အခန်း ၁၄၀
Vol. 14 Ch. 140
Ch-140
လျူရှို့အော်သည် ယဲ့ရှုဟွာအား စတင်သွေးထိုးလှုံ့ဆော်လေတော့သည်။
“ဟွာဟွာ အရင်ကဆို သမီးကလူတိုင်းလေးစားရတဲ့ ဆေးပညာပါရမီရှင်လေးပါ၊ ဒါပေမယ့် အခုတော့ လှောင်ပြောင်ခံရပြီး တာဝန်ရပ်နားခံထားရတယ်၊ ဒါတွေအကုန်လုံးက ရှန်ဟွိုင်နျန်နဲ့ ရှဲ့လီတို့ကြောင့်ပဲ”
ယဲ့ရှုဟွာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
“အဲဒီလိုဆိုရင်တောင် အဲဒါက ရှဲ့လီရဲ့ အမှားသက်သက်ပဲဖြစ်ရမှာမဟုတ်ဘူးလား”
“အကုန်အတူတူပဲ”
လျူရှို့အော်သည် စားပွဲအားရိုက်ကာ မတ်တတ်ရပ်လိုက်၏။
“သူတို့နှစ်ယောက်က လင်မယားတွေ တစ်သားတည်းပဲ၊ သူမက သူပဲ၊ သူကလည်း သူမပဲ၊ သူတို့က လုံးဝကို အတူတူပဲ၊ ဘောင်းဘီတစ်ထည်တည်း အတူဝတ်ပြီး ကုတင်တစ်လုံးတည်း အတူအိပ်ကြတာ၊ ဟွာဟွာ စဉ်းစားကြည့်စမ်း၊ သူတို့က သမီးအဖေရဲ့အရိုးပြာတွေကိုတောင် ဖြန့်ကြဲပစ်ခဲ့ကြတာ၊ သမီး သူတို့ကိုမမုန်းဘူးလား”
ယဲ့ရှုဟွာ မျက်လုံးအစုံ၏နက်ရှိုင်းသောနေရာတွင် မုန်းတီးမှုအရိပ်အယောင်တစ်ခု လက်ခနဲဖြစ်သွားသည်။ လျူရှို့အော်သည် သူမ၏လမ်းညွှန်သွေးထိုးမှုကို ဆက်လက်လုပ်ဆောင်လေ၏။
“ဟွာဟွာ သမီး ဒေါသတွေကိုမပေါက်ကွဲပစ်ချင်ဘူးလား၊ သမီးက ဆေးပညာပါရမီရှင်တစ်ယောက်တင် မကဘူး၊ သေနတ်ပစ်ကျွမ်းကျင်သူလည်းဖြစ်သလို သမီးရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကလည်း သာမန်စစ်သားတစ်ယောက်ထက် မညံ့ဘူး၊ ဟွာဟွာ သမီးမှာ ခွန်အားတွေရှိတယ်၊ သမီး ဒေါသတွေကို ပေါက်ကွဲပစ်ချင်တယ်ဆိုရင် အမေက သမီးကိုကူညီပေးမယ်”
ယဲ့ရှုဟွာသည် လျူရှို့အော်အားကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်၏။
“အမေက သမီးကို ဘယ်လိုကူညီပေးမှာလဲ”
လျူရှို့အော်သည် သူမလက်သီးများအား တင်းတင်းဆုပ်လိုက်သည်။
“အမေ သေနတ်တစ်လက်ရနိုင်တယ်၊ အချိန်ကျလာရင် အမေက သမီးကိုကာကွယ်ပေးမယ်၊ ပြီးရင် သမီးက သူတို့နှစ်ယောက်လုံးကို သေအောင်ပစ်သတ်လိုက်”
ယဲ့ရှုဟွာ : “….”
“အမေ အမေ့ခေါင်းထဲမှာ တစ်ခုခုများ လွဲနေတာလား၊ သမီး ဒေါသထွက်တာကို ဖြေဖျောက်ချင်ပေမယ့် သမီးအသက်ကိုပါ စတေးပစ်ဖို့အစီအစဉ်မရှိဘူး”
ယဲ့ရှုဟွာ လှည့်ထွက်သွားတော့၏။
သူမမိခင်မှာ ရူးသွပ်နေပြီဖြစ်ရမည်။
လျူရှို့အော် ဒေါသတကြီးဖြင့်အံကြိတ်လိုက်သည်။
ယဲ့ရှုဟွာကို သူမကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ခိုင်းသည့်အတိုင်း လုပ်ဆောင်လေ့ရှိသော်လည်း ဤတစ်ကြိမ်တွင် အဘယ်ကြောင့် စကားနားမထောင်ရသနည်း။
အဖွဲ့အစည်းသည် ကိုယ့်ကိုကိုယ် အဆုံးစီရင်သည့်စနစ်ကို အသက်သွင်းရန်နှင့် ရှန်ဟွိုင်နျန်အား အတူတကွသေတွင်းသို့ခေါ်ဆောင်သွားရန် အမိန့်များ ထုတ်ပြန်ပြီးဖြစ်သည်။
သူမသည် ဥကြီးဖြစ်ပြီး တရုတ်နိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ပုန်းအောင်းနေထိုင်ကာ သတင်းအချက်အလက် အမြောက်အမြားကို စုဆောင်းခဲ့သူဖြစ်သည်။
သူမသည် ယဲ့ကျန့်ကျွင်းဘေးတွင် ပုန်းအောင်းနေခဲ့ပြီး သူ့အတွက် သမီးတစ်ယောက်ကိုပင်မွေးဖွားပေးခဲ့၏။
ယဲ့ကျန့်ကျွင်းအား လုပ်ကြံသတ်ဖြတ်ရန်အမိန့်ကို သူမ၏အထက်လူကြီးများက ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သူမသည် တစ်စက္ကန့်မျှပင်တုံ့ဆိုင်းမနေခဲ့သော်လည်း သူမဇာစ်မြစ်ပေါ်ပေါက်သွားမည်ကို စိုးရိမ်သဖြင့် ကိုယ်တိုင်ကိုယ်ကျမလှုပ်ရှားခဲ့ဘဲ မြေကျွဲမှတစ်ဆင့် အမိန့်ကိုလက်ဆင့်ကမ်းပေးပို့စေခဲ့သည်။
ဒါလီယာနှင့် ခွေးမြီးကောက်တို့သည် သူမအကူအညီဖြင့် ယဲ့ကျန့်ကျွင်းအား လုပ်ကြံနိုင်ခဲ့ခြင်းဖြစ်၏။ သို့မဟုတ်ပါက ထိုနှစ်ဦးသည် ယဲ့ကျန့်ကျွင်း၏ဆံပင်တစ်ပင်ကိုမျှ ထိခိုက်စေနိုင်မည်မဟုတ်ပေ။
ယခုအခါ ဤစစ်ဆင်ရေးကွန်ရက်မှာ စုံစမ်းစစ်ဆေးခံနေရပြီးပြိုလဲသွားခဲ့ပြီဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ယဲ့ကျန့်ကျွင်းအမှုအား ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သူမအားပြောပြခဲ့ချိန်တွင် အမည်ဝှက်ဥကြီးဖြစ်သော သူမကိုယ်တိုင်လည်း ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် မြေကျွဲသည်လည်း သေချာပေါက်ပေါ်သွားပြီဖြစ်ကြောင်းကို သူမသိလိုက်သည်။
သူမသည် အဖွဲ့အစည်းထံသို့ သတင်းပို့ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော အမိန့်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ရန်နှင့် ရှန်ဟွိုင်နျန်အား အတူတကွခေါ်ဆောင်သွားရန်ပင်။
သူတို့လျှို့ဝှက်ကွန်ရက်သည် ရှန်ဟွိုင်နျန်အား လုပ်ကြံသတ်ဖြတ်ရန် သီးသန့်တည်ထောင်ထားခြင်းဖြစ်သည်။ သို့သော်ငြား ထိုအမျိုးသားသည် တကယ်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် ထိခိုက်နစ်နာမှုမရှိခဲ့ရုံသာမက သူတို့ဘက်မှ လူများစွာကိုပါ ဆုံးရှုံးခဲ့၏။
ယခုအခါ ဤကွန်ရက်တွင် သူမ တစ်ယောက်တည်းသာ ကျန်ရစ်တော့ပြီး ပြန်လည်တည်ဆောက်ရန်အတွက် လုံလောက်သောလူများကို လေ့ကျင့်ပေးရန်မှာ အချိန်များစွာကြာမြင့်မည်ဖြစ်သည်။
ကိစ္စရပ်မှာ အရေးကြီးနေပြီဖြစ်ရာ သူမ ထပ်၍ မစောင့်ဆိုင်းနိုင်တော့ပေ။ ရှန်ဟွိုင်နျန်အား သူမနှင့်အတူ သေတွင်းသို့ ခေါ်ဆောင်သွားရန်အတွက် လျူရှို့အော်ဆိုသည့် နာမည်ကိုဖော်ထုတ်ရမည့်လမ်းကိုသာ သူမရွေးချယ်နိုင်တော့သည်။
သူမ ဖော်ထုတ်ခံလိုက်ရလျှင်တောင်မှ သူ့အား အတူတကွခေါ်ဆောင်သွားနိုင်မည့်ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။ လျူရှို့အော်၏နောက်ဆုံး နယ်ရုပ်မှာ ယဲ့ရှုဟွာပင်။
ယဲ့ရှုဟွာသည် သူမသမီးဖြစ်သော်လည်း နယ်ရုပ်တစ်ခုလည်း ဖြစ်သည်။ သူမသည် ယဲ့ရှုဟွာအား လုံးဝမချစ်ခဲ့ပေ။ ယဲ့ရှုဟွာသည် ယဲ့ကျန့်ကျွင်းနှင့်ရရှိခဲ့သော တရားမဝင်ကလေးတစ်ယောက်ထက်မပိုပေ။
လျူရှို့အော် မျက်လုံးမှိတ်လိုက်သည်။
‘ဟွာဟွာ အမေ့ကို အပြစ်မတင်နဲ့နော်'
ထိုညတွင် လျူရှို့အော်သည် ယဲ့ရှုဟွာအားအိပ်ဆေးများ တိုက်ကျွေးခဲ့သည်။ ယဲ့ရှုဟွာ အိပ်ပျော်သွားသောအခါ သူမနားထဲသို့ တိုးတိုးလေးစတင်ပြောဆိုလေတော့၏။
“သမီး ရှန်ဟွိုင်နျန်နဲ့ ရှဲ့လီတို့ကို သတ်ရမယ်၊ သမီး ရှန်ဟွိုင်နျန်နဲ့ ရှဲ့လီတို့ကို သတ်ရမယ်”
ယဲ့ရှုဟွာသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း တွေဝေငေးမောနေခဲ့ပြီး အိပ်ပျော်နေစဉ်အတွင်း သူမနားထဲတွင် ယင်ကောင်တစ်ကောင်အသံမြည်နေသကဲ့သို့ အမြဲခံစားနေရသော်လည်း သူမထချင်လျှင်တောင်မှ မထနိုင်ခဲ့ပေ။
နောက်ဆုံးတွင်မူ သူမအရှုံးပေးလိုက်ရတော့သည်။ သူမ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့အား သတ်ပစ်တော့မည်ဖြစ်သည်။ သို့မဟုတ်ပါက သူမကောင်းကောင်း အိပ်ပျော်နိုင်တော့မည်မဟုတ်ပေ။
သူမ ရူးသွပ်သွားတော့မည်။ လျူရှို့အော်သည် အခွင့်အရေးကိုအရယူကာ သူမ ကြိုတင်ပြင်ဆင်ထားသော သေနတ်အား ယဲ့ရှုဟွာထံသို့ပေးလိုက်သည်။
ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့အား မသတ်ဖြတ်မီ ဆေးခတ်ဖို့ရာအတွက် ယဲ့ရှုဟွာနှင့်တိုင်ပင်ရန် မူလက စီစဉ်ထားခဲ့သည်။
ထိုနှစ်ဦးသေဆုံးသွားသည်နှင့်တပြိုင်နက် သူမသည် ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူကာ ယဲ့ရှုဟွာအား ရောင်းစားပြီး ထွက်ပြေးမည်ဖြစ်၏။
သူမက လှေလက်မှတ်ကိုပင်ဝယ်ယူထားပြီးဖြစ်သည်။ သူတို့ ယဲ့ရှုဟွာအား ဖမ်းဆီးမိပြီး လျူရှို့အော်ကို ဖမ်းဆီးရန် သက်သေအထောက်အထားအတွက် စစ်ဆေးမေးမြန်းသည့်အချိန်တွင်မူ သူမသည် ထွက်ပြေးလွတ်မြောက်နေသည်မှာ ကြာမြင့်နေပြီဖြစ်မည်။
သို့ပေမယ့် ယဲ့ရှုဟွာသည် ဤမျှတိုက်ရိုက်ဆန်မည်ဟု လျူရှို့အော်မထင်မှတ်ထားခဲ့ပေ။ သူမသည် သေနတ်ဆွဲယူကာ အပြင်သို့ပြေးထွက်သွားတော့သည်။
ရှဲ့လီသည် စစ်တပ်ဝင်းထဲတွင် မရီးများနှင့် စကားစမြည်ပြောဆိုနေစဉ် ယဲ့ရှုဟွာတစ်ယောက် လက်ထဲတွင်သေနတ်တစ်လက်ကိုင်ကာ ရန်လိုသောအမူအရာဖြင့် ပြေးလာသည်ကိုမြင်လိုက်ရသည်။
“ရှဲ့လီ သေဖို့သာပြင်ထားလိုက်တော့”
ရှဲ့လီ : “ဘာလဲဟ”
*ဒိုင်း*
သေနတ်သံတစ်ချက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး စစ်တပ်ဝင်းထဲရှိ မရီးအားလုံး အော်ဟစ်ကာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကုန်ကြ၏။
‘ဒီခွေးမက တကယ်ကြီးလားဟဲ့'
သူမ အနောက်မှလိုက်လာသော လျူရှို့အော်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့ပေါင်သူရိုက်လိုက်သည်။
‘သူ ရူးနေပြီလား'
‘ရှေ့ကိုလျှောက်သွားပြီး သေနတ်နဲ့ တန်းပစ်ရမယ်လို့ ဘယ်သူက နင့်ကိုပြောထားလို့လဲ’
ထို့အပြင် အဓိကပစ်မှတ်မှာ ရှန်ဟွိုင်နျန်ဖြစ်ပြီး ရှဲ့လီမဟုတ်ပေ။ လျူရှို့အော်သည် သူမလုပ်ရပ်များအတွက် အလွန်အမင်း နောင်တရနေမိသည်။
ယဲ့ရှုဟွာသည် ကလေးဘဝကတည်းက ဉာဏ်ကောင်းခဲ့သူဖြစ်ပြီး တိုက်ခိုက်ရေး၊ သေနတ်ပစ်နှင့် ဆေးပညာတို့သည် သူမအတွက် လွယ်ကူခဲ့သည်။
အစပိုင်းတွင် ယဲ့ရှုဟွာသည် အလွန်လိမ္မာသော်လည်း တဖြည်းဖြည်းနှင့် သူမ၏ကိုယ်ပိုင်အတွေးအခေါ်နှင့် အမြင်များဖွံ့ဖြိုးလာကာ လျူရှို့အော်အတွက် သူမအားဦးနှောက်ဆက်ဆေးရန် ခက်ခဲလာခဲ့သည်။
ထို့ကြောင့် လျူရှို့အော်သည် ယဲ့ရှုဟွာအား ဆေးခတ်ရန်စတင်ကြံစည်ခဲ့၏။ ဤဆေးသည် လူတစ်ဦး၏ဦးနှောက်အာရုံကြောများကို တဖြည်းဖြည်း ပျက်စီးစေပြီး တဖြည်းဖြည်းအရူးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားစေမည်ဖြစ်သည်။
သူမသည် ဆေးကို အလွန်အကျွံတိုက်ခဲ့မိခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ယခုအခါ ယဲ့ရှုဟွာ၏စိတ်အာရုံမှာ ထက်မြက်မှုမရှိတော့ဘဲ နားလည်ရခက်သောအရာများကို မကြာခဏ လုပ်ဆောင်လေ့ရှိ၏။
ကိစ္စအားလုံး ပေါ်ပေါက်သွားပြီဖြစ်ကြောင်းမြင်လိုက်ရသောအခါ လျူရှို့အော် ဘယ်အရာကိုမှ ဂရုမစိုက်တော့ပေ။
အခြေအနေအရ ရှန်ဟွိုင်နျန်အား အသေသတ်ပစ်ရမည်။ အဆိုးဆုံးအခြေအနေတွင် သူတို့အတူတကွ သေဆုံးရမည်ဖြစ်သည်။
“ရှောင်လီ”
သေနတ်သံကြားလိုက်ရသောအခါ ချန်ကျွေ့ပြေးလာခဲ့ပြီး ဘယ်ဘက်လက်မောင်းမှ သွေးများယိုကျနေသော ရှဲ့လီအား ယဲ့ရှုဟွာမှသေနတ်ဖြင့် ချိန်ထားသည်ကို တွေ့လိုက်ရသည်။
စောစောက သူမ၏အလွန်မြန်ဆန်သော တုံ့ပြန်မှုများကြောင့်သာ ရှဲ့လီသည် အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ခြင်းဖြစ်၏။
သေနတ်သံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် စစ်တပ်ဝင်းတစ်ခုလုံးအား ပိတ်ဆို့လိုက်တော့သည်။ ဝူချန်ကျွင်းနှင့် တပ်ချုပ်မှူးကျိုးတို့သည်လည်း စစ်သားများနှင့်အတူ ချက်ချင်း ရောက်ရှိလာကြသည်။
ယဲ့ရှုဟွာ ရှေ့သို့ပြေးသွားကာ ဒဏ်ရာရနေသော ရှဲ့လီအား ထိန်းချုပ်လိုက်သည်။
“နောက်ဆုတ်လိုက်ကြ၊ ရှန်ဟွိုင်နျန်ကို ဒီနေရာကို ခေါ်လိုက်၊ အဲဒီလိုမှမဟုတ်ရင် ငါ သူမကိုပစ်သတ်လိုက်မယ်”
ယဲ့ရှုဟွာသည် ရူးသွပ်နေပြီး သူမမျက်လုံးများမှာ ခွေးရူးတစ်ကောင်ကဲ့သို့ သွေးရောင်လွှမ်းနေသည်။
လျူရှို့အော် သက်ပြင်းချလိုက်နိုင်သည်။
‘ဟုတ်တယ်’
‘ရှန်ဟွိုင်နျန်ကို ခေါ်လိုက်၊ သူ သေကိုသေရမယ်’
ချန်ကျွေ့သည် မလှမ်းမကမ်းတွင် ရပ်နေကာ ရှဲ့လီအားစူးစိုက်ကြည့်နေသည်။ တည်ငြိမ်ရန်ကြိုးစားနေသော်လည်း သူ့လက်များ အနည်းငယ် တုန်ယင်နေပြီး သူပြောလိုက်၏။
“ယဲ့ရှုဟွာ၊ မင်း ဘာလိုချင်လဲဆိုတာ ငါတို့ကိုပြောပါ၊ ရှဲ့လီကို လွှတ်ပေးလိုက်၊ ငါ မင်းရဲ့ဓားစာခံလုပ်ပေးမယ်”
ယဲ့ရှုဟွာ မဲ့ပြုံးပြုံးလိုက်သည်။
“ငါက အိပ်ရေးဝဝအိပ်ချင်ရုံလေးပါ”
“ရှုဟွာ”
ဝူချန်ကျွင်း ရှေ့တိုးလာသည်။ ယဲ့ရှုဟွာ ရုတ်တရက် ဤကဲ့သို့လုပ်ဆောင်မည်ဟု သူမည်သည့်အခါကမျှ မထင်မှတ်ထားခဲ့ဘဲ စိုးရိမ်တကြီးဖြင့် ခြေဆောင့်လိုက်၏။
“ရှုဟွာ၊ မင်း ဒီလိုလုပ်လို့မရဘူး၊ တကယ်လို့ ရှဲ့လီက တစ်ခုခုအမှားလုပ်ထားတယ်ဆိုရင် ငါတို့ကိုပြောပါ၊ ငါတို့ ကိုင်တွယ်ဖြေရှင်းပေးမယ်၊ မင်းအဖေကို စဉ်းစားပါဦး၊ မိုက်မဲတဲ့အလုပ်မျိုး မလုပ်ပါနဲ့”
ရှဲ့လီ မျက်စောင်းထိုးလိုက်သည်။ ယဲ့ရှုဟွာ အံကြိတ်လိုက်၏။
“ရှန်ဟွိုင်နျန်၊ ငါ ရှန်ဟွိုင်နျန်ကိုတွေ့ချင်တယ်၊ အဲဒီလိုမှမဟုတ်ရင် ငါ ရှဲ့လီကို သတ်ပစ်မယ်”
ရှဲ့လီ မျက်လုံးမှိတ်လိုက်ပြီး သူမစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်ကာ ယဲ့ရှုဟွာ၏သေနတ်ထဲမှ ကျည်ဆန်များကို ဖယ်ရှားရန် စိတ်စွမ်းအင်ကိုအသုံးပြုလိုက်သည်။
“ရှုဟွာ၊ စိတ်အေးအေးထားပါဦး”
ဝူချန်ကျွင်း ဘေးပတ်လည်ကိုကြည့်လိုက်ရာ အနီးအနားတွင်ရှိသော လျူရှို့အော်အား တွေ့လိုက်ရသည်။ သူသည် လျူရှို့အော်အားဖမ်းဆွဲကာ ရှေ့သို့ခေါ်လာခဲ့၏။
“ရှုဟွာ၊ မင်းရဲ့ အမေကိုငဲ့ပါဦး”
ယဲ့ရှုဟွာသည် လျူရှို့အော်အားကြည့်ကာ အော်ဟစ်လိုက်သည်။
“ငါ သူ့ကို တိုင်ချင်တယ်၊ ငါ့အမေက ရန်သူ့သူလျှိုပဲ၊ ငါ့လက်ထဲက သေနတ်ကိုလည်း သူက ငါ့ဆီပေးခဲ့တာ၊ သူက ငါ့ကို ရှန်ဟွိုင်နျန်နဲ့ ရှဲ့လီတို့ကိုသတ်ဖို့ သွေးထိုးလှုံ့ဆော်ခဲ့တယ်၊ သူ့အထက်လူကြီးဆီကနေ သူ့ကိုကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီး ရှန်ဟွိုင်နျန်ကို သတ်ဖို့ခိုင်းထားတဲ့ အမိန့်စာတွေကိုတောင် သူ့အိတ်ကပ်ထဲမှာ ငါမြင်ခဲ့တယ်၊ သူ့ရဲ့အမည်ဝှက်က ဥကြီးပဲ”
ယဲ့ရှုဟွာသည် ကိုယ့်အစီအစဉ်ကို ကိုယ်တိုင် ပြန်လည်ဖျက်ဆီးပစ်လိုက်တော့သည်။ လျူရှို့အော် မျက်လုံးများ ပြာသွားပြီး သတိလစ်လုနီးပါးဖြစ်သွားရ၏။ ဤခွေးမသည် သေလောက်အောင်ကို မိဘအပေါ်သိတတ်လွန်းလှပေသည်။