စိုက်ကြည့်လိုက်ရာ ထိုလူလည်ကြီး၏ မြေခွေးမျက်လုံးအစုံမှာ တောက်ပနေပြီး ထိုမျက်ဝန်းနက်များထဲတွင် ဖုံးကွယ်မထားနိုင်သော အောင်နိုင်သူအပြုံးများပြည့်နှက်နေသည်ကိုမြင်တွေ့လိုက်ရလေသည်။

‘သောက်ကျိုးနည်း ဒီသေသင့်တဲ့ကောင်က တကယ်ကိုဟန်ဆောင်ကောင်းလွန်းတာပဲ'

ချန်ကျွေ့သည် သူ့လောက်ဟန်ဆောင်မကောင်းသည့် မိမိကိုယ်ကိုသာ အပြစ်တင်ရင်း ဟန်ဆောင်ခြင်းကို ရပ်တန့်ကာ မတ်တတ်ထရပ်လိုက်လေ၏။

“ရှောင်လီ၊ ငါ မနက်ဖြန် တုန်းချန်ကို သွားရမှာ၊ လဝက်လောက်ကြာလိမ့်မယ်၊ အဲဒီအချိန်အတွင်း ဦးလေးနဲ့ အန်တီက ဒီမှာပဲနေခဲ့မှာဆိုတော့ သူတို့ကို သေချာဂရုစိုက်ပေးပါဦး”

ရှဲ့လီ ခေါင်းညိတ်ပြလိုက်လေသည်။ သို့သော် သူမစိတ်ထဲတွင်မူ တွက်ချက်မှုများ စတင်နေခဲ့ပြီဖြစ်သည်။ ဝံပုလွေအို ပြောဆိုခဲ့သော ‘ဆက်လက်စောင့်ကြည့်စုံစမ်းပါ’ဆိုသည်မှာ ချန်ကျွေ့အား ပိုနားလည်အောင်လေ့လာပြီး စုံစမ်းစစ်ဆေးရမည်ဟု ဆိုလိုခြင်းပင်။

အပေါ်ယံ သတင်းအချက်အလက်များကို စစ်တပ်မှ သေချာပေါက်ရရှိထားပြီးဖြစ်ရာ စောင့်ကြည့်စုံစမ်းခြင်းဆိုသည်မှာ သူ့အနားသို့ချဉ်းကပ်ရန် အခွင့်အရေးရှာပြီး သူ့အားအနီးကပ်လေ့လာစောင့်ကြည့်ကာ အားနည်းချက်တစ်စုံတစ်ရာ ရှိမရှိကိုရှာဖွေရမည်ဟု ဆိုလိုခြင်းပင်။ ရှဲ့လီအမြင်တွင် ချန်ကျွေ့၌ မည်သည့်ပြဿနာမျှရှိပုံမရချေ။ သို့သော် အဖွဲ့အစည်းမှ ပေးအပ်ထားသောတာဝန်ကိုတော့ ပြီးမြောက်အောင် ထမ်းဆောင်ရမည်သာပင်။

“ရှောင်လီလေး ငါ့ကို အရမ်းကြီးမလွမ်းနေနဲ့ဦးနော်”

ချန်ကျွေ့သည် ထပ်မံဟန်လုပ်ပြောဆိုပြန်ရာ ရှဲ့လီမှာ သူ့အားအပြင်သို့ကန်ထုတ်ပစ်လိုက်လေသည်။ သူမသည် ခေါင်းလှည့်ကာ ရှန်ဟွိုင်နျန်အား ခိုင်မာပြတ်သားသောအကြည့်များဖြင့် ကြည့်ရင်း ချွဲနွဲ့လိုက်လေသည်။

“အားနျန် ကျွန်မ သူ့ကိုမကြိုက်ဘူး၊ ကျွန်မရဲ့နှလုံးသားက ရှင့်အတွက်ချည်းပါပဲ၊ မိုင်ပေါင်းတစ်သိန်းရှစ်သောင်းလောက် တိုက်ခတ်နေတဲ့ လေပြည်လေးလိုပဲ ရှင့်ကိုအရမ်းချစ်တယ်”

ရှဲ့လီသည် ရှန်ဟွိုင်နျန်ဘေးတွင် လှည့်ပတ်ရင်း ရင်ခုန်ဖွယ်အချစ်စကားများ ပြောနေခဲ့လေ၏။ ရှန်ဟွိုင်နျန် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်လေသည်။ သူသည် သူမအား သေမတတ် အလိုလိုက်အချစ်ပိုနေမိတော့သည်။ သူသည် ရှဲ့လီ၏ဖမ်းစားမှုအောက်တွင် လုံးဝကိုကျရှုံးသွားခဲ့ရလေပြီ။

All Chapters