အခန်း ၁၄၅
Vol. 15 Ch. 145
Ch-145
ဝမ်မိသားစုအခြေအနေမှာ ရွာထဲတွင် အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်ပြီး ဖန်မိသားစုမှာမူ အောက်ခြေတွင်သာရှိ၏။ ဝမ်ရှို့မေသည် ဖန်လင်းနှင့် ယခင်က မပတ်သက်ခဲ့ဖူးဘဲ အဘယ်ကြောင့် ရုတ်တရက် စိတ်ရူးဖောက်ကာ သူ့အစ်ကိုအပေါ် စိတ်ဝင်စားလာပြီး ဖန်မိသားစုထဲသို့ ဝင်ရောက်ရန် နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ရသနည်း။
ရှဲ့လီ အကြောင်းရင်းကို ခန့်မှန်းမိသွားသည်။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတွင် ရန်သူ့သူလျှိုများအား ခွဲခြမ်းစိတ်ဖြာသည့်အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူတစ်ဦးအတွက် ဤကဲ့သို့သောအရာမျိုးကို ခွဲခြမ်းစိတ်ဖြာခြင်းမှာ ကွမ်ယွီ၏ဓားကြီးဖြင့် ပန်းသီးအခွံခွာခြင်းကဲ့သို့ပင် လွယ်ကူလွန်းလှသည်။
မူရင်းဇာတ်လမ်းထဲတွင် ဖန်လင်းသည် ရိုးသားပြီး မိဘအပေါ် သိတတ်သူဖြစ်၏။ လျူကျောက်တိ ဆေးကုသမှု ခံယူနိုင်ရန်အတွက် သူမသည် ဖန်မိသားစုထံသို့ ငွေများပေးပို့ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသောငွေများသည် သူတို့သုံးဦး ဘဝတစ်လျှောက်လုံး ပျော်ရွှင်စွာ နေထိုင်ရန် လုံလောက်ပေလိမ့်မည်။
မည်သည့်နေရာမှန်းမသိ ဝမ်ရှို့မေတစ်ယောက်ပေါ်လာမည်ကို မည်သူကသိမည်နည်း။ ဤယွမ်သုံးသောင်းမှာ ပူလောင်သော အာလူးတစ်လုံးဖြစ်လာခဲ့လေပြီ။
ဝမ်ရှို့မေသည် သန်းခေါင်ယံအချိန်တွင် သူမမိဘအိမ်သို့ ပြေးပြန်သွားခဲ့သည်။
ဝမ်ရှို့မေ၏မိခင် ယွီတဖုန်းသည် သူမသမီးဖြစ်သူ သန်းခေါင်ယံအချိန်တွင် အိမ်သို့အပြေးပြန်လာသည်ကို မြင်လိုက်ရသောအခါ ပေါင်ကိုရိုက်ကာ စတင်ကျိန်ဆဲတော့သည်။
“ဘာဖြစ်တာလဲ၊ အဲဒီအသုံးမကျတဲ့ ဖန်လင်းက နင့်ကိုအနိုင်ကျင့်လို့လား”
ဝမ်ရှို့မေ ခေါင်းခါလိုက်ပြီး အခန်းထဲသို့ ဝင်ကာ တံခါးကိုပိတ်လိုက်၏။
“အမေ၊ အစ်ကို့ရဲ့တင်တောင်းငွေ၊ အဖေနဲ့ အမေတို့ရဲ့ အငြိမ်းစားယူမယ့်ငွေနဲ့ သမီးတို့မိသားစုရဲ့အနာဂတ်အတွက် သေချာသွားပြီ”
သူမသည် လျှို့ဝှက်ချက်များဖွင့်ဟလိုက်ပြီး ယနေ့ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြလေတော့သည်။
“သမီး မနက်ဖြန်ကျရင် အမေက သမီးအစ်ကိုနဲ့ သမီးကိုခေါ်ပြီး ဖန်မိသားစုအိမ်ရှေ့မှာ သွားပြီးပြဿနာရှာမယ်၊ ဖန်လင်းက သမီးနဲ့အိပ်ပြီး တာဝန်မယူဘူး၊ လက်ထပ်ပြီးကတည်းက သမီးအပေါ် မကောင်းဘူးလို့ပြောကြမယ်၊ သူ့မိသားစုဆီကနေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးငွေ တောင်းမယ်၊ ငွေရတာနဲ့ သမီး သူ့ကို ကွာရှင်းလိုက်တော့”
“သမီးလည်း အဲဒီလိုပဲတွေးနေတာ”
ဝမ်ရှို့မေတွင် သူမသဘောကျနေသူတစ်ဦးရှိပြီး ထိုသူသည် ပြီးခဲ့သောနှစ်,နှစ်တာကာလအတွင်း သူမအား စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
သားအမိနှစ်ဦးသည် အိပ်ရာပေါ်တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေကြ၏။ ခုန်ပေါက်နေစဉ်အတွင်း ယွီတဖုန်းခြေချော်ကာ အိပ်ရာပေါ်မှပြုတ်ကျသွားပြီး အီးထွက်သွားတော့သည်။
“အမေ အမေ အဆင်ပြေရဲ့လား”
ဝမ်ရှို့မေသည် ယွီတဖုန်းအားအမြန်ထူရန် သွားလိုက်သော်လည်း အနားသို့ ရောက်သည်နှင့် အနံ့ဆိုးကြီးတစ်ခုရလာသဖြင့် နှာခေါင်းပိတ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
“အမေ အချိန်နှောင်းနေပြီ၊ သမီး အရင်အိပ်တော့မယ်၊ အမေလည်း ကိုယ့်ဘာသာဆေးကြောပြီး သွားအိပ်လိုက်တော့၊ မနက်ဖြန် ဖန်မိသားစုအိမ်မှာ ပြဿနာသွားရှာဖို့ သမီးတို့အစောကြီး ထရဦးမယ်လေ”
ယွီတဖုန်း : “….”
နောက်တစ်နေ့ နံနက်စောစောတွင် ဝမ်ရှို့မေနှင့် ယွီတဖုန်းတို့မနိုးသေးမီမှာပင် သူတို့ခြံတံခါးကို တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ထုနှက်နေသံကို ကြားလိုက်ရပြီး အမျိုးသမီးတစ်ဦး၏ငိုယိုသံသဲ့သဲ့ ထွက်ပေါ်လာ၏။
“အိုး ဘုရားရေ ဝမ်ရှို့မေကလူမဟုတ်ဘူး၊ သူက ငါ့အစ်ကိုနဲ့အိပ်ပြီး တာဝန်မယူချင်ဘူးတဲ့၊ ငါ့အစ်ကိုလို အပြစ်ကင်းတဲ့ လူပျိုစစ်စစ်လေးက ဝမ်မိသားစုကြောင့် အချည်းနှီးဖြစ်သွားရပြီ၊ အစ်ကို အစ်ကို့ရဲ့ဘဝက အရမ်းကိုခါးသီးလွန်းပါတယ်”
ဝမ်ရှို့မေ၊ ယွီတဖုန်း : “…..”
သူတို့နှစ်ဦးသည် အဝတ်အစားများကို ကမန်းကတန်းဝတ်ကာ အပြင်သို့ပြေးထွက်လာကြသည်။ တံခါးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ရှဲ့လီသည် သူတို့အိမ်ရှေ့တွင်ထိုင်ကာ အသံကုန်ဟစ်၍ ငိုယိုနေပြီး ရွာသားများအား လာရောက်ကြည့်ရှုရန် ဆွဲဆောင်နေသည်ကိုတွေ့လိုက်ရ၏။
ဝမ်ရှို့မေ စိတ်ပျက်သွားသည်။ သူမ ဖန်မိသားစုထံသို့ သွားရောက်ပြဿနာရှာရန် ပြင်ဆင်နေစဉ်မှာပင် ရှဲ့လီသည် ဤနေရာသို့အရင်ရောက်လာခဲ့သည်။ သူမ တကယ်ကို အထင်သေးမိခဲ့၏။
ယွီတဖုန်းသည် ရွာထဲတွင်နာမည်ကြီး ရန်တွေ့သူတစ်ဦးဖြစ်ပြီး တစ်ရွာလုံးတွင် သူမအားယှဉ်နိုင်သူမရှိသလောက်ပင်။ သူမသည် ဆဲရေးတိုင်းထွာမှုတွင် မည်သည့်အခါကမျှ အရှုံးမပေးခဲ့ဖူးပေ။
ဤအခြေအနေကို မြင်လိုက်ရသောအခါ သူမမျက်လုံးများပြူးကျယ်သွားပြီး မျက်ခုံးများ မြင့်တက်သွားကာ လက်ခုပ်တီးကာ ခြေဆောင့်ရင်းဖြင့် အရှိန်ယူလေတော့သည်။ သူမသည် လက်ခုပ်တီးကာ ခြေဆောင့်ရင်း ကျိန်ဆဲလေတော့သည်။
“နင် အရှက်မရှိတဲ့ ကောင်မလေး၊ နင် အခုမှ ပြန်ရောက်တာတောင် နင့်ယောင်းမကို ပြဿနာလာရှာနေပြီ၊ ငါ့သမီးက ဖန်မိသားစုမှာ ဒီနှစ်တွေတစ်လျှောက်လုံး ကောင်းကောင်းမွန်မွန် နေလာခဲ့တာ၊ ဒါပေမယ့် နင်ပြန်ရောက်ရောက်ချင်းပဲ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်လို့ငိုပြီး သန်းခေါင်ယံမှာအိမ်ပြန်လာရတာ”
ထိုစကားကိုကြားလိုက်ရသော ရွာသားများက ‘ဟုတ်သားပဲ၊ အဲဒီလိုပဲ ဖြစ်ရမယ်’ ဟု တွေးလိုက်ကြသည်။
ရှဲ့လီသည် မြေကြီးပေါ်မှခုန်ထကာ လက်ညှိုးကို သစ်ခွပန်းပုံစံထောင်ပြီး ယွီတဖုန်းအား စကားဖြင့်စတင်တိုက်ခိုက်လေတော့၏။
“ရှင်က တကယ်ကို ငရဲမင်းကြီး သတိပေးစာကပ်သလိုပဲ၊ ရှင့်ပါးစပ်က ထွက်သမျှအကုန် အလိမ်အညာတွေချည်းပဲ၊ ဝမ်ရှို့မေကငိုပြီး ပြန်လာတာတဲ့လား၊ သူ ဝမ်းသာလို့ငိုနေတာဆို ပိုမှန်မှာပေါ့၊ ကျွန်မမိဘတွေဆီ ပို့ပေးလိုက်တဲ့ငွေတွေ သူမြင်ပြီး အကုန်လုံးကို သိမ်းပိုက်ချင်နေတာ၊ သူ့အစ်ကိုရဲ့တင်တောင်းငွေနဲ့ သူ့မိဘတွေရဲ့အငြိမ်းစားယူမယ့်ငွေအကြောင်းတောင် ပြောနေသေးတယ်၊ သူက တကယ်ကို အနံ့ဆိုးထွက်နေတဲ့ ခြေအိတ်ကို နှာခေါင်းစည်းလိုလုပ်ထားသလိုပဲ၊ အရှက် လုံးဝကိုမရှိတော့တာ၊ သူ ဒီနေ့အတွက် ကျွန်မအစ်ကိုကို လက်ထပ်ခဲ့တာမဟုတ်လား”
ရှဲ့လီတိုက်ခိုက်ရေးစနစ်မှာ အသက်၀င်လာလေပြီ။ အလွန်ခက်ခဲသော စာကြောင်းရှည်ကြီးများ တရစပ်ထွက်ပေါ်လာတော့သည်။
ထိုစကားကိုကြားလိုက်ရသောအခါ လူတိုင်းသည် ဝမ်ရှို့မေအားရွံရှာဖွယ်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ယွီတဖုန်း သူမနှင့်ယှဉ်နိုင်မည့်သူကို တွေ့သွားချေပြီ။ ဤအခြေအနေကို မြင်လိုက်ရသောအခါ ဝမ်ရှို့မေသည် ဆွေမျိုးများထံ အကူအညီတောင်းရန် အမြန်ပြေးသွားလေတော့သည်။
ဝမ်မိသားစုသည် ဒေသခံများဖြစ်ပြီး သူတို့မိတ်ဆွေများနှင့် ဆွေမျိုးများအားလုံးမှာ ဤဒေသတစ်ဝိုက်တွင်ရှိကြသည်။ များမကြာမီမှာပင် လူအုပ်ကြီးတစ်ခု စုရုံးရောက်ရှိလာ၏။
ရှဲ့လီသည် လူအုပ်ကြီးနှင့် စကားစစ်ထိုးကာ ပန်းကပွဲကနေစဉ်အတွင်း ကျိန်ဆဲလေတော့သည်။ ယွီတဖုန်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပြာသွားပြီး အငြင်းပွားမှု၏အမြင့်ဆုံးအချိန်တွင် ရှဲ့လီသည် သူမအားတံတွေးဖြင့်ပင် ထွေးလိုက်သေး၏။
အငြင်းပွားမှုတွင် အနိုင်မရသည့်အပြင် တံတွေးထွေးခံလိုက်ရသောကြောင့် ယွီတဖုန်းသည် ဒေါသပေါက်ကွဲကာ ရိုက်နှက်ရန် လက်မြှောက်လိုက်သည်။
ပါးရိုက်မခံရမီမှာပင် ရှဲ့လီသည် မြေကြီးပေါ်သို့ ‘ဘုတ်’ ခနဲ လဲကျသွားပြီး ကုန်းပေါ် ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ လူးလွန့်လေတော့သည်။
“အား ယွီတဖုန်းက လူကိုရိုက်တယ် အရမ်းနာတာပဲ၊ ကယ်ကြပါဦး ငါ သေတော့မယ်”
“ညီမလေး”
ရှဲ့လီ အပြင်ဘက်မှသော့ခတ်ထားသောတံခါးကို ဖန်တာဖုနှင့် လျူကျောက်တိတို့က နောက်ဆုံးတွင်ဖွင့်နိုင်ခဲ့ပြီး ဖန်လင်းမှာမူ နံရံကိုကျော်တက်ကာ အပြင်သို့ ထွက်လာခဲ့သည်။
သူ ရောက်လာချိန်တွင် သူ့ညီမလေးအား ယွီတဖုန်းမှ မြေကြီးပေါ်သို့ရိုက်ချလိုက်သည်ကို အချိန်ကိုက်မြင်တွေ့လိုက်ရ၏။
“ခြေထောက်ကြီးတဲ့ ခင်ဗျားအဖွားကိုပဲ **လိုက် အား.... ခင်ဗျားက ငါ့ညီမလေးကို အနိုင်ကျင့်ရဲတယ်ပေါ့လေ မသေမချင်းရိုက်သတ်ပစ်မယ်”
ရိုးသားသောဖန်လင်းသည် လက်သီးကြီးများကိုမြှောက်ကာ အရှေ့သို့ပြေးဝင်လာတော့သည်။