← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

Ch-137

ရှဲ့လီ ခေါင်းငုံ့ထားလိုက်ပြီး သူမအား မှတ်မိသွားမည်ကိုစိုးသောကြောင့် သူ့အကြည့်များအား ရင်မဆိုင်ရဲပေ။

ချန်ကျွေ့ တဖြည်းဖြည်းနီးကပ်လာပြီး ရှဲ့လီနှင့် တစ်မီတာလောက်အကွာတွင် ရပ်လိုက်သည်။

“မင်း ငါ့နောက်ကို လိုက်နေတာလား”

သူ့အသံက ပုံမှန်လိုနူးညံ့မနေဘဲ ရေခဲဓားတစ်ချောင်းသဖွယ် အေးစက်စူးရှနေပြီး စကားလုံးတိုင်းက နက်ရှိုင်းစွာ ထိုးခွဲနေသည်။

ရှဲ့လီ အမြန်လက်ခါပြလိုက်၏။

“အိုး ဆွံ့အနေတာလား”

သူ့အသံကမြင့်တက်သွားပြီး ဖိအားများ အပြည့်ပါနေသည်။ ချန်ကျွေ့ရှေ့ကို တစ်လှမ်းချင်းတိုးလာပြီး ရှဲ့လီ၏ဦးထုပ်ကို ငုံ့ကြည့်လိုက်သည်။

“မင်းက ရှန်ဟွိုင်နျန်နဲ့ တစ်အုပ်စုတည်းပဲ”

ဤလေသံက မေးခွန်းထုတ်ခြင်းမျိုး မဟုတ်ဘဲ အတည်ပြုပြောဆိုလိုက်ခြင်းဖြစ်သည်။ ရှဲ့လီနှလုံးသား တစ်ချက် ခုန်သွားသည်။

‘ငါ ရှန်ဟွိုင်နျန်ကို ဒုက္ခမပေးနိုင်ဘူး၊ ငါ့ရဲ့ဇာစ်မြစ်ကိုလည်း ဖော်ပြလို့မရဘူး၊ ဒါပေမယ့် ချန်ကျွေ့က ရှန်ဟွိုင်နျန်နဲ့ သူမရဲ့ဆက်သွယ်မှုကို သံသယဝင်နေပြီ'

သူသာ စစ်တပ်ကိုသတင်းပို့လိုက်ပါက ရှန်ဟွိုင်နျန် သေချာပေါက်စုံစမ်းစစ်ဆေးခံရလိမ့်မည်။ ရှဲ့လီမှာ ရွေးချယ်စရာ နှစ်ခုသာရှိတော့သည်။

‘ထွက်ပြေးပြီး ရှန်ဟွိုင်နျန်ကို ရောင်းစားမလား'

‘ဒါမှမဟုတ် အဖွဲ့အစည်းရဲ့အမိန့်ကို ဖီဆန်၊ ရုပ်ဖျက်ထားတာကို ထုတ်ပြပြီး အကြောင်းပြချက်တစ်ခုခု လုပ်ကြံပြောမလား’

ရှဲ့လီ လက်သီးတင်းတင်းဆုပ်လိုက်သည်။

‘ရှန်ဟွိုင်နျန်က ငါ့အပေါ်အရမ်းကောင်းခဲ့တာကို၊ ငါ... ငါ ဘယ်လိုလုပ်ပြီးတော့…'

ရှဲ့လီ စိတ်ဒုံးဒုံးချလိုက်၏။

သူမ ရုတ်တရက်ခုန်အုပ်လိုက်ပြီး ချန်ကျွေ့ခေါင်းကို တည့်တည့်ထိုးချလိုက်သည်။ မလုံလောက်သေးသလို ခံစားရသဖြင့် သူအပေါ်ကနေခွထိုင်ပြီး အသေအလဲ ထုရိုက်တော့သည်။

‘ငါလခွမ်း ချန်ကျွေ့၊ နင်က ဘာလို့ ဒီလောက်တောင် စပ်စုနေရတာလဲ'

ထို့နောက် ‘ဖားပြုတ် ပင်လယ်ပြင်ကို ခုန်ဆင်းခြင်း’ အကွက်ဖြင့် ဒုတိယထပ်မှ အောက်သို့ခုန်ချလိုက်တော့သည်။

'အားနျန်ရေ.... ရှင့်ဘာသာရှင်ပဲကြည့်ရှင်းတော့၊ ဒီအစ်မကြီးကတော့ အရင်သွားပြီဟေ့'

သူမ ရှန်ဟွိုင်နျန်ကို တစက်လေးမှတုံ့ဆိုင်းမနေဘဲ ရောင်းစားပစ်လိုက်တော့သည်။

ချန်ကျွေ့ခမျာ မျက်စိထဲ ကြယ်၊ လများမြင်သွားပြီး မူးဝေသွားသည်အထိ အရိုက်ခံလိုက်ရသည်။ သူ အမြန်ပြန်ထကာ သူမနောက်ကိုလိုက်သွား၏။

ထို့နောက် ထိုလူ အဝေးသို့ပြေးသွားသည်ကို သူတွေ့လိုက်ရသည်။

‘ဟင်၊ အရပ်က တစ်ခါတလေ ၁.၆ မီတာလောက်ရှိလိုက်၊ တစ်ခါတလေ ၁.၇ မီတာလောက် ရှိလိုက်နဲ့'

ရှဲ့လီ၏ဖိနပ်ခွာတစ်ဖက်က ပြုတ်ထွက်သွားလေပြီ။ ထို့ကြောင့် သူမပြေးသည့်အခါ အရပ်အမြင့်က ၁.၆ မီတာနဲ့ ၁.၇ မီတာကြား အတက်အကျဖြစ်နေသော်လည်း ချန်ကျွေ့မှတ်မိသွားမည်ကိုစိုးရိမ်သောကြောင့် ဖိနပ်ကိုမချွတ်ရဲဘဲ ဆက်ပြေးနေရသည်။

ချန်ကျွေ့လည်း အောက်ကို ခုန်ချပြီး လိုက်ဖမ်းဖို့ ပြင်လိုက်သည်။

*ခွပ်*

အနက်ရောင်အရာဝတ္ထုတစ်ခုက သူ့ကျောလယ်တည့်တည့်ကို အရှိန်ပြင်းပြင်း လာမှန်လေ၏။

“အ”

သူ့ထံမှ ဘဲတစ်ကောင်ကဲ့သို့ အသံတစ်သံ ထွက်သွားလေသည်။

နောက်လှည့်ကြည့်လိုက်ရာ ရှဲ့လီ၏ဖိနပ်ခွာနှင့် ပစ်ပေါက်လိုက်သူမှာ ရှန်ဟွိုင်နျန်ဖြစ်နေလေသည်။

“ရှန်ဟွိုင်နျန် မင်း တမင်လုပ်တာမလား၊ ခုနက ခုန်ချသွားတဲ့လူက မင်းနဲ့ တစ်အုပ်စုတည်းပဲမလား”

ချန်ကျွေ့ ဒေါသတထောင်းထောင်းထွက်နေ၏။

အစောကတစ်ချက်တွင် သည်းခြေရည်တွေတောင် အန်ထွက်ချင်သွားသည်။

ရှန်ဟွိုင်နျန်က သူ့လက်နှစ်ဖက်ကိုဖြန့်ပြလိုက်ပြီး ပြောလာ၏။

“ခန့်မှန်းကြည့်လေ”

ချန်ကျွေ့ : “.....”

ရှဲ့လီ အဝေးကြီးကိုပြေးထွက်သွားပြီဖြစ်ကြောင်း မြင်လိုက်ရကာမှ ရှန်ဟွိုင်နျန် သက်ပြင်းချနိုင်တော့သည်။ သူ သူ့ဇနီးလေးကို အောင်အောင်မြင်မြင်ကာကွယ်ပေးနိုင်ခဲ့လေပြီ။

ယခု တာဝန်ပြီးဆုံးသွားပြီဖြစ်ရာ ချန်ကျွေ့သည် သတ်မှတ်ရက်ထက်စောပြီး လျောင်းနင်ပြည်နယ်သို့ ပြန်သွားခဲ့သည်။

ရှဲ့လီကလည်း လျောင်းနင်ပြည်နယ်သို့ အပြန်လမ်းတစ်လျှောက်လုံး သူ့နောက်မှ တိတ်တဆိတ်လိုက်ပါသွားခဲ့သည်။

ဤတာဝန်ထမ်းဆောင်နေစဉ်အတွင်း ရှန်ဟွိုင်နျန်သာ သူမကိုဖုံးကွယ်မပေးခဲ့လျှင် သူမ သေချာပေါက်ပေါ်သွားနိုင်လောက်သည်။ သို့သော် ဤကိစ္စကြောင့် ချန်ကျွေ့က ရှန်ဟွိုင်နျန်အား အထက်ကို သတင်းပို့တိုင်ကြားလိုက်သည်။

တိုင်ကြားမှုရှိလျှင် စုံစမ်းစစ်ဆေးမှုဆိုသည်မှာလည်း ရှိစမြဲပင်။ ရှန်ဟွိုင်နျန်သည် သံသယဖြစ်စရာလူအား လွှတ်ပေးခဲ့သည်ကို ဝန်မခံခဲ့ပေ။ ‘ရထားပေါ်ကလူက သူ့ဘာသာ ထွက်ပြေးသွားတာ’ ဟုသာ ပြောခဲ့သည်။

ဤသံသယဖြစ်စရာ အချက်နှစ်ချက်က သေချာစုံစမ်းစစ်ဆေးဖို့ လိုအပ်သောကြောင့် စုံစမ်းစစ်ဆေးမှုမပြီးမချင်း ရှန်ဟွိုင်နျန်အား တစ်လတိတိ တာဝန်ရပ်နားထားလိုက်သည်။

ရှဲ့လီ သုံးမိနစ်လောက် ဝမ်းနည်းသွားပြီး လေးမိနစ်လောက် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူမ ရှန်ဟွိုင်နျန်ကိုဖက်ပြီး တစ်မိနစ်လောက် ငိုချလိုက်ရာ ရှန်ဟွိုင်နျန်လည်း ဆက်တောင့်မခံနိုင်တော့ပေ။ သူမအတွက် သူ့ရင်များ နာကျင်သွားရသည်။

“ရှောင်လီ စုံစမ်းစစ်ဆေးဖို့အတွက် ခဏရပ်နားထားရုံလေးပါ၊ ကိစ္စမရှိပါဘူး”

“အကုန်လုံး ကျွန်မအမှားတွေပါ၊ ရှင်သာ ကျွန်မကို ကာကွယ်မပေးခဲ့ရင်....”

“ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လုပ်ခဲ့တာပါ”

ရှဲ့လီ၏နှလုံးသား တစ်ချက်ခုန်သွားသည်။ ပထမဆုံးအနေနှင့် ယောကျ်ားတစ်ယောက်ကြောင့် သူမစိတ်များ အပြည့်အဝ ယိမ်းယိုင်သွားခဲ့ရ၏။

'ဒါပေမယ့် အချိန်တွေကို နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင်တောင် ငါသူ့ကို ဆက်ပြီး ရောင်းစားနေဦးမှာပဲ ဟားဟားဟားဟား'

စစ်တပ်ဝင်းထဲမှလူများကတော့ ဤအကြောင်းကို အပူတပြင်းဆွေးနွေးနေကြတော့သည်။

“ဘယ်သူကများ တပ်မှူးရှန်ကို ရန်သူ့သူလျှိုလို့ပြောတာလဲ၊ အဓိပ္ပာယ်မရှိလိုက်တာ၊ တပ်မှူးရှန်က တကယ့် သူရဲကောင်းပါဟာ”

“ဟုတ်ပါ့ အစားကိုသာကြိုက်သလိုစားလို့ရမယ်၊ စကားကိုတော့ ဖြစ်သလိုပြောလို့မရဘူးနော်”

“တခြားအတင်းအဖျင်းတွေက ကိစ္စမရှိပေမယ့် ဒီလိုစကားမျိုးကျတော့ ဘယ်လိုလုပ် ပြောထွက်ရတာလဲ”

ဤတစ်ကြိမ်တွင် မရီးများအားလုံးက အံ့သြစရာကောင်းလောက်အောင် ပြင်ပလူကို ညီညီညွတ်ညွတ်ဆန့်ကျင်နေကြသည်။ ယဲ့ရှုဟွာသည် လူအုပ်ထဲတွင် ရပ်ကာ အတင်းအဖျင်းများကို နားထောင်နေ၏။

‘ရှန်ဟွိုင်နျန်ဆိုတာ နတ်ဘုရားမှ မဟုတ်တာ၊ သူ့မှာလည်း မျက်နှာပျက်ရမယ့် နေ့ရက်တွေရှိတာပဲလေ'

‘စုံစမ်းစစ်ဆေးဖို့အတွက် တာဝန်ရပ်နားခံရတာတဲ့လား'

ဤအခွင့်အရေးကိုအသုံးချ၍ သူမ မီးလောင်ရာ လေပင့်ပေးရဦးပေမည်။

All Chapters