← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

Ch-136

ချန်ကျွေ့ စဉ်းစားလေလေ တစ်ခုခုလွဲမှားနေမှန်း ခံစားရလေလေဖြစ်နေသည်။ သူ အောက်ထပ်သို့ ပြေးဆင်းသွားပြီး ဧည့်ကြိုကောင်တာကို မေးလိုက်သည်။

“ရဲဘော်၊ ခုနက အပေါ်တက်သွားတဲ့ နှစ်ယောက်က အတူတူပဲလား”

ဧည့်ကြိုမလေးက မျက်စောင်းထိုးလိုက်ပြီး ပြန်ဖြေ၏။

“ရှင့်ကို ပြောပြရမယ့်တာဝန်မရှိဘူး”

ချန်ကျွေ့ : “.....”

သူ ဒုတိယထပ်ကိုပြန်တက်လာပြီး ဘေးခန်းက လှုပ်ရှားသံများအား နားစွင့်နေလိုက်သည်။ ဘာအသံမှ မကြားရပေ။ ရှန်ဟွိုင်နျန်သည် အခန်းထဲဝင်သွားကတည်းက ပြန်ထွက်မလာတော့ပေ။ ချန်ကျွေ့ အတိတ်ကို ပြန်လည်စဉ်းစားခန်းထုတ်နေမိသည်။

ပုံမှန်အားဖြင့် ရှန်ဟွိုင်နျန်ဆီတွင် သံသယဖြစ်စရာတစ်စုံတစ်ခုမျှ မရှိသော်လည်း ယနေ့တော့ တကယ်ကို ထူးဆန်းနေသည်။ ချန်ကျွေ့ သူ့ပေါင်သူ ဖြတ်ခနဲ ရိုက်လိုက်သည်။

‘ဟုတ်တယ်’

‘ရှန်ဟွိုင်နျန် အဲဒီလူရဲ့မျက်နှာကိုမြင်ပြီးနောက်မှာမှ ထူးထူးခြားခြားတွေစဖြစ်လာတာပဲ'

‘ဒီလူက သူနဲ့တစ်အုပ်စုတည်းမလို့ သူ့လူကို ကာကွယ်ပေးဖို့ အန္တရာယ်အဖြစ်ခံလိုက်တာများလား'

‘ဒါဆိုရင် ရှန်ဟွိုင်နျန်နဲ့ အတူတူ အပေါ်ထပ်ကိုတက်လာပြီး သူ့ဘေးခန်းမှာနေတဲ့သူကရော ဘယ်သူလဲ'

ချန်ကျွေ့ မီးပိတ်လိုက်သော်လည်း အိပ်မပျော်သေးပေ။ ရှန်ဟွိုင်နျန်က ရန်သူ့သူလျှိုဟုတ်မဟုတ်ကို သူအဖြေရှာရပေမည်။ အကယ်၍ သူလျှိုသာဆိုလျှင်တော့ ရှန်ဟွိုင်နျန်က အဖွဲ့အစည်းနှင့် ရှောင်လီတို့အပေါ် ကြီးမားသော ဆုံးရှုံးမှုများဖြစ်ပေါ်စေလိမ့်မည်။

ချန်ကျွေ့ ခြေဖျားထောက်ကာ တံခါးနားသို့လျှောက်သွားပြီး အပြင်ဘက်မှ လှုပ်ရှားသံများကို နားထောင်ရန် တံခါးနားကပ်သွားလိုက်သည်။

ရှဲ့လီကတော့ သူမအခန်းကိုပြန်ရောက်သော်လည်း စိတ်မချရဲသေးပေ။ ခုနကတင် ချန်ကျွေ့အမိဖမ်းခြင်းကို ခံရမလို ဖြစ်သွားခဲ့သည်။

‘လူကကြံစည်ပေမယ့် ဘုရားသခင်က ဖန်တီးတယ်ဆိုသလိုပဲ၊ ချန်ကျွေ့က ငါ့တို့ရဲ့ဘေးကပ်လျက်အခန်းမှာ ရှိနေလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ'

သူမ ဖိနပ်တောင်မချွတ်ရဲဘဲ ကုတင်ပေါ် ပက်လက်လှန်ရင်းအိပ်ပျော်သွားတော့သည်။ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့မှာ တစ်ညလုံး ကောင်းကောင်းအိပ်ပျော်သွားကြသော်လည်း ချန်ကျွေ့ခမျာ တစ်ညလုံးမျက်စိမမှိတ်နိုင်ခဲ့ပေ။

ဘာလှုပ်ရှားမှုမှ မရှိခဲ့ပေ။ ရှန်ဟွိုင်နျန်ရော သူ့ဘေးခန်းကလူပါ အပြင်ထွက်မလာကြပေ။

မနက်ခြောက်နာရီလောက်ရောက်မှ ရှန်ဟွိုင်နျန်၏ ဘေးခန်းကလူ အပြင်ထွက်လာသည်။ ချန်ကျွေ့ တံခါးကြားမှ ချောင်းကြည့်လိုက်ရာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

‘ရထားပေါ်မှာ ငါတွေ့ခဲ့တဲ့လူ လုံးဝမဟုတ်ဘူး၊ အဲဒီလူက ဒီလောက်အရပ်မရှည်ဘူး'

ချန်ကျွေ့ ကုတင်ပေါ် ပြန်လှဲလိုက်သည်။

‘ငါပဲ အထင်လွဲသွားတာလား'

‘ဒါပေမယ့် ရှန်ဟွိုင်နျန်က အဲဒီလူကို တကယ်လွှတ်ပေးလိုက်တာလေ’

သူ ရှန်ဟွိုင်နျန်နှင့် ပတ်သက်လာလျှင် ဘယ်တော့မှ ပေါ့ပေါ့ဆဆနေမည်မဟုတ်ပေ။ ချန်ကျွေ့သည် ရှန်ဟွိုင်နျန်ကို အနီးကပ် စောင့်ကြည့်နေသည်။

ရှန်ဟွိုင်နျန်ကတော့ တည်ငြိမ်သည့် မျက်နှာထားနှင့်ပင်။

‘ကောင်းတယ်၊ ချန်ကျွေ့ရဲ့အာရုံကို ငါဆွဲဆောင်ထားနိုင်ခဲ့ပြီ၊ ဒါမှ ငါ့ဇနီးလေးက ငါတို့နောက်ကို သေချာလိုက်နိုင်ပြီး ချန်ကျွေ့ကို စောင့်ကြည့်နိုင်မှာလေ'

ချန်ကျွေ့မှ ရှန်ဟွိုင်နျန်အား စောင့်ကြည့်နေသလို ရှဲ့လီကလည်း ချန်ကျွေ့ကို စောင့်ကြည့်နေသည်။

ချန်ကျွေ့ဆီတွင် မည်သည့်ပြဿနာမှမရှိကြောင်းနှင့် သူလျှိုမဟုတ်ကြောင်းကို ရှဲ့လီ သေချာပေါက်သိနေပြီဖြစ်သော်လည်း အထက်ကပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ဖို့ရန်အတွက် ဆက်လက်စောင့်ကြည့်နေရသည်။

သူမ တကယ်ကို ပင်ပန်းနေလေပြီ။

‘နေ့တိုင်း မြည်းခွာပုံဖိနပ်ထူကြီးတွေကို စီးထားရတာ လူကိုတစ်ကယ်ပင်ပန်းစေတာပဲ'

ရှဲ့လီ စိတ်ပျက်လုနီးပါးဖြစ်နေလေပြီ။

ဤပုံစံအတိုင်း နောက်ယောင်ခံလိုက်ရသည်မှာ ရှစ်ရက်ကြာမြင့်ခဲ့သည်။

ချန်ကျွေ့တာဝန်ပြီးဆုံးသွားပြီး တည်းခိုခန်းကို ပြန်တည်းသည့် အချိန်အထိပင်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း ချန်ကျွေ့ သေချာစောင့်ကြည့်ခဲ့သော်လည်း ရှန်ဟွိုင်နျန်ထံ ဘာအားနည်းချက်ကိုမှ မတွေ့ရပေ။ ရှန်ဟွိုင်နျန်ကို ရန်သူ့သူလျှိုအဖြစ် သံသယရှိကြောင်း အဖွဲ့အစည်းအားသတင်းပို့လိုက်လျှင်လည်း တချို့လူတွေကိုလန့်သွားစေပြီး ရန်သူအား သတိပေးသလို ဖြစ်သွားလိမ့်မည်။

‘အခု ငါ့မှာ ဘာသက်သေမှမရှိဘူး၊ အရာအားလုံးက အချည်းနှီးပဲ၊ စစ်တပ်နဲ့ ရှောင်လီအတွက် ငါ ရှန်ဟွိုင်နျန်ရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ရမယ်’

ယခုတစ်ခေါက်တော့ ရှဲ့လီအခန်းက ချန်ကျွေ့အခန်းနှင့် ကပ်လျက်ဖြစ်နေပြီး သူမဘယ်ဘက်တွင် ချန်ကျွေ့ရှိကာ ညာဘက်၌ ရှန်ဟွိုင်နျန်ရှိနေသည်။

ချန်ကျွေ့က နောက်ရက်အနည်းငယ်အတွင်း စစ်တပ်ကို သတင်းပို့ဖို့ ပြန်သွားတော့မည်ဖြစ်ရာ သူမတာဝန်လည်း ပြီးဆုံးတော့မည်ဖြစ်သည်။ သူမစိတ်နှလုံးလည်း နောက်ဆုံးတော့ ငြိမ်းချမ်းသွားရတော့မည်။

ရှဲ့လီ ဖိနပ်ချွတ်ပြီး အနားယူဖို့ရာ ပြင်ဆင်လိုက်သည်။ ဤရက်ပိုင်းအတွင်း သူမခမျာ တစ်ချိန်လုံး ရုပ်ဖျက်ထားခဲ့ရသည်။ ချန်ကျွေ့ တာဝန်ထွက်လုပ်သည့်အခါ သူမလိုက်မသွားရသည့် အချိန်မှလွဲ၍ တစ်နေ့လုံး ချန်ကျွေ့နှင့် ရှန်ဟွိုင်နျန်တို့အနောက်တွင်သာ ရှိနေခဲ့သည်။ သူမနှာခေါင်းစည်းနှင့် ဖိနပ်ကိုပင် မချွတ်ရဲခဲ့ပေ။

ယခုတော့ သူမအနားယူနိုင်လေပြီ။

ရှဲ့လီ ဖိနပ်စချွတ်လိုက်သည်။ ဖိနပ်က ချွတ်ရနည်းနည်းခက်နေသောကြောင့် ခွန်အားသုံးဖို့တွေးပြီး ဖိနပ်ဖနောင့်ကို ကြမ်းပြင်နှင့် ဆောင့်လိုက်သည်။

မထင်မှတ်ဘဲ 502ကော်နှင့် ကပ်ထားသည့် ဖိနပ်ခွာကကွာကျသွားပြီး တွဲကပ်ထားသည့် အောက်ခံမှာလွင့်ထွက်သွားကာ တံခါးကိုသွားမှန်တော့သည်။

တည်းခိုခန်းလေးမှာ ဟောင်းနွမ်းပျက်စီးနေပြီဖြစ်ပြီး တံခါးသော့ကလည်း လှုပ်လီလှုပ်လဲ့ဖြစ်နေသည်။

မြည်းခွာဖိနပ်ကြီး အရှိန်ပြင်းပြင်းဖြင့် ထိမှန်ခံလိုက်ရရာ တံခါးပွင့်ထွက်သွားပြီး ဖိနပ်ခွာကအပြင်ဘက်လွင့်ထွက်သွားကာ အနားမှဖြတ်လျှောက်သွားသည့် ချန်ကျွေ့မျက်နှာအား သွားရိုက်မိတော့သည်။

ချန်ကျွေ့ ခေါင်းလှည့်ကြည့်လိုက်ရာ ရှဲ့လီကိုတွေ့လိုက်ရသည်။ သူမက ဦးထုပ်ဆောင်းကာ နှာခေါင်းစည်းတပ်ထားပြီး ယောကျ်ားလေးအဝတ်အစားများ ဝတ်ဆင်ထားသည်။ သူ သူမကိုမမှတ်မိပေ။

သို့သော်ငြား ထိုလူက လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အခန်းနှင့် နှစ်ခန်းကျော်မှာနေခဲ့သည့် အရပ်ရှည်ရှည်လူဆိုသည်ကိုတော့ သူ မှတ်မိလိုက်သည်။

‘ဒီလူက အရမ်းသံသယဖြစ်စရာကောင်းတယ်၊ သူ ဘာလို့မထွက်သွားသေးတာလဲ၊ ဒါမှမဟုတ် ငါ့နောက်ကို တစ်လျှောက်လုံး လိုက်နေခဲ့တာလား'

ချန်ကျွေ့ အခန်းထဲဝင်လာပြီး တံခါးပေါက်အား ပိတ်ရပ်ကာ ရှဲ့လီကို စိုက်ကြည့်နေလိုက်သည်။

All Chapters