← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

Ch-129

နောက်တစ်နေ့တွင် ရှဲ့လီသည် ချန်ကျွေ့နှင့်အတူ တုန်းချန်သို့လိုက်ပါသွားရန် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနထံမှ အကြောင်းကြားစာ လက်ခံရရှိခဲ့လေသည်။

ရှဲ့လီသည် စိုးရိမ်တကြီးဖြင့် ခေါင်းကုတ်လိုက်မိသည်။ ဤတာဝန်မှာ ရုတ်တရက်ဆန်လွန်းလှရာ သူမအနေဖြင့် လဝက်ခန့် ခရီးရှည်ထွက်ရမည်ဆိုသည်ကို ရှန်ဟွိုင်နျန်အား မည်သို့ပြောပြရမည်နည်း။

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် သူမအတွက် ရထားလက်မှတ်ကိုပင် ဝယ်ယူထားပေးပြီး ချန်ကျွေ့နှင့်တွဲတစ်ခုတည်းတွင် နေရာချထားပေးခဲ့လေသည်။

ရှဲ့လီတစ်ယောက် လျူကျောက်တိအား အကူအညီတောင်း၍ ဖုံးကွယ်ခိုင်းရန် စဉ်းစားနေဆဲမှာပင် ရှန်ဟွိုင်နျန်က သူမထက် အရင်ဦးအောင်စကားစလာခဲ့လေသည်။ သူသည် လဝက်ခန့် ကြာမြင့်မည့် တာဝန်တစ်ခုရှိနေသည်ဟူ၍ပင်။ ဤသည်မှာ တကယ့်ကို အချိန်ကိုက်ပင်ဖြစ်တော့သည်။

“အားနျန် ဂရုစိုက်သွားနော်”

ရှဲ့လီသည် သူ့အပေါ် ချွဲနွဲ့ကာဂရုစိုက်ပြနေလေရာ ရှန်ဟွိုင်နျန်က လက်မြှောက်ကာ သူမဆံပင်လေးများကို ပွတ်သပ်ပေးလိုက်လေသည်။

“ဒီတာဝန်က အန္တရာယ်မရှိပါဘူး၊ ပင်လယ်ပြင်မှာလည်းမဟုတ်ဘူး”

ရှဲ့လီသည် သေချာဂရုတစိုက်နားမထောင်ခဲ့ချေ။ ရှန်ဟွိုင်နျန် ထွက်သွားပြီးနောက် သူမသည် အဝတ်အစားသေတ္တာကို အလျင်အမြန်ဆွဲထုတ်ကာ ပစ္စည်းအနည်းငယ်အား ထုပ်ပိုးလိုက်ပြီး ဖန်းတာဖုနှင့် လျူကျောက်တိတို့အား နှုတ်ဆက်ကာ ဘူတာရုံသို့ အပြေးအလွှားထွက်ခွာလာခဲ့လေတော့သည်။

ချန်ကျွေ့သည် အထူးတန်းအိပ်စင်တွဲတွင်လိုက်ပါမည်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက သူတို့အား တစ်တွဲတည်း အတူရှိနေစေရန် အထူးတလည် စီစဉ်ပေးထားခဲ့လေသည်။

အခန်းတစ်ခန်းလျှင် အိပ်စင်လေးခုပါဝင်ပြီး တစ်ဖက်လျှင် အပေါ်အောက် နှစ်ဆင့်စီရှိလေ၏။ ရှဲ့လီသည် ချန်ကျွေ့ထက်စော၍ အခန်းထဲသို့ဝင်ရောက်လာခဲ့ပြီး သူမနေရာမှာ ဘယ်ဘက်အပေါ်ထပ် အိပ်စင်ဖြစ်လေသည်။

သူမ အပေါ်သို့တက်လိုက်သည်နှင့်တစ်ပြိုင်နက် ချန်ကျွေ့တစ်ယောက် သေတ္တာဆွဲကာ ဝင်လာသည်ကိုမြင်တွေ့လိုက်ရလေသည်။

ရှဲ့လီသည် စောင်ဖြင့် မျက်နှာကို အလျင်အမြန်ဖုံးအုပ်ထားလိုက်ပြီး စိတ်ထဲမှနေ၍ အထက်လူကြီးများကို ကျိန်ဆဲနေမိတော့၏။

ဤတာဝန်မှာ ဝံပုလွေအိုထံမှ အကြောင်းကြားခြင်းမဟုတ်ဘဲ အထက်လူကြီးများထံမှ တိုက်ရိုက်အမိန့်ဖြစ်ရာ ဝံပုလွေအိုတစ်ယောက် သူမ၏လှုပ်ရှားမှုကို သိရှိနိုင်မည်မဟုတ်ချေ။

ချန်ကျွေ့သည် သူ့သေတ္တာကို သိမ်းဆည်းလိုက်ပြီး အနားယူရန်အတွက် အိပ်စင်ပေါ်တွင် လှဲလျောင်းနေလိုက်လေသည်။ ရထား စတင်ထွက်ခွာတော့မည့်အချိန်တွင် အခန်းတံခါးမှာ နောက်တစ်ကြိမ်ပွင့်လာခဲ့ပြန်သည်။

ရှဲ့လီသည် လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် စောင်စွန်းလေးကို မကာ အပြင်သို့ ခိုးကြည့်လိုက်လေ၏။ သူမ အလွန်တရာရင်းနှီးကျွမ်းဝင်နေသော ချောမောသည့်မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

သူမ၏ချစ်လှစွာသော ခင်ပွန်း၊ ရဲဘော်ရှန်ဟွိုင်နျန်တစ်ယောက် လန်းဆန်းတက်ကြွစွာဖြင့် အခန်းထဲသို့ဝင်ရောက်လာခဲ့ခြင်းပင်ဖြစ်တော့သည်။

‘ဟားဟားဟားဟားဟား’

ရှဲ့လီတစ်ယောက် လုံးဝကိုရူးသွပ်သွားခဲ့ရလေပြီ။ သူမသည် နေရာတွင်ပင် ဒစ္စကိုအက ကပြချင်စိတ်များပေါက်လာခဲ့လေသည်။ ဤသည်မှာ တကယ်ကို ပျော်စရာကောင်းလွန်းလှ၏။

‘ဟားဟား’

သူမ သေချင်စိတ်ပင်ပေါက်သွားခဲ့ရလေတော့သည်။ ရှန်ဟွိုင်နျန်မှာ သူ့တွင်တာဝန်တစ်ခုရှိပြီး ပင်လယ်ပြင်တွင်မဟုတ်ကြောင်း ပြောခဲ့သည်ကို ပြန်လည်သတိရသွားလေသည်။

ယခု သူမ ဘာလုပ်သင့်သနည်း။

ရှန်ဟွိုင်နျန်သိသွားခြင်းကို ခံရရန်မဆိုထားနှင့် ချန်ကျွေ့သိသွားလျှင်ပင် သူမအား နောက်ယောင်ခံလိုက်နေသော အရူးတစ်ဦးဟု ထင်မှတ်သွားမည်မှာ အသေအချာပင်။

“အိုး တိုက်ဆိုင်လိုက်တာ၊ တပ်မှူးရှန်မှာလည်း တာဝန်ရှိတာလား”

ချန်ကျွေ့က ရှန်ဟွိုင်နျန်အားမြင်တွေ့သွားပြီးနောက် နှုတ်ဆက်လိုက်ရာ ရှန်ဟွိုင်နျန်က ခေါင်းညိတ်ပြလိုက်လေသည်။

“အင်း”

“အိုး အေးစက်လှချည်လား၊ ရှောင်လီက ရေခဲတုံးလိုအေးစက်နေတဲ့ ယောကျ်ားတွေကို မကြိုက်ဘူးနော်”

ရှဲ့လီသည် အပေါ်ထပ်အိပ်စင်ပေါ်တွင် စောင်ခြုံထားရင်း တဆတ်ဆတ်တုန်ရီနေခဲ့လေသည်။ သေဆုံးနေပြီဖြစ်၍ မနှောင့်ယှက်ပါနှင့်ဟူသော ဆိုင်းဘုတ်ပင် ချိတ်ဆွဲထားချင်နေမိ၏။

“ရှောင်လီက လူရမ်းကားတွေကိုလည်း မကြိုက်ပါဘူး”

ရှန်ဟွိုင်နျန်သည် တည်ငြိမ်စွာပင် တန်ပြန်တိုက်ခိုက်လိုက်လေသည်။

ချန်ကျွေ့မှာ ဆွံ့အသွားခဲ့ရလေသည်။

‘သောက်ခွေးကောင်’

ရှဲ့လီမှာ အလွန်တရာစိတ်လှုပ်ရှားလွန်းသဖြင့် ကြို့ထိုးလာခဲ့လေတော့၏။

“ဂစ် ဂစ် ဂစ် ဂစ်”

ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့မှာ နားမလည်နိုင်ဖြစ်သွားကြလေသည်။ သူတို့နှစ်ဦးလုံးအပေါ်သို့ မော့ကြည့်လိုက်ရာ စောင်ခြုံထားသော အပေါ်ထပ်အိပ်စင်မှ လူတစ်ဦးမှာ တဆတ်ဆတ်တုန်ယင်ကာ တဂစ်ဂစ်အော်နေသည်ကို တွေ့လိုက်ကြသည်။

ရှဲ့လီသည် လုံးဝထိန်းချုပ်၍မရနိုင်တော့ချေ။ ကြို့မထိုးရန် ကြိုးစားလေလေ၊ ပို၍ကြို့ထိုးလေလေဖြစ်ပြီး ကြို့ထိုးလိုက်တိုင်း သူမခန္ဓာကိုယ်မှာ တဆတ်ဆတ်လိုက်ပါတုန်ယင်နေခဲ့လေသည်။ ချန်ကျွေ့သည် ခေါင်းကုတ်ကာ လှမ်းမေးလိုက်လေ၏။

“ဟေး ညီအစ်ကို၊ ခင်ဗျားရဲ့စောင်ထဲမှာ ကြက်ဖကြီးတစ်ကောင် ဝှက်ထားတာလား”

ရှဲ့လီမှာ စကားပင်မဆိုနိုင်တော့ချေ။

‘သောက်ခွေးကောင်’

ရှန်ဟွိုင်နျန်သည် စကားတစ်ခွန်းမျှမဆိုတော့ဘဲ အိပ်စင်ပေါ်တွင် လှဲလျောင်းလိုက်လေသည်။ ရှဲ့လီသည် ရှန်ဟွိုင်နျန်၏အပေါ်ထပ်အိပ်စင်တွင် ရှိနေခြင်းပင်။

“ဂစ် ဂစ် ဂစ် ဂစ်”

ရှဲ့လီမှာ ယခုတိုင်အောင် ရပ်တန့်၍မရနိုင်သေးချေ။ ချန်ကျွေ့သည် ကြင်နာစွာဖြင့် အနားသို့လျှောက်လာပြီး ရှဲ့လီအား ပုတ်ကာ ပြောလိုက်လေသည်။

“ညီအစ်ကို ဒီရထားတွဲထဲမှာတော်တော်လေးပူတယ်ဗျ၊ အထဲမှာ အသက်ရှူကြပ်မသေစေနဲ့၊ ခေါင်းလေးတော့ဖော်ထားလိုက်ပါ”

ရှဲ့လီမှာ စိတ်ထဲမှအော်ဟစ်နေမိတော့သည်။

‘ထွက်သွားစမ်း အရူးကောင်'

“ဂစ် ဂစ် ဂစ် ဂစ်”

ချန်ကျွေ့သည် ခဏမျှစဉ်းစားလိုက်ပြီးနောက် လက်လှမ်းကာ ရှဲ့လီ၏စောင်ကို ဆွဲယူလိုက်လေ၏။

“ခင်ဗျားရဲ့စောင်ထဲမှာ ကြက်ဖကြီးတစ်ကောင် ဝှက်ထားသလားဆိုတာကို ကျွန်တော် တစ်ချက်လောက်ကြည့်ပါရစေဦး”

ရှဲ့လီမှာမူ ကြက်သေသေသွားလေတော့သည်။

All Chapters