အခန်း ၁၃၀
Vol. 13 Ch. 130
Ch-130
ချန်ကျွေ့သည် ရှဲ့လီ၏ စောင်ကို ဆုပ်ကိုင်ကာ အားကုန်ဆွဲလိုက်လေသည်။ ချန်ကျွေ့မှာ နားမလည်နိုင်ဖြစ်သွားခဲ့ရ၏။
“ခွန်အားက မသေးပါလား”
သူ့ယှဉ်ပြိုင်လိုစိတ်များ နိုးကြားလာကာ စောင်ကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အစွမ်းကုန် အားယူဆွဲလိုက်လေတော့၏။ သို့သော် စောင်မှာ တစ်လက်မမျှပင် မရွေ့ခဲ့ချေ။
သူသည် အောက်ထပ်အိပ်စင်တွင် လှဲလျောင်းကာ လှောင်ပြုံးပြုံးနေသော ရှန်ဟွိုင်နျန်အား တစ်ချက်ကြည့်လိုက်လေသည်။ သူ လုံးဝအရှုံးမပေးနိုင်ပေ။
ရုတ်တရက်ဆိုသလို ပြိုင်ဆိုင်လိုစိတ်များထွက်ပေါ်လာပြီး အရူးတစ်ယောက်ကဲ့သို့ ရှဲ့လီ၏စောင်ကို အရူးအမူးဆွဲနေလေတော့သည်။ ရှဲ့လီမှာ ဆွံ့အသွားခဲ့ရလေ၏။
‘နင် ရူးနေပြီလား'
ဤပြဿနာကို အမြန်အဆုံးသတ်ရန်အတွက် ရှဲ့လီသည် လက်မြှောက်ကာ ချန်ကျွေ့၏လက်သန်းကို လက်သီးဖြင့် ထိုးချလိုက်လေတော့သည်။
“အား”
သူမ မျှော်လင့်ထားသည့်အတိုင်းပင်။ လွှတ်လိုက်လေပြီ။ ရှဲ့လီသည် စောင်ကို တင်းကျပ်စွာပတ်ထားပြီး ခေါင်းကို ဖုံးအုပ်ထားလိုက်လေသည်။
“တပ်မှူးချန် ရူးသွားတာလား၊ အရင်ဆုံး သူများစောင်ကို ဆွဲတယ်၊ အခုကျတော့ ဘရိတ်ဒန့်စ်ကနေပြန်ပြီ ဘာလဲ၊ တပ်မှူးချန် ရထားတစ်ခါမှ မစီးဖူးဘူးလား၊ ပထမဆုံးအကြိမ်မလို့ အရမ်းစိတ်လှုပ်ရှားနေတာလား”
ရှန်ဟွိုင်နျန်သည် ပြုံးတုံ့တုံ့ဖြင့် စကားဆိုလိုက်လေသည်။ ချန်ကျွေ့သည် အံကြိတ်လိုက်ပြီး ရှန်ဟွိုင်နျန်ကို နာကြည်းစွာဖြင့် စိုက်ကြည့်လိုက်လေ၏။
‘တကယ်ကို အဆိပ်ပြင်းတာပဲ'
ချန်ကျွေ့သည် ခေတ္တမျှငြိမ်သက်သွားပြီး သူ့လက်သန်းသူကိုင်ကာ အချိန်အတော်ကြာအောင် အသံမထွက်ဘဲနေခဲ့လေသည်။ ရှဲ့လီ သက်ပြင်းတစ်ချက် ချလိုက်လေ၏။ ရထားတွဲတာဝန်ခံ လက်မှတ်လာစစ်သည့်အချိန်အထိ ရထားတွဲအတွင်း၌ တိတ်ဆိတ်သွားခဲ့လေ၏။
ရှဲ့လီသည် ထပ်မံစိုးရိမ်ပူပန်လာခဲ့ပြန်သည်။ သူမသည် လက်မှတ်ကို ထုတ်ယူကာ စောင်ကိုအနည်းငယ်ဟလိုက်ပြီး အပြင်သို့ခိုးကြည့်လိုက်လေသည်။
အထူးတန်းအိပ်စင်တွဲရှိ လက်မှတ်စစ်များသည် အတော်လေးယဉ်ကျေးပျူငှာကြလေ၏။ ရထားတွဲတာဝန်ခံသည် ရှဲ့လီကုတင်နားသို့ရောက်ရှိလာချိန်တွင် စကားပင်မဆိုရသေးမီမှာပင် ရှဲ့လီသည် ရုတ်တရက်စောင်ဟကာ ရထားတွဲတာဝန်ခံအား စောင်ထဲသို့ဆွဲသွင်းလိုက်လေသည်။
သူမသည် လက်မှတ်ကို ရထားတွဲတာဝန်ခံ၏မျက်နှာတွင် ကပ်၍ပြသလိုက်ပြီးနောက် သူ့ကိုစောင်ထဲမှနေ၍ ပြန်တွန်းထုတ်လိုက်လေ၏။ ရထားတွဲတာဝန်ခံမှာ ကြက်သေသေသွားခဲ့ရလေသည်။
သူမသည် ဤမျှလောက်အဓိပ္ပာယ်မရှိသော ခရီးသည်မျိုးကို တစ်ခါမျှမမြင်တွေ့ဖူးခဲ့ချေ။ ဤလုပ်ရပ်သည် ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်နှစ်ဦးလုံး၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေသည်။
အကယ်၍ ရှဲ့လီသာ စောစောကစောင်အောက်တွင် ငြိမ်ငြိမ်လေးနေခဲ့ပါက သူတို့နှစ်ဦးလုံး များများစားစား တွေးတောမိမည်မဟုတ်သော်လည်း ယခုမူ သူတို့နှစ်ဦးသည် ကိုယ်ရေးကိုယ်တာ မကျေနပ်မှုများကို ယာယီဖယ်ထားလိုက်ပြီး တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။
ထိုသူသည် ရန်သူ့သူလျှိုတစ်ဦးဖြစ်ရန် အလွန်ဖြစ်နိုင်ချေများကြောင်း သူတို့ ကောက်ချက်ချလိုက်ကြလေ၏။ အကယ်၍ ရန်သူ့သူလျှိုမဟုတ်ခဲ့လျှင်တောင်မှ သူသည်မကောင်းမှုတစ်ခုခုကို ကြံစည်နေသည်မှာ အသေအချာပင်။ သို့မဟုတ်ပါက မည်သည့်အတွက်ကြောင့် ဤမျှလောက်လျှို့ဝှက်နေရသနည်း။
ရှန်ဟွိုင်နျန်သည် ဤကဲ့သို့သော ကိစ္စများနှင့် ပတ်သက်၍ အာရုံခံစားမှုထက်မြက်သူတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ခေါင်းဆောင်များ၏ တိုက်ရိုက်အမိန့်အရ ချန်ကျွေ့အားစောင့်ကြည့်ရန် ရောက်ရှိနေခြင်းဖြစ်သည်။
ဤတစ်ကြိမ်တွင် သူသည် တစ်ကိုယ်တည်း ခရီးသွားနေခြင်းဖြစ်ပြီး အထက်လူကြီးများက ရဲဘော်တလီခွေ့အား သူနှင့်အတူလိုက်ပါရန် စီစဉ်မပေးထားခဲ့ချေ။
ချန်ကျွေ့၏တုန်းချန်ခရီးစဉ်မှာ စစ်တပ်မှ စီစဉ်ပေးထားသောတာဝန်တစ်ခုဖြစ်သည်။ ရှန်ဟွိုင်နျန်သည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏အမိန့်ကို နာခံကာ စစ်တပ်သို့လျှောက်ထားပြီး ချန်ကျွေ့နှင့်အတူ ဤတာဝန်တွင်လိုက်ပါခွင့် ရရှိခဲ့ခြင်းပင်။
အပြင်ပန်းအားဖြင့် သူသည် တပ်မှူးရှန်ဖြစ်သော်ငြား တကယ်တမ်းတွင်မူ သူသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ဝံပုလွေအိုဖြစ်ပြီး ချန်ကျွေ့၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ခြင်းခံထားရသူ ဖြစ်သည်။
မည်သည့်သဲလွန်စမျှလွတ်မသွားစေရန်အတွက် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် ရဲဘော်တလီခွေ့အား နောက်ကွယ်မှနေ၍ လိုက်ပါရန်လည်း စီစဉ်ပေးထားခဲ့လေသည်။ သို့သော် ရထားလက်မှတ်ဝယ်ယူရာတွင် တာဝန်ခံသူများ မတူညီကြသဖြင့် ကံကြမ္မာ၏လှည့်စားမှုကြောင့် ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့ တစ်တွဲတည်းတွင် အတူတကွနေရာချထားခံလိုက်ရခြင်းဖြစ်လေ၏။
ယခုအချိန်၌ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ခေါင်းဆောင်ပိုင်းသည် ထိုတာဝန်ခံအား သေမတတ်ကျိန်ဆဲနေကြပြီဖြစ်သည်။ ရှဲ့လီတစ်ယောက် အခြေအနေအရကြည့်ကြပ်၍ ဖြေရှင်းနိုင်ရန်သာ သူတို့မျှော်လင့်နိုင်တော့သည်။
ရှဲ့လီမှာမူ ယခုအခါ ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့၏စောင့်ကြည့်ခြင်းကိုခံနေရလေပြီ။ ထိုသူသည် စောင်ဖြင့်ပတ်ထားလျက် ထမင်းမစား၊ ရေမသောက်၊ အိမ်သာမသွားဘဲ အချိန်အကြာကြီးနေနိုင်မည်မဟုတ်ကြောင်း သူတို့နှစ်ဦးလုံး သေချာပေါက် သိရှိထားကြလေသည်။
သူတို့သည် တစ်လှည့်စီစောင့်ကြည့်နေကြလေသည်။ ရှဲ့လီမှာမူ သေချင်စိတ်ပင် ပေါက်နေခဲ့လေပြီ။ သူမသည် ခြင်တစ်ကောင်အဖြစ်ပြောင်းလဲကာ ယခုချက်ချင်း အပြင်သို့ပျံထွက်သွားမည်ဆိုလျှင်ပင် ဤအမျိုးသားနှစ်ဦး၏ ရိုက်သတ်ခြင်းကို ခံရမည်မှာ အသေအချာပင်။
*ဒေါက် ဒေါက် ဒေါက်*
ရထားတွဲတာဝန်ခံသည် တံခါးကို အသာခေါက်လိုက်လေသည်။
“အရာရှိတို့ ထမင်းဘူးယူဦးမလားရှင့်”
ဤခေတ်တွင် အထူးတန်းအိပ်စင်ကို ဝယ်ယူစီးနင်းနိုင်သူများမှာ သာမန်အဆင့်အတန်းရှိသူများမဟုတ်ကြချေ။ အထူးတန်းအိပ်စင်တွဲများတွင် ဝန်ဆောင်မှုပေးသော ရထားတွဲတာဝန်ခံများသည် သာမန်ရထားတွဲများတွင်ကဲ့သို့ “မြေပဲ၊ ဖရဲစေ့၊ ရေသန့်၊ ထမင်းဘူးများ” ဟု အသံကုန်ဟစ်၍ အော်ခေါ်လေ့မရှိကြပေ။
*ဂွီ*
အပေါ်ထပ်အိပ်စင်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလေ၏။
‘အပေါ်ကလူ ဗိုက်ဆာနေပြီ'
တစ်ဖက်တွင် မြေခွေးမျက်လုံးအစုံမှာ ကွေးညွှတ်သွားပြီး အခြားတစ်ဖက်တွင် ဖီးနစ်မျက်လုံးအစုံမှာ မြင့်တက်သွားကာ သူတို့နှစ်ဦးလုံး ပြိုင်တူစကားဆိုလိုက်ကြလေသည်။
“ဟုတ်ကဲ့၊ ကျွန်တော်တို့ နှစ်ဘူးယူမယ်”
အစားအစာရနံ့သည် ရှဲ့လီ၏နှာခေါင်းထဲသို့ တိုးဝင်လာခဲ့လေသည်။ သူမသည် နံနက်စာပင်မစားရသေးသဖြင့် အလွန်အမင်း ဗိုက်ဆာနေခဲ့လေပြီ။ ရှဲ့လီသည် သူမနေရာလွတ်လေးကို ပြန်တွေးကြည့်လိုက်လေသည်။
ထိုနေရာလေးသည် ရွှေ၊ ငွေ၊ ရတနာများဖြင့် ပြည့်နှက်နေသော်ငြား အစားအစာထည့်သွင်းထားရန် သူမ မေ့လျော့နေခဲ့လေသည်။ နောက်တစ်ကြိမ်တွင် ဤကိစ္စကိုသေချာပေါက် သတိပြုရပေမည်။