အခန်း ၁၄၃
Vol. 15 Ch. 143
Ch-143
လျူကျောက်တိသည် အလွန်တရာဝမ်းသာနေပြီး မည်သို့လုပ်ရမည်ကိုပင် မသိတော့ပေ။ သူမသည် ရှဲ့လီအား အင်မတန်လွမ်းဆွတ်နေခဲ့သည်။
ရှဲ့လီ ထွက်သွားပြီးနောက်ပိုင်း နှစ်များအတွင်း စိုးရိမ်ပူပန်မှုများကြောင့် သူမ နှလုံးရောဂါပင် ရရှိခဲ့သေးသည်။
သို့ပေမယ့် သူမသည် ရှဲ့လီ၏ကောင်းမွန်သော ဘဝလေးကို မနှောင့်ယှက်လိုခဲ့ပေ။
ဤတစ်ကြိမ်တွင် ရှဲ့လီသည် သူမနှင့်အတူ ရက်အနည်းငယ်နေထိုင်ရန် အိမ်သို့ပြန်လာခဲ့ရာ သူမ အလွန်အမင်း ပျော်ရွှင်နေမိသည်။
ခရီးစဉ်မှာ ချောမွေ့ခဲ့သည်။
ရထားဘူတာရုံမှ ထွက်လာပြီးနောက် မိသားစုသုံးယောက်သည် နွားလှည်းတစ်စီးကို ရှာတွေ့ခဲ့ကြ၏။
ခရိုင်မြို့သည် ရွာနှင့် အတော်လေး ဝေးကွာနေသေးပြီး နွားလှည်းဖြင့် သွားလျှင်ပင် နေ့ဝက်ခန့် ကြာမြင့်မည်ဖြစ်သည်။
ဖန်တာဖုနှင့် လျူကျောက်တိတို့သည် ရက်ပေါင်းများစွာသွားလာခဲ့ရသော်လည်း မည်သည့်ပင်ပန်းမှုကိုမျှ မခံစားကြရပေ။ အတိတ်ကကဲ့သို့ပင် သူတို့သည် ရှဲ့လီအား အဖိုးတန်ရတနာတစ်ပါးအလား ဆက်ဆံနေကြသည်။
“ရှောင်လီ သမီး အရင်တက်ပါ၊ အလယ်မှာ ထိုင်နော်၊ အဖေနဲ့ အမေက သမီးပြုတ်မကျအောင် တစ်ဖက်တစ်ချက်ကနေ ညှပ်ထိုင်ပေးမယ်”
ဖန်တာဖုသည် သူမအားကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံနေဆဲပင်။
မိသားစုသည် သူတို့အထုပ်အပိုးများကိုတင်ကာ ထိုင်လိုက်ကြသည်။ လှည်းဆရာက လှည့်မေးလိုက်၏။
“ဘယ်ကိုသွားမှာလဲ”
“မင်းအဖွားရဲ့အတွင်းခံဘောင်းဘီမှာ ပန်းလေးတစ်ပွင့်ပါတဲ့ ရွာကိုပါ”
ရှဲ့လီ : “….”
“မင်းအဘိုးရဲ့ အတွင်းခံအင်္ကျီမှာတီဂါပုံပါလား”
ဖန်တာဖု၊ လျူကျောက်တိ၊ လှည်းဆရာ : “…..”
ရှဲ့လီ မျက်လုံးမှိတ်ကာ သူမမှတ်ဉာဏ်ထဲတွင် ရှာဖွေလိုက်သည်။ ဖန်မိသားစု နေထိုင်သော ရွာအမည်မှာ တကယ်ပင် ‘မင်းအဖွားရဲ့ အတွင်းခံဘောင်းဘီမှာ ပန်းလေးတစ်ပွင့်ပါတဲ့ရွာ’ ဟု ခေါ်ကြောင်းတွေ့ရှိလိုက်ရ၏။
နွားလှည်းသည် ယိမ်းယိုင်ကာရွေ့လျားသွားသည်။ ရှဲ့လီသည် အထုပ်အပိုးများကိုမှီထားပြီး ဖန်တာဖုနှင့် လျူကျောက်တိတို့က တစ်ဖက်တစ်ချက်တွင်ရှိနေကြသည်။
ယနေ့တွင် အလွန်အမင်းပူအိုက်မနေဘဲ အေးမြသောလေညင်းလေးများက သူမမျက်နှာကို လာရောက်ရိုက်ခတ်နေ၏။
လျူကျောက်တိသည် ရှဲ့လီ၏ကလေးဘဝမှ အကြောင်းအရာများကို တတွတ်တွတ်ပြောဆိုနေသည်။
သူမ အစ်ကိုဖြစ်သူနှင့် မစင်လုစားရန် ရန်ဖြစ်ခဲ့ပုံ၊ အဘိုးအိုတစ်ဦးထံမှ ကြက်ဥများ ခိုးယူခဲ့ပုံနှင့် သွားပင်မပေါက်သေးသော ကလေးငယ်များကို အော်ငိုသည်အထိ ရိုက်နှက်ခဲ့ပုံ စသည်တို့ဖြစ်သည်။ ရှဲ့လီသည် အလွန်ငြိမ်းချမ်းနေသည်ဟု ခံစားရပြီး မျက်လုံးများမှိတ်ကာ အိပ်ပျော်လုနီးပါးဖြစ်နေ၏။
ရုတ်တရက်….
ယိမ်းယိုင်နေသော နွားလှည်းသည် ခမ်းနားသော ဝေါယာဉ်ကြီးတစ်စီးအဖြစ်သို့ ပြောင်းလဲသွားပြီး ပို၍ပြင်းပြင်းထန်ထန် ယိမ်းယိုင်လာသည်။
သတိမထားမိလိုက်သဖြင့် ရှဲ့လီသည် အရှိန်ကြောင့် ရှေ့သို့ကွေးညွှတ်သွားကာ ထိုင်လျက်သားဖြစ်သွားရသည်။
“အိုး အိုး”
ဖန်တာဖုနှင့် လျူကျောက်တိတို့သည် သူမအား အဘယ်ကြောင့် အလယ်တွင် ညှပ်ထိုင်ခဲ့သည်ကို ရှဲ့လီနားလည်သွား၏။
ရွာလမ်းမှာ သွားလာရန်အလွန်ခက်ခဲလှသည်။ ၎င်းသည် မြေသားလမ်းဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ်က မိုးရွာထားခဲ့ပုံရကာ ဖြတ်သန်းသွားသော နွားလှည်းများကြောင့် ချိုင့်ခွက်များ အပြည့်ဖြစ်နေ၏။
လှိုင်းဒဏ်ကြောင့် ရှဲ့လီအန်ချင်လုနီးပါး ဖြစ်နေချိန်တွင် နွားလှည်းသည် ရွာအဝင်ဝသို့ ရောက်ရှိသွားသည်။
ရွာအဝင်ဝတိုင်းတွင် သူတို့ကိုယ်ပိုင်ထူးခြားသော သတင်းထောက်အဖွဲ့တစ်ဖွဲ့စီရှိတတ်ကြသည်။ လူများ သူတို့ရှေ့မှ ဖြတ်သွားသည်နှင့်တပြိုင်နက် ထိုသူတို့၏ဂုဏ်သတင်းမှာ တစ်ခဏအတွင်း ဖျက်ဆီးခံလိုက်ရမည်သာပင်။
“အိုး ကျောက်တိပြန်လာပြီလား”
ဆံပင်ဖြူဖြူနှင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ အပြည့်ရှိသော အဘွားအိုတစ်ဦးက လျူကျောက်တိအား နှုတ်ဆက်လိုက်သည်။ သူမသည် အားအင်များအပြည့်ရှိနေပြီး သူမမျက်နှာသည် အတင်းအဖျင်း အလင်းရောင်များဖြင့် တောက်ပနေ၏။
“ကျောက်တိ ဒါက ရှောင်လီဇီမဟုတ်လား၊ ရှောင်လီဇီလား”
သူမ စကားပြောလိုက်သည်နှင့်တပြိုင်နက် ရှဲ့လီသည် ရွာအဝင်ဝရှိ အမျိုးသမီးများ၏ဝိုင်းရံမှုကို ခံလိုက်ရသည်။
“အိုး တကယ် ရှောင်လီဇီဖြစ်နေတာပဲ၊ အရင်ကထက် ပိုဖြူလာတယ်၊ ပိုပြီးတော့တောင် လှလာသေးတယ်”
“ဟုတ်တယ် မဟုတ်လား၊ မိန်းကလေးတစ်ယောက်အနေနဲ့ မြို့ကြီးပြကြီးကို သွားရတာကောင်းပါတယ်၊ ဒီနူးညံ့တဲ့ အသားအရေကို ကြည့်စမ်းပါဦး၊ ငါတို့ ကျေးတောသူတွေနဲ့ ယှဉ်လို့မရဘူး”
ရှဲ့လီသည် ပျို့အန်ချင်စိတ်ကိုထိန်းထားရင်း သူမသွားကိုဖြီးပြကာ သူတို့အား နှုတ်ဆက်လိုက်၏။
“မင်္ဂလာပါ အဒေါ်”
“မင်္ဂလာပါ အဘွား”
“ဝေါ့ ဝေါ့”
နွားလှည်း၏လှုပ်ယမ်းမှုဒဏ်ကြောင့် သူမ အန်ချင်နေသည်။ လှည်းဆွဲနေသော နွားကြီးသည် သူမအား မျက်လုံးပြူးကြီးများဖြင့် ကြည့်နေ၏။ နွားမကြီးက ကျေနပ်အားရနေပုံပေါ်သည်။ ဖန်တာဖုနှင့် လျူကျောက်တိတို့သည် ရှဲ့လီအား ကာကွယ်ပေးလိုက်ကြသည်။
“သွားကြ သွားကြ၊ ငါတို့ရှောင်လီ ခုလေးတင် ပြန်ရောက်တာ၊ မနက်ဖြန်မှ မေးကြပါ၊ ငါတို့ သူ့ကိုအနားယူဖို့ အိမ်ပြန်ခေါ်သွားလိုက်ဦးမယ်”
သတင်းထောက်အဖွဲ့၏စိမ်းလဲ့နေသော အကြည့်များအောက်တွင် ရှဲ့လီသည် ဖန်တာဖုနှင့် လျူကျောက်တိတို့၏ဆွဲခေါ်ခြင်းကို ခံလိုက်ရ၏။
ဖန်မိသားစုသည် ရွာအနောက်ဘက်အစွန်တွင် နေထိုင်ကြသည်။ ခြံဝင်းမှာ ကျယ်ဝန်းသော်လည်း ဟောင်းနွမ်းပျက်စီးနေသည်။
ရွှံ့ဖြင့်ပြုလုပ်ထားသော အိမ်ငယ်သုံးလုံးမှာမူ အလွန်သန့်ရှင်းသပ်ရပ်စွာရှိနေ၏။
သူတို့ တံခါးပေါက်သို့ဝင်လိုက်သည်နှင့်တပြိုင်နက် အမျိုးသမီးတစ်ဦး၏ ဆဲဆိုသံကို ကြားလိုက်ရသည်။
“ဖန်လင်း နင် သေချင်နေတာလား၊ ငါ ကြက်ဥကြော် မစားချင်ဘူးလို့ပြောနေတယ်လေ၊ ငါ ဝက်သားစားချင်တာ”
*ဝုန်း*
အတွင်းခန်းတံခါး ပွင့်သွားပြီး အမျိုးသမီးတစ်ဦးပြေးထွက်လာသည်။
သူမသည် အသက် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်ခန့်ရှိပြီး မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးကျဉ်းကျဉ်းလေးများရှိသည်။ ဖြူစင်သော သူမအသားအရေက သူမအားအနည်းငယ် ပို၍ဆွဲဆောင်မှုရှိစေ၏။
ဖန်တာဖုနှင့် လျူကျောက်တိတို့ကိုမြင်လိုက်ရသောအခါ သူမအံ့သြသွားပြီး သူမဒေါသကိုထိန်းကာ မလိုလားစွာဖြင့် ခေါ်လိုက်သည်။
“အဖေ အမေ”
သူမ စကားပြောလိုက်သည်နှင့်တပြိုင်နက် အမျိုးသားတစ်ဦးသည် အတွင်းခန်းမှ ပြေးထွက်လာသည်။
သူသည် အသက်နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်နှစ်ခန့်ရှိပုံရပြီး ဂျုံရောင်အသားအရေနှင့် ကြမ်းတမ်းသောမျက်နှာသွင်ပြင်ရှိ၏။ သူ့အကြည့်များသည် ရှဲ့လီထံသို့ တိုက်ရိုက်ရောက်ရှိသွားသည်။
သူ့မျက်လုံးနက်များထဲတွင် အံ့သြမှုနှင့် မယုံကြည်နိုင်မှုတို့ လက်ခနဲဖြစ်သွားသည်။
“ညီ...ညီမလေး”
သူ့အသံသည် ရှန်ဟွိုင်နျန်ကဲ့သို့ နက်ရှိုင်းခြင်းမရှိသလို ချန်ကျွေ့ကဲ့သို့ ရှင်းလင်းပြတ်သားခြင်းလည်း မရှိပေ။ ရင့်ကျက်သော အမျိုးသားတစ်ဦး၏ တည်ငြိမ်မှုမျိုး ပါဝင်နေ၏။ ရှဲ့လီ သူ့အား ပြုံးပြလိုက်သည်။
“အစ်ကို”
ဖန်လင်းပြေးလာပြီး ရှဲ့လီအား တင်းကျပ်စွာဖက်ထားလိုက်သည်။
“ညီမလေး ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ၊ ဒီနှစ်တွေအတွင်း ဘယ်လိုနေခဲ့လဲ၊ ရှဲ့မိသားစုက ညီမလေးကို အနိုင်ကျင့်ကြလား”
ဖန်လင်းသည် ရှဲ့လီထက် ရှစ်နှစ် ကြီး၏။ ရှဲ့လီသည် ဖန်လင်းရင်ခွင်ထဲတွင်ကြီးပြင်းလာခဲ့သည်ဟုပင် ဆိုနိုင်သည်။ သူမ ငယ်စဉ်ကတည်းက သူချီပိုးထားခဲ့သောကြောင့် သူမခြေထောက်များ မြေကြီးနှင့်ထိရသည်မှာ ရှားပါးလှသည်။
စောစောက အော်ဟစ်နေသော အမျိုးသမီးသည် ဤသူမှာ ရှဲ့လီဖြစ်ကြောင်းကြားလိုက်ရသောအခါ ချက်ချင်းရပ်တန့်သွားပြီး သူမမျက်နှာပေါ်တွင် မြှောက်ပင့်သောအပြုံးတစ်ခု ပေါ်လာ၏။
“အိုး ဒါက ယောင်းမလေးလား၊ တွေ့လား ငါပြောသားပဲ ယောင်းမလေးက ကျေးဇူးကန်းတဲ့သူ မဟုတ်ပါဘူးလို့၊ သူက သူ့မိဘတွေနဲ့ ဖန်မိသားစုကို လျစ်လျူရှုပြီး ဘယ်လိုလုပ် ဒီအတိုင်းထွက်သွားနိုင်မှာလဲ ဟုတ်တယ်မဟုတ်လား”
သူမသည် အိမ်ထဲသို့ဝင်ရင်း စကားပြောနေသည်။
“ကျွန်မတို့ ဝက်သားဝယ်ဖို့ ငွေနည်းနည်းသွားယူလိုက်ဦးမယ်၊ ညီမလေး ပြန်လာပြီဆိုတော့ ကောင်းကောင်းစားရမှာပေါ့”
ရှဲ့လီ မော့ကြည့်လိုက်ရာ ဖန်လင်း၏ ကြမ်းတမ်းသောမျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေမှုများကို တွေ့လိုက်ရသည်။ ဖန်တာဖုနှင့် လျူကျောက်တိတို့သည်လည်း သက်ပြင်းချလိုက်ကြ၏။ သူတို့သုံးဦး မည်သည့်အရာမျှမပြောဘဲ ရှဲ့လီအား အိမ်ထဲသို့ဆွဲခေါ်သွားကြသည်။
“ရှောင်လီ ဒါတွေက သမီးအတွက် ချုပ်ထားတဲ့ အဝတ်အစားတွေ၊ တော်မတော် ဝတ်ကြည့်ပါဦး၊ ဒီရက်ပိုင်း အဝတ်အစားလဲဖို့ ဒါလေးတွေဝတ်ထားလို့ရတယ်”
အခန်းထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် လျူကျောက်တိသည် သေတ္တာများနှင့် ဘီရိုများကို စတင်ရှာဖွေပြီး ဤရာသီအတွက် အဝတ်အစား သုံးလေးစုံကိုထုတ်ယူလာသည်။
မြို့ပြအင်္ကျီပုံစံဖြင့် ချုပ်လုပ်ထားသော ပန်းပွင့်ပုံဂါဝန်များအပြင် ရှပ်အင်္ကျီများနှင့် ဘောင်းဘီများလည်းပါဝင်၏။ အားလုံးမှာ အသစ်များဖြစ်ပြီး မဝတ်ဆင်ရသေးကြောင်း တွေ့ရ၏။
“သမီး ရှန်ဟိုင်းမြို့ကိုသွားပြီးတဲ့နောက်မှာ အမေက တစ်နှစ်ကို အနည်းဆုံး သမီးအတွက် အဝတ်အစားနှစ်စုံချုပ်ပြီး သိမ်းထားခဲ့တာ၊ တကယ်လို့ သမီး ပြန်လာခဲ့ရင် ချက်ချင်းချုပ်ပေးစရာမလိုအောင်လို့လေ၊ သူက အရမ်းစိတ်ပူနေခဲ့တာ”
ဖန်တာဖုသည် ဘေးမှနေ၍ပြုံးနေလေသည်။ ရှဲ့လီ၏ နှလုံးသားလေး နွေးထွေးသွား၏။
“ယောင်းမလေး”
ဝမ်ရှို့မေ အသားဝယ်ရာမှပြန်ရောက်လာသည်။ သူမသည် မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးရွှင်နေပြီး ရှဲ့လီအား အထက်အောက်ကြည့်ရှုနေ၏။
ဖြောင့်တန်းသော ဘောင်းဘီနှင့် ဒက်ခရွန် ရှပ်အင်္ကျီ။
ဤဝတ်စုံတစ်စုံလုံး၏ တန်ဖိုးသည် မိသားစုတစ်စုလုံး တစ်လစာ ကောင်းကောင်း စားသောက်ရန် လုံလောက်ပေလိမ့်မည်။
“အစ်မ ယောင်းမလေးတို့အတွက် ဟင်းသွားချက်လိုက်ဦးမယ်၊ ယောင်းမလေး ဘာစားချင်လဲ တစ်ခွန်းသာပြောလိုက်၊ ဒီအစ်မကြီးက နင့်အတွက်ချက်ပေးမယ်”
သူမသည် ထူးထူးခြားခြား စိတ်အားထက်သန်နေသည်။ ရှဲ့လီက ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
“အစ်မ အဆင်ပြေတာသာ ချက်လိုက်ပါ၊ ကျွန်မက ဘာဖြစ်ဖြစ်စားလို့ရတယ်”
“ကောင်းပြီလေ”
ဝမ်ရှို့မေ ဟင်းချက်ရန်လှည့်ထွက်သွားသည်။ အသုံးမကျသော ထိုဖန်လင်းနှင့် သုံးနှစ်ကြာ အိမ်ထောင်ကျပြီးနောက် ဤနေ့ရောက်လာရန် သူမနောက်ဆုံးတွင် စောင့်ဆိုင်းနိုင်ခဲ့လေပြီ။
ဖန်မိသားစု၏ သမီးဖြစ်သူမှာ မွေးကင်းစကတည်းက လဲလှယ်ခံခဲ့ရပြီး သူမနှင့်လဲလှယ်ခံရသော မိသားစုမှာ ရှန်ဟိုင်းမြို့မှချမ်းသာသော မိသားစုဖြစ်ကြောင်း လူတိုင်းသိထားကြသည်။
သူတို့သမီးမဟုတ်သူမှာ ခေါ်ဆောင်သွားခြင်းခံရပြီး အရင်းဖြစ်သူမှာမူ ပြန်မလာတော့ပေ။ ဖန်မိသားစု၏ ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးဖြစ်သွားခဲ့သည်။
ထိုအချိန်က ရှဲ့လီအား လာရောက်ခေါ်ဆောင်စဉ် ထိုမိသားစုသည် ကားဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။
သူမသည်လည်း ဤရွာမှမိန်းကလေးတစ်ဦးဖြစ်ပြီး ထိုအချိန်က သွားရောက်ကြည့်ရှုရန်ပင် ပြေးသွားခဲ့သေးသည်။
တောက်ပနေသော ထိုကားကြီးမှာ အလွန်လှပပြီး ခမ်းနားလှပေ၏။
ရှဲ့လီသည် ဖန်မိသားစုနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ သူမ ရှန်ဟိုင်းမြို့သို့ ပြန်သွားလျှင်တောင် ဘယ်တော့မှ ပြန်မလာတော့ဘဲနေနိုင်မည်မဟုတ်ပေ။
ထို့အပြင် သူမပြန်လာပါက ပစ္စည်းများမပါဘဲ ဘယ်လိုလုပ်ပြန်လာနိုင်မည်နည်း။ ထိုကဲ့သို့ ချမ်းသာသော မိသားစု၏လက်ချောင်းများကြားမှ ကျဆင်းလာသမျှ အရာအားလုံးက သူတို့ အသက်ရှင်ရပ်တည်ရန် လုံလောက်ပေလိမ့်မည်။
ဝမ်ရှို့မေသည် ဖန်လင်းနှင့် လက်ထပ်ရန် လှည့်ကွက်အချို့ကို အသုံးပြုခဲ့သည်။ သို့ပေသိ ဖန်မိသားစုဝင်များအားလုံးသည် သစ်တုံးများကဲ့သို့ဖြစ်ပြီး ရှဲ့လီထံသို့ဆက်သွယ်ရန် အစပျိုးလုပ်ဆောင်ခြင်းမရှိသလို ရှဲ့မိသားစုထံမှ ငွေကြေးတောင်းခံခြင်းလည်းမရှိကြပေ။
၎င်းသည် သူမအား စိတ်ပျက်စေခဲ့သည်။
‘ဒီနှစ်မှ ငွေမရရင် ကွာရှင်းမယ်’ ဟု တွေးကာ သူမ သုံးနှစ်တိုင်တိုင်တောင့်ခံနေခဲ့သည်။
‘အခု ရှဲ့လီ ပြန်လာပြီ'
တကယ်ကို ကောင်းကင်ကြီးမှာ မျက်စိပါလေ၏။ သူမ၏လူငယ်ဘဝမှ သုံးနှစ်တာကာလမှာ အချည်းနှီးမဖြစ်သွားခဲ့ပေ။
ဝမ်ရှို့မေသည် ဤရွာမှဖြစ်ပြီး ရှဲ့လီအား သိထားသည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး အလွယ်တကူခြယ်လှယ်နိုင်သော သူရဲဘောကြောင်သူတစ်ဦးဖြစ်၏။
ဟင်းချက်နေစဉ် သူမသီချင်းလေးတစ်ပုဒ်ကို ညည်းတွားနေပြီး ရှဲ့လီအား သူမလက်အောက်သို့ ရောက်ရှိလာစေရန် စောင့်ဆိုင်းကာ ခြင်္သေ့ကြီးတစ်ကောင်ကဲ့သို့ ပါးစပ်ဟထားကာပြင်ဆင်နေသည်။
ပထမဦးစွာ သူမသည် အသေးစား ရည်မှန်းချက်နှစ်ခုလောက် တောင်းဆိုရပေမည်။