← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

Ch-134

ရှန်ဟွိုင်နျန်သည် သူ့အောက်တွင်ရှိနေသော ရှဲ့လီအားကြည့်လိုက်ရာ သူ့ရင်ထဲတွင် စိတ်ကူးတစ်ခုပွင့်လင်းလာသကဲ့သို့ ခံစားလိုက်ရလေသည်။

‘သူမက ငါ့လက်အောက်ငယ်သား တလီခွေ့ပဲ'

သူ ထပ်မစဉ်းစားနိုင်မီမှာပင် ချန်ကျွေ့က အပြေးအလွှားရောက်ရှိလာခဲ့လေပြီ။

“အိုးဟိုး မင်းက ဘယ်သူလဲဆိုတာ ငါ တစ်ချက်လောက်ကြည့်ပါရစေဦး”

သူသည် မျောက်တစ်ကောင်ပမာ အော်ဟစ်လိုက်ပြီး ခေါင်းငုံ့ကာ အထဲသို့ ခိုးကြည့်ရန်ကြိုးစားလေတော့သည်။

ရှဲ့လီသည် သူမကံကြမ္မာကို လက်ခံလိုက်သည့်အလား မျက်လုံးများကို မှိတ်ထားလိုက်လေသည်။ ရှန်ဟွိုင်နျန်သည် ခြေတံရှည်ကြီးများကို ဆန့်ထုတ်ကာ ချန်ကျွေ့အား အောက်သို့ကန်ချလိုက်လေတော့၏။

“ရှန်ဟွိုင်နျန်”

ချန်ကျွေ့၏ဒေါသတကြီး အော်ဟစ်သံများကြားတွင် ရှန်ဟွိုင်နျန်သည် ရှဲ့လီ ဝတ်ဆင်ထားသော ခြေတံရှည်အကဝတ်စုံကို အလျင်အမြန်ချွတ်ယူလိုက်ပြီး သူမခေါင်းကို လွှမ်းခြုံပေးလိုက်လေသည်။ သူသည် ရှဲ့လီအား ပွေ့ချီကာ အစွမ်းကုန်ပြေးလွှားလေတော့၏။

ချန်ကျွေ့မော့ကြည့်လိုက်သောအခါ ရှန်ဟွိုင်နျန်တစ်ယောက် ထိုသူအား သတို့သမီးပွေ့ချီသကဲ့သို့ ပွေ့ချီကာ အလွန်တရာမြန်ဆန်သောအရှိန်ဖြင့် ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။

“သောက်ခွေးကောင်”

ချန်ကျွေ့သည် ကုန်းရုန်းထကာ အပြေးအလွှားလိုက်လံဖမ်းဆီးလေတော့သည်။

“ခင်ဗျား တစ်ယောက်တည်း နာမည်ကောင်းယူဖို့ လုံးဝမကြိုးစားနဲ့”

သူ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး ဆုလာဘ်အားလုံးကို သူတစ်ယောက်တည်း ရယူရန်ကြံစည်နေခြင်းဖြစ်ရမည်။ ချန်ကျွေ့သည် အမောတကော လိုက်လံဖမ်းဆီးနေခဲ့လေသည်။

သူလည်း ရထားပေါ်မှခုန်ချခဲ့ရပြီး လိုက်လံဖမ်းဆီးခဲ့ရသည်ပင်။ ထိုကောက်ကျစ်စဉ်းလဲသော မြေခွေးကောင် ရှန်ဟွိုင်နျန်အား နာမည်ကောင်းယူခွင့်ပြု၍မဖြစ်နိုင်ပေ။

ချန်ကျွေ့က ဆက်တိုက်လိုက်လံဖမ်းဆီးနေသဖြင့် ရှန်ဟွိုင်နျန်မှာ သူ့အား မျက်ခြေဖြတ်ပစ်၍ မရနိုင်ခဲ့ချေ။

ထို့ကြောင့် သူသည်လမ်းချိုးတစ်ခုတွင် ကွေ့ကာ ကြက်ခြံထဲသို့ဝင်ရောက် ပုန်းအောင်းနေလိုက်ရလေသည်။ ရှဲ့လီမှာမူ ဝိညာဉ်သေဆုံးနေခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်သည်။

ရှန်ဟွိုင်နျန်အား မည်သို့သော အဓိပ္ပာယ်မရှိသည့် ရှင်းပြချက်မျိုးပေးရမည်ကို သူမလုံးဝစဉ်းစား၍မရနိုင်အောင် ဖြစ်နေခဲ့လေသည်။

“ရှောင်လီ မင်း ကိုယ့်ကိုအရမ်းလွမ်းနေလို့ ဒီတာဝန်ကို တိတ်တဆိတ်လိုက်လာတာမဟုတ်လား”

ရှဲ့လီ မော့ကြည့်လိုက်သောအခါ ထိုအမျိုးသား၏နူးညံ့သောမျက်နှာအမူအရာကို မြင်တွေ့လိုက်ရ၏။ သူ့စကားများမှာ အလွန်တရာရိုးသားပွင့်လင်းဟန် ရှိနေလေသည်။

“ရှောင်လီ ကိုယ် အရမ်းဝမ်းသာတယ်၊ မင်းက ချန်ကျွေ့ မင်းကိုမြင်သွားပြီး အနှောင့်အယှက်ပေးမှာကို မလိုလားတာ သေချာတယ်၊ စိတ်မပူပါနဲ့ ကိုယ် မင်းကို ကာကွယ်ပေးပါ့မယ်”

ရှဲ့လီ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည်။ ဤတစ်ကြိမ်တွင် အဓိပ္ပာယ်မရှိသောစကားများကို ပြောဆိုနေသူမှာ သူမ မဟုတ်ခဲ့ချေ။

အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုနေသူမှာ ရှန်ဟွိုင်နျန်ဖြစ်နေခဲ့လေသည်။ ရှဲ့လီသည် လက်လှမ်းကာ သူ့နဖူးကို စမ်းကြည့်လိုက်လေသည်။

“ရှင် အဆင်ပြေရဲ့လား”

‘သူ ခုနက လိမ့်ကျလာတုန်းက ဦးနှောက်ထိသွားတာလား'

ရှန်ဟွိုင်နျန်သည် ရှဲ့လီအားဖက်ထားလိုက်လေ၏။

“ကိုယ် အဆင်ပြေပါတယ်၊ မင်းကရော ရထားပေါ်ကခုန်ချတုန်းက ဒဏ်ရာရသွားသေးလား”

ရှန်ဟွိုင်နျန်သည် ကြက်ခြံထဲတွင် ကျုံ့ကျုံ့လေးဝင်ထိုင်ကာ ရှဲ့လီ၌ဒဏ်ရာရှိမရှိကို စစ်ဆေးရန် ကြိုးစားနေခဲ့လေသည်။

“ကတော် ကတော် ကတော်”

ကြက်မကြီးမှာ ထိုနှစ်ဦးကြောင့်ခြံထောင့်သို့ရောက်ရှိနေရပြီး သူတို့၏အချစ်ပြဇာတ်ကို ကြည့်ရှုနေရသဖြင့် မကျေမနပ်ဖြစ်ကာ အော်ဟစ်နေခဲ့လေသည်။

ချန်ကျွေ့အား လှည့်စားပြီးနောက် ရှန်ဟွိုင်နျန်သည် ရှဲ့လီ၌ဒဏ်ရာမရှိကြောင်းသေချာအောင် စစ်ဆေးပြီးမှ သူမအား ကြက်ခြံထဲမှ ပွေ့ချီကာထွက်လာခဲ့လေ၏။

‘ငါ့မိန်းမက တလီခွေ့ပဲ'

သူသည် ဤဖြစ်ရပ်ကို ယခုတိုင်အောင် တွေးတောနေဆဲဖြစ်လေသည်။ ပြီးခဲ့သည့် ကျွန်းပေါ်ရှိ တိုက်ပွဲအတွင်းတွင်လည်း သူ့ဇနီးသည်မှာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ထိုနေရာသို့ရောက်ရှိနေခဲ့သည်။ ထိုအချိန်က တလီခွေ့အား အမျိုးသားရဲဘော်တစ်ဦးဟုသာ ယူဆထားခဲ့သဖြင့် သူ များများစားစားမတွေးခဲ့မိချေ။

သို့သော် ယခုပြန်လည်စဉ်းစားကြည့်သောအခါ ထိုသူမှာ သူ့ဇနီးသည်ဖြစ်နေခဲ့လေသည်။

‘ငါ့မိန်းမက ချန်ကျွေ့ကိုမကြိုက်ဘူးဆိုတာ သေချာသွားပြီ၊ ငါကိုယ်တိုင်က အရူးလိုမျိုးအမိန့်ပေးခဲ့လို့သာ ရှဲ့လီလေးက ချန်ကျွေ့အနားကို ချဉ်းကပ်ခဲ့ရတာပဲ'

ရှန်ဟွိုင်နျန်သည် ခေါင်းငုံ့ကာ နှုတ်ခမ်း တင်းတင်းစေ့ထားလိုက်လေသည်။

‘ငါ့မိန်းမက တကယ်ကို အံ့ဩစရာကောင်းတာပဲ၊ ငါတော့ အရမ်း သဘောကျတယ်'

ရှဲ့လီသည် ခြေထောက်ကိုတရွတ်တိုက်ဆွဲကာ လျှောက်လှမ်းနေခဲ့ရ၏။ ရထားပေါ်မှ ခုန်ချစဉ်ကတည်းက ဒဏ်ရာရရှိထားပြီး ယခုကဲ့သို့ အချိန်အကြာကြီး ပြေးလွှားခဲ့ရသဖြင့် သူမခြေထောက်များမှာ နာကျင်နေခဲ့ပြီဖြစ်သည်။

ရှန်ဟွိုင်နျန်သည် သူ့ကိုယ်သူနှစ်ချက်ခန့် ဖြတ်ရိုက်ပစ်လိုက်ချင်စိတ်များပင် ပေါက်လာခဲ့လေသည်။ အရူးတစ်ယောက်လိုရှောင်မပေးဘဲ အသည်းအသန် လိုက်လံဖမ်းဆီးခဲ့မိသော သူ့အမှားသာဖြစ်လေ၏။

“အားနျန် နာတယ်”

ရှန်ဟွိုင်နျန်က မည်သည့်အရာကိုမျှမသင်္ကာဖြစ်ပုံမရဘဲ သူမမှာ သူ့အပေါ်ထားရှိသောချစ်ခြင်းမေတ္တာကြောင့် လိုက်လာခဲ့ခြင်းဖြစ်သည်ကို တကယ် ယုံကြည်နေကြောင်းမြင်တွေ့ရသောအခါ ရှဲ့လီက ရှန်ဟွိုင်နျန်၏ရင်ခွင်ထဲတွင် ချွဲနွဲ့လေတော့သည်။

“ကိုယ် မင်းကိုဆေးရုံပို့ပေးမယ်”

ရှန်ဟွိုင်နျန်ရင်ထဲတွင် စူးနင့်နာကျင်သွားခဲ့ရလေသည်။ သူသည် သူမအတွက် အလွန်တရာစိတ်ဆင်းရဲနေခဲ့ရ၏။ ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့သည် တုန်းချန်သို့ တာဝန်တစ်ခုဖြင့်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ချန်ကျွေ့ တစ်ဦးတည်းဖြင့်ပင် ပြီးမြောက်နိုင်သော ရိုးရှင်းသည့်တာဝန်တစ်ခုသာ ဖြစ်သော်လည်း ရှန်ဟွိုင်နျန်သည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ တာဝန်တစ်ခုအတွက် ကူညီရန် လျှောက်ထားခံခဲ့ရခြင်းဖြစ်သည်။

ကူညီရန်ဟုဆိုသော်ငြား တကယ်တမ်းတွင်မူ မလိုအပ်ခဲ့ချေ။ ရှဲ့လီ၏ဒဏ်ရာကို ဆေးထည့်ပေးရန် ဆေးရုံသို့ခေါ်သွားပြီးနောက် သူသည် သူမအား တုန်းချန်တစ်ဝိုက် လှည့်လည်ကြည့်ရှုရန် ခေါ်ဆောင်သွားခဲ့လေသည်။

မှောင်ရီပျိုးချိန်ရောက်သောအခါ သူတို့နှစ်ဦးသည် ညစာစားရန် နိုင်ငံတော်ပိုင် စားသောက်ဆိုင်တစ်ခုသို့ ဝင်ရောက်သွားခဲ့ကြလေသည်။

“ရှောင်လီ မင်းက ချန်ကျွေ့ကိုမတွေ့စေချင်ဘူးဆိုရင် ဘာလို့ရုပ်ဖျက်မထားတာလဲ”

ရှန်ဟွိုင်နျန်က ရှဲ့လီအားအကြံတစ်ခု ပေးလိုက်လေ၏။ သူ့ဇနီး ဤနေရာသို့ ရောက်ရှိနေခြင်းမှာ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ခေါင်းဆောင်များက တာဝန်ပေးအပ်လိုက်ခြင်းကြောင့်သာဖြစ်ရမည်ဟု သူ ယူဆလိုက်လေသည်။

သူက အများသိအောင်လှုပ်ရှားရသူဖြစ်သဖြင့် သူ့ဇနီးသည်မှာ နောက်ကွယ်မှနေ၍လှုပ်ရှားရမည်မှာ အသေအချာပင်။ ချန်ကျွေ့မြင်သွားလျှင် သူမအတွက် အဆင်မပြေနိုင်ပေ။

ရှဲ့လီသည် အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းငုံ့ကာ အသံနှိမ့်၍ စကားဆိုလိုက်လေသည်။

“ဟုတ်တယ် အားနျန်၊ ကျွန်မက ရှင့်ကိုပဲ တွေ့ချင်တာ၊ ကျွန်မ ရှင့်ကိုအရမ်းလွမ်းလို့ တိတ်တိတ်လေးလိုက်လာတာပါ၊ ပြီးတော့ သူအနှောင့်အယှက်ပေးတာကိုလည်း မလိုချင်ဘူးလေ၊ ကျွန်မရဲ့နှလုံးသားထဲမှာ ရှင်တစ်ယောက်တည်းပဲရှိတာ”

ရှန်ဟွိုင်နျန်သည် ရှဲ့လီ၏ချစ်စဖွယ် ဟန်ဆောင်မှုအောက်တွင် လုံးဝကို အရည်ပျော်သွားခဲ့ရလေတော့သည်။

သူ ဘာလုပ်သင့်သနည်း။ သူ့ဇနီးသည်မှာ အလွန်တရာချစ်စဖွယ်ကောင်းလွန်းလှရာ သူမအားဖက်ထားချင်စိတ်များပင် ပေါက်လာခဲ့လေသည်။

သူ့မြေခွေးမျက်လုံးထဲတွင် အလိုလိုက်အချစ်ပိုမှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ဟန်ဆောင်မှုများကို အေးအေးဆေးဆေးပင်ကြည့်ရှုနေခဲ့လေသည်။

“ဒီလိုလုပ်ပါလား၊ မင်းက ယောကျ်ားလေးတစ်ယောက်လိုရုပ်ဖျက်ပြီး ကိုယ်တို့နောက်ကို တိတ်တိတ်လေးလိုက်ခဲ့လေ၊ အဲဒီလိုဆိုရင် ချန်ကျွေ့က မင်းကို ပစ်မှတ်ထားတော့မှာမဟုတ်ဘူး”

ရှန်ဟွိုင်နျန်သည် လက်လှမ်းကာ ရှဲ့လီ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေ၏။ ရှဲ့လီသည် သူမပန်းကန်ထဲမှ ဝက်ခြေထောက်တုံးအကြီးကြီးတစ်ခုကိုယူကာ အားရပါးရကိုက်စားရင်း ရှန်ဟွိုင်နျန်အား ပြုံးပြလိုက်လေသည်။

‘ကောင်းလိုက်တာ၊ ငါ့ရဲ့အရူးလေးအားနျန်က တကယ်ကြီး ငါသူ့နောက်ကို လိုက်လာတယ်လို့ ထင်နေတာပဲ'

‘ရှန်ဟွိုင်နျန်ကသာ ငါ့ကိုကာကွယ်ပေးထားမယ်ဆိုရင် ကိစ္စတွေအများကြီးပိုလွယ်သွားပြီပေါ့'

ရှဲ့လီသည် အပြစ်ရှိစိတ်ဖြင့် ကြက်ခေါင်းတစ်ခုကို ရှန်ဟွိုင်နျန်ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

“အားနျန် ဒီကြက်ခေါင်းထဲက ဦးနှောက်တွေက အရမ်းစားလို့ကောင်းတယ်၊ ရှင့်ဦးနှောက် အားရှိအောင်များများစားနော်”

All Chapters