← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

Ch-138

စစ်တပ်ဘက်တွင်မူ ရှန်ဟွိုင်နျန်သည် စုံစမ်းစစ်ဆေးရန်အတွက် တာဝန်မှ ယာယီရပ်နားခံထားရသည်။

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတွင် ရှန်ဟွိုင်နျန်သည် တလီခွေ့မှာ ရှဲ့လီဖြစ်ကြောင်း သူသိထားသည့်ကိစ္စအား အထက်လူကြီးများထံသို့ သတင်းမပို့ခဲ့ပေ။

သူနှင့် ရှဲ့လီတို့နှစ်ဦးလုံး၏ဇာစ်မြစ်များသည် ထိပ်တန်းလျှို့ဝှက်ချက်များ ဖြစ်ကြသည်။

သူသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ ထိပ်ပိုင်းခေါင်းဆောင်နှင့်သာ တိုက်ရိုက်ဆက်သွယ်ပြီး ရှဲ့လီ၏ဇာစ်မြစ်အား ညွှန်ကြားရေးမှူး၊ လီချယ်နှင့် သူကိုယ်တိုင်ကသာသိထားကြောင်း အဆိုပါခေါင်းဆောင်ကြီးက သူ့အား ယခင်ကပြောပြထားခဲ့ဖူးသည်။

ညွှန်ကြားရေးမှူးမှာလည်း ရှန်ဟွိုင်နျန်က ဝံပုလွေအိုဖြစ်ကြောင်းကိုမသိခဲ့ပေ။ ကံတရား၏ ဖန်တီးမှုကြောင့် ဇနီးမောင်နှံနှစ်ဦး အတူတကွအလုပ်လုပ်ဖြစ်သွားခဲ့ကြသည်။

“ဟွိုင်နျန် ရဲဘော်တွေက ငါတို့နိုင်ငံနဲ့ ပြည်သူတွေအတွက် သူတို့ဘဝတွေကို မြှုပ်နှံထားကြတယ်၊ သူတို့အတွက် လူသိရှင်ကြား ဂုဏ်ပြုခံရမှုတွေမရှိတဲ့အပြင် လောကကြီးရဲ့အထင်လွဲခံရမှုတွေတောင်ရှိနိုင်ပေမယ့် နိုင်ငံတော်ရဲ့ တာဝန်ကိုထမ်းဆောင်ရင်း ဘာညည်းညူသံမှ မထွက်ခဲ့ကြဘူး”

ခေါင်းဆောင်ကြီး သက်ပြင်းချလိုက်သည်။ ယခုမူ ရှန်ဟွိုင်နျန်သည် ရှဲ့လီ၏ အထက်လူကြီးဖြစ်လာခဲ့ပြီဖြစ်၏။ သူတို့၏တာဝန်အသီးသီးကို ထမ်းဆောင်ရင်း တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း မပြောဆိုနိုင်ကြသော်လည်း နှစ်ဦးလုံးသည် ဦးတည်ချက် တစ်ခုတည်းဆီသို့သာ လျှောက်လှမ်းနေကြခြင်းဖြစ်သည်။

သူတို့ဇာစ်မြစ်များကို တစ်ဦးကိုတစ်ဦး ဖော်ပြခွင့်မရှိသေးပေ။ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့နှစ်ဦးလုံးသည် ရာစုနှစ်တစ်ခုတွင် တစ်ခေါက်သာပေါ်ထွက်လာတတ်သော ပါရမီရှင်များဖြစ်ကြသည်။ သူတို့နှစ်ဦး၏ပူးပေါင်းဆောင်ရွက်မှုသည် အားစိုက်ထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆကို ရရှိစေပေမည်။

ကိုယ်ရေးကိုယ်တာခံစားချက်များက လုပ်ငန်းတာဝန်များအပေါ် ထိခိုက်မှုမရှိစေရန်အတွက် ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့အား အချင်းချင်း၏ဇာစ်မြစ်များကို သိခွင့်မပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ရှန်ဟွိုင်နျန် မတ်မတ်ရပ်လိုက်ပြီးပြောလာ၏။

“ဟွိုင်နျန်က အဖွဲ့အစည်းနဲ့ နိုင်ငံတော်ကို သေချာပေါက် စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး”

မရေမတွက်နိုင်သော ရဲဘော်များသည် နိုင်ငံတော်အတွက် အသက်စတေးခဲ့ကြရသည်။ အချို့သည် အသက်ရှင်စဉ်ကာလ၌ လူဆိုး၊ လူမိုက်များအဖြစ် ရုပ်ဖျက်နေထိုင်ခဲ့ကြရပြီး သေဆုံးသွားပြီးနောက်တွင်ပင် သူတို့ဇာစ်မြစ်များအား ထုတ်ဖော်ခွင့်မရဘဲ နာမည်ဆိုးများကိုသာ ထမ်းပိုးသွားခဲ့ကြရ၏။

သူတို့၏ဂုဏ်ပြုမှတ်တမ်းများကို အမည်မသိ ကျောက်တိုင်များပေါ်တွင်သာ ကမ္ပည်းထိုးထားကြရပြီး နေအလင်းရောင်နှင့် ထိတွေ့ခွင့်ရရန်ပင် အလွန်ခဲယဉ်းလှပေသည်။

ဆယ်စုနှစ်များစွာ အတူတကွ အိပ်ရာဝင်ခဲ့သော ဇနီး၊ ဆယ်စုနှစ်များစွာ အတူနေထိုင်ခဲ့သော ဆွေမျိုးများပင်လျှင် သူတို့၏အစစ်အမှန်ဇာစ်မြစ်များကို မသိရှိခဲ့ကြပေ။

သူတို့သည် အရာအတော်များများကို စတေးခဲ့ကြပြီး သူတို့၏တစ်ခုတည်းသော ရည်မှန်းချက်မှာ မိခင်နိုင်ငံတော်အတွက်သာဖြစ်သည်။

သူတို့က ထိုကဲ့သို့ပင်ဖြစ်ပြီး ရှန်ဟွိုင်နျန်နှင့် ရှဲ့လီသည်လည်း အတူတူပင်ဖြစ်ကြသည်။ ရှန်ဟွိုင်နျန် ခေါင်းငုံ့ထားလိုက်၏။

‘တောင်းပန်ပါတယ်’

ဤတစ်ကြိမ်တွင် သူသည် တစ်ကိုယ်ကောင်းဆန်မှုအနည်းငယ်ကို ဖုံးကွယ်ထားခဲ့မိသည်။ ရှဲ့လီက တလီခွေ့ဖြစ်ကြောင်း သူ ခန့်မှန်းမိသည့်အရာအား ရိုးရိုးသားသားဖွင့်မပြောပြခဲ့ပေ။

သူ၏သစ္စာရှိမှုသည်တော့ အားလုံးအမြင်တွင်ရှင်းလင်းနေပြီး နိုင်ငံတော်အတွက် အချိန်မရွေး အသက်ပေးရန် အဆင်သင့်ရှိနေသူဖြစ်သည်။

သို့ပေမယ့် သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုတစ်ခု ရှိနေသည်။ သူသည် ရှဲ့လီကိုလည်း တိတ်တဆိတ် ကာကွယ်ပေးချင်နေမိ၏။

တလီခွေ့၏ဇာစ်မြစ်ကို သူသိကြောင်းသာဝန်ခံလိုက်ပါက နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် သူတို့၏စစ်ဆင်ရေးတာဝန်များကို သေချာပေါက် ခွဲပစ်လိုက်မည်သာပင်။

သူ အလွန်စိုးရိမ်နေမိသည်။ သူသည် ရှဲ့လီအတွက် အင်မတန်ဂုဏ်ယူနေမိသည်။ သူနှင့် သူမ တစ်ခုတည်းသော ရည်မှန်းချက်ဆီသို့ အတူတကွ ချီတက်နေရခြင်းအတွက်လည်း ကံကောင်းသည်ဟု ခံစားရသည်။

ရှဲ့လီသည် ဤစောင့်ကြည့်လေ့လာမှု အစီရင်ခံစာအား နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသို့ တင်ပြလိုက်ပြီး များမကြာမီမှာပင် ဝံပုလွေအိုထံမှ နောက်ထပ်သတင်းစကားတစ်ခု လက်ခံရရှိခဲ့သည်။

ချန်ကျွေ့အား စုံစမ်းစစ်ဆေးခြင်းကို ရပ်တန့်လိုက်ရန်ပင်။ ဤတစ်ကြိမ်တွင်မူ ချန်ကျွေ့ထံ၌ မည်သည့်ပြဿနာမျှမရှိကြောင်း အပြည့်အဝအတည်ပြုနိုင်ခဲ့ပြီဖြစ်၏။

သို့ပေမယ့် မြေကျွဲအား စစ်ဆေးမေးမြန်းမှုမှတစ်ဆင့် သူတို့ပတ်ဝန်းကျင်တွင် အခြားသော ရန်သူ့သူလျှိုများ ပုန်းအောင်းနေသေးကြောင်းကို သိရှိခဲ့ရသည်။

ယဲ့ကျန့်ကျွင်းအား လုပ်ကြံသတ်ဖြတ်မှုသည် မြေကျွဲကိုယ်တိုင် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ထိုသို့လုပ်ကြံရန် အမိန့်ပေးခဲ့သူမှာ မြေကျွဲ၏အထက်လူကြီး အမည်ဝှက် ‘ဥကြီး’ ပင်။

အမည်ဝှက် ‘ဥကြီး’သည် အမျိုးသားလော အမျိုးသမီးလော လူကြီးလော လူငယ်လောဆိုသည်ကို မြေကျွဲမသိထားပေ။

သူတို့၏ဆက်သွယ်မှုကိုပင်လျှင် ဥကြီးဘက်မှသာ စတင်လေ့ရှိပြီး မြေကျွဲမှ ဥကြီးထံသို့ ဆက်သွယ်၍မရနိုင်ပေ။

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ ခွဲခြမ်းစိတ်ဖြာချက်အရ အမည်ဝှက် ဥကြီးသည် ဤကွန်ရက်၏ထိပ်ပိုင်းခေါင်းဆောင်ဖြစ်နိုင်ချေရှိသည်။

သူတို့ ဤကွန်ရက်အားခြေရာခံလာခဲ့သည်မှာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုကာလအတွင်း ရဲဘော်များစွာ အသက်စတေးခဲ့ရသည်။ ယခုမူကား အဆုံးသတ်ကို နောက်ဆုံးတွင် သူတို့ မြင်တွေ့လာရပြီဖြစ်၏။

သို့သော် အမည်ဝှက်ဥကြီးနှင့် ပတ်သက်သော အချက်အလက်များမှာ အလွန်နည်းပါးနေပြီး ထိုသူ မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကိုပင် သူတို့ အတည်မပြုနိုင်သေးပေ။

စစ်တပ်ဝင်းထဲတွင်လော။ စစ်တပ်အတွင်း၌လော။ စစ်တပ်ဝင်း၏ ပတ်ဝန်းကျင်တွင်လော။ စစ်တပ်ဇနီးသည်များ၏ ဆွေမျိုးများထဲတွင်လော။

လုံးဝကိုမသိရဘဲ သဲလွန်စများ ပျောက်ဆုံးနေသည်။

ယဲ့ကျန့်ကျွင်း၏အမှုမှာမူ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် လီချယ်နှင့်အတူ ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့အတွက်ပါ ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့၏။

သို့ပေမယ့် လူအတိုင်းအမြင်တွင်မူ ဤဂုဏ်ပြုမှုသည် မြင်သာသော လီချယ်အပေါ်သို့သာ ကျရောက်ခဲ့ရသည်။

လျူရှို့အော်သည် ကျေးဇူးတင်စကားဆိုရန်အတွက် ယဲ့ရှုဟွာအား ကိုယ်တိုင်ခေါ်ဆောင်လာခဲ့ပြီး ပိုးသားဆိုင်းဘုတ်တစ်ခုနှင့် အနီရောင်ပန်းပွင့်ကြီးတစ်ခုကိုပါ ယူဆောင်လာခဲ့သည်။

လီချယ်မှာ ဟယ်ခရိုင်တွင် တာဝန်ထမ်းဆောင်ရန်ထွက်သွားသောကြောင့် သူတို့သည် ထိုပစ္စည်းများကို လီချယ်၏ မိဘများထံသို့သာ ပေးပို့ခဲ့ကြ၏။

“အမေ သမီး ရှန်ဟွိုင်နျန်ကို လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ အရင်တုန်းကတော့ သူ့ကို နတ်ဘုရားတစ်ပါးလို သဘောထားခဲ့ပြီး သမီးကိုယ်သမီးတောင် အရူးတစ်ယောက်လိုဖြစ်အောင်လုပ်ခဲ့မိတယ်”

ယဲ့ရှုဟွာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်သည်။ သူမဘဝတွင် ပထမဆုံး သဘောကျခဲ့ဖူးသော အမျိုးသားက သူမအားစိတ်ပျက်စေခဲ့သည်။

တာဝန်မှ ယာယီရပ်နားခံရပြီး အချစ်တွင် နစ်မွန်းနေသူဖြစ်နေလေပြီ။

သူမရင်ထဲမှ နတ်ဘုရားတစ်ပါးဆိုသည်မှာ ဤသို့မဟုတ်ပေ။

သူမကိုယ်တိုင်သည်လည်း ထူးချွန်သူတစ်ဦးဖြစ်ရာ အမျိုးသားတစ်ယောက်ကြောင့် စိတ်ဓာတ်ကျနေရန်မလိုအပ်ပေ။

“အမေ သမီးရဲ့အရည်အချင်းနဲ့ဆို နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကို ဝင်လို့ရနိုင်မယ်ထင်လား”

လျူရှို့အော် : “…..”

“သမီး သမီးအဖေရဲ့အမှုပေါ်သွားလို့ အရမ်းဝမ်းသာပြီး ရူးသွားတာလား၊ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနဆိုတာ ဘယ်လိုနေရာမျိုးလို့ ထင်နေတာလဲ၊ ၀င်ချင်တဲ့အချိန် ဝင်လို့ရတယ်လို့ထင်နေတာလား”

သူမ၏သမီးဖြစ်သူ ရူးသွပ်သွားပြီဟုသာ ထင်မှတ်လိုက်တော့သည်။ ယဲ့ရှုဟွာ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ သူမသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသို့ ဝင်ရောက်ချင်၏။

All Chapters