← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

Ch-135

ရှန်ဟွိုင်နျန်သည် ကြက်ခေါင်းကိုကိုက်စားနေစဉ်မှာပင် အလွန်တရာချောမောနေဆဲ ဖြစ်လေ၏။ သူသည် မြန်မြန်ဆန်ဆန် စားသောက်နေသော်ငြား အငမ်းမရ စားသောက်နေခြင်းမျိုး မဟုတ်ဘဲ တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့သော ဟန်အမူအရာများကို ပြသနေခဲ့လေသည်။

ညစာစားပြီးနောက် ရှန်ဟွိုင်နျန်သည် ရှဲ့လီအား ရုပ်ဖျက်ရန်အတွက် အဝတ်အစားများဝယ်ယူရန် ခေါ်ဆောင်သွားခဲ့လေသည်။

“ရှောင်လီ မင်းနဲ့ ချန်ကျွေ့က တစ်ယောက်ကိုတစ်ယောက် တော်တော်လေး ရင်းနှီးကြတာဆိုတော့ မင်းရဲ့ ခန္ဓာကိုယ်ပုံစံကို ပြောင်းလဲဖို့ကြိုးစားတာ ပိုကောင်းမယ်”

ရှန်ဟွိုင်နျန်က အကြံပေးလိုက်လေ၏။

ရှဲ့လီ ခေါင်းညိတ်ပြလိုက်သည်။

သူမအားပေးအပ်ထားသော တာဝန်မှာ ချန်ကျွေ့နှင့် တွေ့ဆုံခြင်းကို ရှောင်ရှားရန်နှင့် နောက်ကွယ်မှနေ၍ လှုပ်ရှားရန် ဖြစ်လေသည်။

သူမသည် မြည်းခွာဖိနပ်နှစ်ရံကို ဝယ်ယူခဲ့လေ၏။ ဤခေတ်အခါတွင် ဥရောပနိုင်ငံများ၌ ဒေါက်မြင့်ဖိနပ်များအလွန်ခေတ်စားနေသော်လည်း တရုတ်နိုင်ငံတွင်မူ အတော်ရှားပါးလှပေသည်။

ဤအထူးကာလအတွင်း၌ အင်္ကျီဝတ်ဆင်ရာတွင်ပင် ရိုးရှင်းသောဒီဇိုင်းကိုသာ ရွေးချယ်ရလေသည်။ ထိုမြည်းခွာဖိနပ်နှစ်ရံသည် ကောင်တာ၏ ထောင့်တစ်နေရာတွင် ဖုန်များပေကျံလျက် ရှိနေခဲ့လေသည်။

ရှဲ့လီ ထိုနှစ်ရံလုံးကိုဝယ်ယူခဲ့လေ၏။

သူမသည် အမျိုးသားဝတ်ဘောင်းဘီတစ်ထည်၊ အမျိုးသားဝတ် အင်္ကျီတစ်ထည်၊ အမျိုးသမီးဝတ် ဘရာစီယာတစ်ထည်၊ ၅၀၂ ကော်တစ်ဘူးနှင့် ဦးထုပ်တစ်လုံးတို့ကိုလည်း ဝယ်ယူခဲ့သည်။

မြည်းခွာဖိနပ်ဆိုသည်မှာ ဒေါက်အထူကြီးများပါသော ဖိနပ်များကိုဆိုလိုခြင်းဖြစ်သည်။ ရှဲ့လီ ဝယ်ယူခဲ့သော ထိုနှစ်ရံမှာ အနက်ရောင်သားရေဖြင့် ပြုလုပ်ထားပြီး ၉ စင်တီမီတာခန့် မြင့်သော ဒေါက်များ ပါရှိလေ၏။

သူမသည် ဖိနပ်တစ်ရံမှ ဒေါက်များကို ဖြုတ်ယူကာ အခြားတစ်ရံ၏ ဒေါက်အောက်တွင် ၅၀၂ ကော်ဖြင့် ကပ်လိုက်ရာ ဖိနပ်၏ အမြင့်မှာ ၁၈ စင်တီမီတာအထိ ဖြစ်သွားခဲ့လေတော့သည်။

ရှဲ့လီ ထိုဖိနပ်များကို စီးလိုက်ရာ ချက်ချင်းဆိုသလိုပင် အရပ်ရှည်ထွက်သွားခဲ့လေသည်။

သူမသည် ဒေါက်များကို ဖုံးကွယ်ပေးနိုင်သော အမျိုးသားဝတ်ဘောင်းဘီကို ဝတ်ဆင်လိုက်၏။

ထို့နောက် သူမသည် ဘရာစီယာကို ဖြတ်တောက်ကာ ခွက်များကို အင်္ကျီ၏ပခုံးများပေါ်တွင် ပခုံးအခံပြားများအဖြစ် ကပ်လိုက်ရာ သူမပခုံးများမှာ ပိုမိုကျယ်ပြန့်လာသကဲ့သို့ ထင်ရလေသည်။

သူမ ပြုပြင်ဖန်တီးမှုများ ပြီးဆုံးကာ အဝတ်အစားများ ဝတ်ဆင်ပြီးချိန်တွင်မူ သူမသည် အရပ်ရှည်ရှည်ဖြင့် သွယ်လျသော အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ရှန်ဟွိုင်နျန်သည် ဘေးမှနေ၍ လက်ခုပ်တီးလိုက်သည်။

“အံ့ဩစရာပဲ၊ တကယ်ကို အံ့ဩစရာကောင်းတာပဲ”

ရှဲ့လီသည် မျက်နှာဖုံးတပ်ဆင်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်လေ၏။

“ဘာမှမဟုတ်ပါဘူး၊ သာမန်ပါပဲ”

တစ်ယောက်က ၁.၆ မီတာ၊ နောက်တစ်ယောက်က ၁.၇ မီတာအရပ်ရှိသော ထိုအရူးနှစ်ယောက် တစ်ဦးနှင့်တစ်ဦးပခုံးဖက်ကာ ထွက်သွားကြသည်ကို အရောင်းစာရေးမလေးမှာ အံ့သြမှင်သက်စွာဖြင့် ငေးကြည့်နေခဲ့လေတော့သည်။

ရှန်ဟွိုင်နျန်သည် ရှဲ့လီအား တုန်းချန်ရှိ ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ချန်ကျွေ့သည်လည်း သူ့တာဝန်ထမ်းဆောင်ရာနေရာနှင့် အနီးဆုံးဖြစ်သော ဤဟိုတယ်တွင်သာ သေချာပေါက် တည်းခိုပေလိမ့်မည်။

ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့သည် သူတို့မိတ်ဆက်စာများကို အသီးသီးထုတ်ယူကာ ဟိုတယ်ဧည့်ကြိုထံသို့ ကမ်းပေးလိုက်ကြလေသည်။ သူတို့သည် ဒုတိယထပ်ရှိ ကပ်လျက် အခန်းနှစ်ခန်းကို ရရှိခဲ့ကြသည်။

“ရှောင်လီ၊ မင်း ဖိနပ်တွေနဲ့ဆို လမ်းလျှောက်ရတာ ခက်လိမ့်မယ်၊ ကိုယ် မင်းကိုပွေ့ချီပြီး ခေါ်သွားပေးမယ်”

ရှန်ဟွိုင်နျန်သည် လက်လှမ်းရန်ပြင်လိုက်ချိန်တွင် ရှဲ့လီက သူ့အား အနောက်သို့ တွန်းထုတ်လိုက်လေ၏။

“ဟိုဘက်မှာ တစ်ယောက်ယောက်က ကြည့်နေတယ်၊ အခုချိန်မှာ ကျွန်မတို့နှစ်ယောက်လုံးက ယောကျ်ားလေးတွေလေ၊ ရှင်သာ ကျွန်မကို သတို့သမီး ပွေ့ချီသလိုပွေ့ချီပြီး အပေါ်ထပ်ကို တက်သွားတာက မသင့်တော်ဘူးမဟုတ်လား”

ရှန်ဟွိုင်နျန်သည် သူတို့အားစိုက်ကြည့်နေသော ဧည့်ကြိုရှိရာသို့ နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ ခေါင်းညိတ်ပြလိုက်လေ၏။

“ဟုတ်တယ် အဲဒါက မကောင်းဘူး၊ ကိုယ် သတို့သမီးပွေ့ချီသလို မပွေ့ချီတော့ဘူး၊ တခြားနည်းနဲ့ ကိုယ်မင်းကို သယ်သွားပေးမယ်”

အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် ရှဲ့လီသည် ဗိုက်ကြွက်သားများကို တင်းထားကာ မတ်တပ်ရပ်လျက် တောင့်တောင့်ကြီးနေလိုက်ပြီး ရှန်ဟွိုင်နျန်က သူမအား ကြံတစ်ချောင်းပမာထမ်းကာ အပေါ်ထပ်သို့ တက်သွားလေတော့၏။

ဧည့်ကြိုမှာ ဆွံ့အသွားခဲ့ရသည်။

‘ဒါက ဘယ်လို အရူးတွေလဲ'

ချန်ကျွေ့သည် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက်လှိမ့်နေပြီး အိပ်မပျော်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ထိုကောင်စုတ်ရှန်ဟွိုင်နျန်သည် ရဲဘော်ကောင်း တစ်ယောက်၏ စိတ်ဓာတ်မျိုး အနည်းငယ်မျှပင်မရှိချေ။

သူသည်လည်း ခရီးစဉ်တစ်လျှောက်လုံး ဒုက္ခခံခဲ့ရသည် မဟုတ်လော။ သို့တိုင် ရှန်ဟွိုင်နျန်သည် တစ်ယောက်တည်း နာမည်ကောင်းရယူချင်နေလေသည်။

‘သူက တကယ်ကို လူမဟုတ်ဘူးပဲ'

‘ဒါ့အပြင် သူက ငါ့တာဝန်မှာ ဘာလို့ အတင်းလိုက်လာရတာလဲ'

'သူရူးနေလို့လား'

သူ စိတ်တိုနေစဉ်မှာပင် အခန်းတံခါးအပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားလိုက်ရလေသည်။ တစ်စုံတစ်ယောက် ဘေးအခန်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်၏။

ချန်ကျွေ့ထကာ တံခါးဖွင့်လိုက်ရာ ရှန်ဟွိုင်နျန်တစ်ယောက် ဘေးအခန်းတံခါးဝတွင်ရပ်နေပြီး လူရိပ်တစ်ခုက သူ့ဘေးအခန်းထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။ ချန်ကျွေ့ ရှေ့ထွက်လာခဲ့သည်။

“ရှန်ဟွိုင်နျန် ဟိုလူ ဘယ်မှာလဲ”

ရှန်ဟွိုင်နျန် လက်နှစ်ဖက်ကိုဖြန့်ပြလိုက်လေ၏။

“ပျောက်သွားပြီ”

ချန်ကျွေ့ အံတင်းတင်းကျိတ်လိုက်လေသည်။

“ကျွန်တော်တို့ပြန်ရောက်ရင် အဖွဲ့အစည်းကို ခင်ဗျားအကြောင်း တိုင်မယ်ဆိုတာ ခင်ဗျားယုံလား”

“ယုံပါတယ် ငါ ယုံပါတယ် ဟုတ်ပြီလား၊ ကဲ အခု မင်းအခန်းထဲပြန်သွားပြီး အိပ်တော့”

ရှန်ဟွိုင်နျန်သည် ဖြစ်သလိုပြန်ဖြေလိုက်ပြီး အခန်းထဲသို့ဝင်ကာ တံခါးကို ဝုန်းခနဲ ပိတ်ပစ်လိုက်လေတော့သည်။

ချန်ကျွေ့မှာ ဆွံ့အသွားခဲ့ရလေ၏။

ချန်ကျွေ့ တံခါးဝတွင် ရပ်နေခဲ့သည်။ ရှန်ဟွိုင်နျန်သည် ဘေးအခန်းမှလူနှင့် တစ်ချိန်တည်းမှာပင် ဟိုတယ်သို့ဝင်ရောက်လာခဲ့ပြီး ဤတာဝန်တွင်ကူညီရန်အတွက်လည်း ဆန္ဒအလျောက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ဤတာဝန်မှာ မည်သည့် အကူအညီမျှမလိုအပ်ကြောင်း သိသာနေခဲ့လေ၏။ ချန်ကျွေ့စိတ်ထဲတွင် ရဲတင်းသောအတွေးတစ်ခု ပေါ်လာခဲ့လေသည်။

‘ရှန်ဟွိုင်နျန်က ရန်သူ့သူလျှိုတစ်ယောက်များလား'

All Chapters