အခန်း ၁၃၃
Vol. 14 Ch. 133
Ch-133
ရှဲ့လီသည် အော်ဟစ်ငိုယိုရင်းဒဏ်ရာရနေသော ဘယ်ဘက်ခြေထောက်ကိုဂရုမစိုက်နိုင်တော့ဘဲ ကုန်းရုန်းထကာ အပြေးအလွှား ထွက်ပြေးလေတော့၏။
‘ဒီနှစ်ယောက်က တော်တော်ခက်မှန်းသိထားပေမယ့် ဒီလောက်တောင် အခြေအနေဆိုးလိမ့်မယ်လို့ ငါထင်မထားခဲ့မိဘူး'
သူမက ပြေးလိုက်၊ သူတို့က လိုက်ဖမ်းလိုက်ဖြင့် ပိုမိုဆိုးရွားလာတော့သည်။
ရှဲ့လီသည် အစွမ်းကုန်ပြေးလွှားနေခဲ့သည်။ ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့သည်လည်း အစွမ်းကုန်ပြေးလွှားနေခဲ့ကြသည်။ သူတို့သည် တောင်ကျချောင်းများ၊ မြစ်များ၊ တောရိုင်းများ၊ မြို့ငယ်လေးများနှင့် လူအုပ်ကြီးများကိုဖြတ်သန်းကာ သူတို့ခြေထောက်နှစ်ချောင်းဖြင့် ခရိုင်မြို့တော်အထိ အရောက်ပြေးနိုင်ခဲ့ကြလေ၏။။စစ်တုရင်ကစားနေသော အဘိုးအိုတစ်ဦးက သက်ပြင်းချလိုက်လေသည်။
“ဝိုး ဒီလူငယ်လေးတွေ တကယ့်ကိုခံနိုင်ရည်ကောင်းတာပဲ”
“ဟူး ဟဲ... ဟဲ ဟဲ... ဂစ်ဂစ်...”
ရှဲ့လီသည် ပျက်နေသောလေမှုတ်တံတစ်ခုပမာ တဂစ်ဂစ်မြည်နေပြီး သူမအဆုတ်များ ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရလေသည်။
သူမ သေရပေတော့မည်။
ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့သည်လည်း အသိစိတ်များ လွတ်ကင်းနေကြလေပြီ။
အစက ရှဲ့လီအားလိုက်လံဖမ်းဆီးရာမှ နောက်ဆုံးတွင် သူတို့နှစ်ဦး အချင်းချင်း အပြိုင်အဆိုင်ပြေးလွှားနေကြလေတော့သည်။
ရှဲ့လီသည် ဆက်မပြေးနိုင်တော့ချေ။ ဖြစ်ချင်ရာဖြစ်တော့ဟုသာ သဘောထားလိုက်တော့သည်။ သူမ ရပ်တန့်လိုက်၏။
သူမ နောက်သို့လှည့်မကြည့်ရသေးမီမှာပင် ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့ သူမဘေးမှ လေတိုက်သကဲ့သို့ဖြတ်ပြေးသွားကြလေ၏။ ရှဲ့လီ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
‘ဒီနှစ်ယောက်က ချန်ပီယံဆုကို ဘယ်သူရမလဲဆိုပြီး မီတာတစ်ရာအပြေးပြိုင်ပွဲမှာယှဉ်ပြိုင်နေတဲ့ တာရှည်အပြေးသမားတွေနဲ့ တစ်ပုံစံတည်းပါလား'
‘သူတို့ ငါ့ကိုလိုက်မဖမ်းကြတော့ဘူးလား'
‘သူတို့...အချင်းချင်း ပြိုင်နေကြတာလား’
ရှဲ့လီသည် နောက်လှည့်ကာပြေးလွှားလေတော့သည်။ မလှမ်းမကမ်းတွင် ခြေတံရှည်များဖြင့် ယန်ဂိုအက ကနေသောအဖွဲ့တစ်ဖွဲ့ကို မြင်တွေ့လိုက်ရသဖြင့် လူအုပ်ထဲသို့တိုးဝင်ကာ ရောနှောနေလိုက်လေသည်။
*ရွှီ ရွှီ*
ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့ ရုတ်တရက် ဘရိတ်အုပ်လိုက်ကြလေသည်။ သူတို့သည် မည်သူက ပိုမြန်မြန်ပြေးနိုင်သနည်းဟူသော အချက်ကိုသာ အာရုံစိုက်နေကြသဖြင့် သူတို့လိုက်လံဖမ်းဆီးနေသော သူကိုလွတ်သွားခဲ့လေပြီ။
“ငါတို့ နောက်မှာ”
ရှန်ဟွိုင်နျန်က လက်ညှိုးထိုးပြလိုက်ရာ ခြေတံရှည်အကအဖွဲ့ထဲသို့ ရှဲ့လီတိုးဝင်သွားသည်ကို အချိန်ကိုက်မြင်တွေ့လိုက်ရလေ၏။
“အစ်ကိုကြီး အစ်ကိုကြီး ကျွန်တော် အဲဒါလေး ခဏလောက်ဆော့လို့ရမလား၊ ပိုက်ဆံပေးပါ့မယ်”
ရှဲ့လီသည် မျက်လုံးထောင့်မှနေ၍ ထိုနှစ်ဦးပြန်ပြေးလာနေပြီဖြစ်ကြောင်းကို မြင်တွေ့လိုက်ရလေသည်။ ထိုအမျိုးသားသည် လန့်ဖျပ်သွားပြီး သူ့ကိုယ်သူဖက်ထားလိုက်လေသည်။
“မင်း....မင်း လူရမ်းကား၊ မင်းက ငါ့ကို ကစားချင်တာလား”
ထိုသို့ပြောပြီးနောက် ထိုအမျိုးသားသည် ရှက်ရွံ့စွာပြေးထွက်သွားလေတော့၏။ ရှဲ့လီမှာမူ ဆွံ့အသွားခဲ့ရလေသည်။ အနီးရှိ လူငယ်တစ်ဦးသည် စင်မြင့်တစ်ခုပေါ်တွင်ထိုင်ကာ သူ့ခြေထောက်မှ ခြေတံရှည်များကိုဖြုတ်နေခဲ့လေသည်။
“ရဲဘော် ဒီမှာ”
ရှဲ့လီသည် ယွမ်တစ်ဆယ်တန်ငွေစက္ကူများကိုထုတ်ယူကာ သူ့လက်ထဲသို့ထိုးထည့်ပေးလိုက်လေ၏။
“ကျေးဇူးတင်ပါတယ်”
လူငယ်လေးသည် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်ပြီး ငွေစက္ကူများကိုပြန်တွန်းပေးလိုက်လေသည်။
“ရပါတယ်၊ ယူဆော့ပါ”
ရှဲ့လီသည် အနီရောင်တောက်တောက် ခြေတံရှည်အက ဝတ်စုံတစ်စုံကို ဝတ်ဆင်လိုက်ပြီး မျက်နှာဖုံးအဖြစ် တပ်ဆင်ရန် အရုပ်ခေါင်းအကြီးကြီးတစ်ခုကိုပါ ယူလိုက်လေသည်။
ဤနည်းအားဖြင့် သူမသည် ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့ဘေးမှဖြတ်သွားလျှင်ပင် သူတို့ကသူမကို မှတ်မိနိုင်မည် မဟုတ်ပေ။
ရှဲ့လီ အဝတ်အစားလဲပြီး အကအဖွဲ့ထဲသို့ ရောနှောဝင်ရောက်သွားချိန်မှာပင် ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့ရောက်ရှိလာခဲ့ကြလေသည်။
“ကျစ် သူက အဝတ်အစားတွေလဲပြီး ဒီထဲ ရောဝင်သွားပြီနဲ့တူတယ်”
ချန်ကျွေ့သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်လေသည်။ ခြေတံရှည်အကအဖွဲ့တွင် ခေါင်းစွပ်အမျိုးမျိုးကို ဝတ်ဆင်ထားသောလူများဖြင့် ပြည့်နှက်နေခဲ့လေ၏။
ရှန်ဟွိုင်နျန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ခြေတံရှည်အကအဖွဲ့မှ လူများ သူ့ဘေးမှဖြတ်သွားသည်ကို စူးစိုက်ကြည့်ရှုနေခဲ့လေသည်။
ရှဲ့လီသည် အခြားသူများ၏လှုပ်ရှားမှုများကိုအတုခိုးကာ ခြေတံရှည်များပေါ်တွင် တည်ငြိမ်စွာလျှောက်လှမ်းရင်း ရှန်ဟွိုင်နျန်ဘေးမှ ဖြတ်သွားခဲ့လေသည်။
ထိုနှစ်ဦးသည် ဘယ်ညာကြည့်ကာ သူမအားရှာမတွေ့ဖြစ်နေသည်ကိုမြင်သောအခါ ရှဲ့လီ အသံတိုးတိုးဖြင့်ရယ်မောလိုက်လေတော့၏။
“ဟီးဟီးဟီး”
လင်းကွင်းသံများ၊ ဗုံသံများကျယ်လောင်နေပြီး လူအုပ်ကြီးမှာလည်း ဆူညံနေခဲ့လေသည်။ သူမရယ်သံကို မည်သူမျှ ကြားနိုင်မည်မဟုတ်ပေ။
သို့သော် ကံမကောင်းစွာဖြင့် ရှန်ဟွိုင်နျန်သည် ထူးကဲသောအကြားအာရုံကို ပိုင်ဆိုင်ထားသူဖြစ်လေသည်။
“သူပဲ”
ရှန်ဟွိုင်နျန်သည် ရှဲ့လီအား တိတိကျကျလက်ညှိုးထိုးပြလိုက်လေသည်။ ချန်ကျွေ့မှာ နားမလည်နိုင်ဖြစ်သွားခဲ့ရ၏။
“ဟင် ဘာဖြစ်လို့လဲ”
ရှန်ဟွိုင်နျန်သည် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။
“သူ အခုလေးတင်နောက်ပြောင်တဲ့ပုံစံနဲ့ ရယ်လိုက်တယ်”
ရှဲ့လီမှာ ကြက်သေသေသွားခဲ့ရလေသည်။ သူမ သေချင်စိတ်ပင် ပေါက်သွားခဲ့ရလေပြီ။
‘ငါ ဘာလို့များ အဲဒီလိုသွားရယ်လိုက်မိရတာလဲ’
ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့ချဉ်းကပ်လာသည်ကို မြင်သောအခါ ရှဲ့လီက နောက်ပြန်ဂျွမ်းတစ်ပတ်ထိုးလိုက်လေရာ ပွဲကြည့်ပရိသတ်များ လက်ခုပ်တီး အားပေးကြလေတော့သည်။
“ကောင်းတယ် လှတယ်”
ရှဲ့လီသည် ခြေတံရှည်များဖြင့် လူအုပ်ကြီးကြားမှ ထွက်ပြေးလေတော့သည်။
သူမသည် အမြီးကြီးကြီး ဝံပုလွေတစ်ကောင်ပမာ အလျင်အမြန် ထွက်ပြေးနေခဲ့လေ၏။
“ဟေး ရဲဘော် ရဲဘော် မပြေးနဲ့လေ၊ ကျွန်တော့်ရဲ့ ခြေတံရှည်တွေပြန်ပေးဦး”
သူမအား ခြေတံရှည်များငှားရမ်းပေးခဲ့သောလူငယ်လေးသည် ရှဲ့လီ ပြောင်းပြန်အရပ်သို့ပြေးထွက်သွားသည်ကိုမြင်သောအခါ အလျင်အမြန် လိုက်လံဖမ်းဆီးလေတော့သည်။
အခြားသူများလည်း ကြားသိသွားပြီး လိုက်လံဖမ်းဆီးကြလေတော့သည်။
သူမက ပြေးလိုက်၊ သူတို့ကလိုက်ဖမ်းလိုက်ဖြင့် သူမထွက်ပြေးရန် လမ်းစမရှိတော့ချေ။ ခြေတံရှည်များက သူမအား ပစ်မှတ်အကြီးကြီးတစ်ခုဖြစ်စေခဲ့ပြီး ယခုအခါ သူမက ယင်းတို့ကိုလုံးဝ ချွတ်၍မရနိုင်တော့ပေ။
“ဝါး”
ရှဲ့လီသည် ပြေးလွှားရင်းမှငိုယိုနေခဲ့လေသည်။ ဤသည်မှာ မျှော်လင့်ချက်မဲ့ခြင်း မျက်ရည်များသာပင်။
ဝုန်း
ကုန်းဆင်းတစ်ခုတွင် ခြေတံရှည်များ ချော်ထွက်သွားပြီး ရှဲ့လီဟန်ချက်ပျက်ကာ လဲကျသွားခဲ့လေတော့သည်။
သူမသည် ရှန်ဟွိုင်နျန်အပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့လေသည်။
သူတို့နှစ်ဦးလုံးသည် မြည်းတစ်ကောင်ပမာ အတူတကွလိမ့်ကျသွားကြလေတော့၏။ လိမ့်ကျနေစဉ်အတွင်း ခြေတံရှည်များ ကျွတ်ထွက်သွားပြီး ခေါင်းစွပ်ကြီးလည်း လွင့်စင်သွားခဲ့လေသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် ရှန်ဟွိုင်နျန်သည် ရင်းနှီးနေသောမျက်နှာလေးတစ်ခုကို မြင်တွေ့လိုက်ရလေ၏။
“ရှောင်လီ”
ထိုမြေခွေးမျက်လုံးထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
သူ့စိတ်ထဲတွင် မြင်ကွင်းများပေါင်းစုံ လျှပ်တစ်ပြက်ဖြတ်ပြေးသွားခဲ့လေသည်။ သစ်တောထဲတွင် လီချယ်က သူမအားလိုက်သည်ဟု သူမပြောခဲ့၏။ တံငါရွာတွင် လီချယ်နှင့် သူမအတူရှိနေခဲ့သည်။ မြေကျွဲကို ဖမ်းဆီးသည့်နေ့က လီချယ်၏ကားထဲတွင် သူမပေါ်လာခဲ့သည်။ ချန်ကျွေ့နှင့် ရင်းနှီးအောင်လုပ်ရန် သူ အမိန့်ပေးပြီးပြီးချင်းမှာပင် သူမသည် ချန်ကျွေ့နှင့် သွားရောက်ကခုန်ခဲ့သည်။
‘ငါ့မိန်းမက...တလီခွေ့လား'