← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

Ch-147

ဝမ်ရှို့မေမှ ဖန်လင်းနှင့် မည်သို့ လက်ထပ်ဖြစ်ခဲ့ကြောင်းကို ရှဲ့လီသိသွားသောအခါ တစ်ခုခုမှားယွင်းနေသည်ဟု သူမခံစားလိုက်ရသည်။

ဝမ်ရှို့မေတွင် တိတ်တိတ်ပုန်းချစ်သူရှိနေမည်ဟု သူမသံသယရှိသောကြောင့် တံခါးဝအထိတွင် တမင်သက်သက် ပြဿနာသွားရှာခဲ့ခြင်းဖြစ်သည်။

ဝမ်မိသားစုက သူမငွေပေးမည်ဟု ထင်နေသရွေ့ ဝမ်ရှို့မေတစ်ယောက် သေချာပေါက် သတိလက်လွတ်ဖြစ်ကာ သူမချစ်သူကို သွားရောက်ရှာဖွေမည်ဖြစ်၏။

ရှဲ့လီသည် သူမနောက်သို့ ရက်အနည်းငယ်ကြာ နောက်ယောင်ခံလိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း ဝမ်ရှို့မေ ဤမျှစိတ်မရှည်ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

သူမသည် သူမချစ်သူကို ချက်ချင်း သွားရှာရုံသာမက တောထဲတွင်ပင် ထိုကိစ္စကို လုပ်ဆောင်နေသေးသည်ပင်။

“အစ်ကို ဝမ်းနည်းနေလား”

ရှဲ့လီသည် ခဏတာမျှ ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်သွားခဲ့သည်။ ဖန်လင်း ခေါင်းခါပြလိုက်၏။

“ငါ ဝမ်းနည်းမနေပါဘူး”

သူ ဝမ်ရှို့မေအားသဘောမကျခဲ့ပေ။

ရှဲ့လီ၏ကိုယ်ချင်းစာစိတ်မှာ တစ်စက္ကန့်မျှသာ ကြာရှည်ခံခဲ့သည်။ သူမ အဖြေရပြီးနောက် ပျော်ရွှင်စွာပြေးထွက်သွားတော့သည်။

သူမခြေလှမ်းများသည် လေကဲ့သို့ မြန်ဆန်နေပြီး ရွာထဲရှိအိမ်ပေါက်စေ့ တံခါးခေါက်ကာ သတင်းဖြန့်လေတော့၏။

“မြန်မြန် မြန်မြန် မြန်မြန် ရွာအရှေ့ဘက်က တောအုပ်ထဲကိုလိုက်ခဲ့ကြ၊ ဖောက်ပြန်နေတဲ့ စုံတွဲတစ်တွဲရှိတယ်”

ရှဲ့လီသည် အလွန်မြန်ဆန်စွာပြေးလွှားနေခဲ့ရာ အချိန်တိုအတွင်း၌ပင် ရွာရှိ အိမ်တိုင်းကို အကြောင်းကြားပြီးသွားလေသည်။

သူမသည် ရွာအဝင်ဝရှိ သတင်းဖြန့်ချီရေးအဖွဲ့မှအဒေါ်ကြီးများကိုပါ အထူးတလည် သွားရောက် အကြောင်းကြားခဲ့သည်။

ရှဲ့လီသည် သတင်းဖြန့်ချီရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အသက်ရှစ်ဆယ်အရွယ်အဘွားကြီးကိုပင် ချန်မထားခဲ့ပေ။ သူမသည် အဘွားကြီးအား ကျောပိုးကာ ရွာအရှေ့ဘက်သို့ပြေးလေတော့သည်။

ဤသူသည် သတင်းဖြန့်ချီရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အရေးပါသည့် ပုဂ္ဂိုလ်ကြီးပင်။

ဝမ်မိသားစုသည် ငွေများအား မည်သို့ခွဲဝေရမည်ကို ဆွေးနွေးနေကြစဉ် ရှဲ့လီမှ ရွာအရှေ့ဘက်တွင် ဖောက်ပြန်နေသည့်သတင်းအား ဖြန့်ဝေနေသည်ကို ကြားလိုက်ရသည်။

သူတို့သည် ဝမ်ရှို့မေ အိမ်တွင်ရှိမရှိ သွားရောက်စစ်ဆေးရန် သူတို့သားဖြစ်သူကို အလျင်စလို စေလွှတ်လိုက်ကြသည်။

ဝမ်ဇီချန်သည် အိမ်ပတ်ပတ်လည်ကို ရှာဖွေခဲ့သော်လည်း ဝမ်ရှို့မေအားမတွေ့ခဲ့ပေ။

“အမေ သူအခန်းထဲမှာမရှိဘူး”

ယွီတာ့ဖုန်း ကိုယ့်ပေါင်ကိုရိုက်လိုက်သည်။

“ငါတို့တော့ ဒုက္ခရောက်ပြီ”

သူမသည် သမီးဖြစ်သူအကြောင်းကို ကောင်းကောင်းကြီး သိထားသည်။ အကယ်၍ အခြေအနေများ ဆိုးရွားသွားပါက ရွာအရှေ့ဘက်ရှိ ထိုဖောက်ပြန်နေသောစုံတွဲမှ အမျိုးသမီးသည် သူမကိုယ်ပိုင်သမီးပင် ဖြစ်နေလိမ့်မည်။

“မြန်မြန်လုပ်၊ အခုပဲ ရွာအရှေ့ဘက်ကိုသွား၊ တခြားလူတွေမရောက်ခင် နင့်ညီမကို သွားပြောရမယ်၊ သွား အခုသွား”

ဝမ်မိသားစုတစ်စုလုံး လှုပ်ရှားကြလေတော့သည်။ ဤကိစ္စသည် ဝမ်မိသားစု၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေပြီး ပိုအရေးကြီးသည်မှာ သူတို့သည် ရှဲ့လီထံမှ ငွေညှစ်နိုင်မည်လားဆိုသည့်အချက်ပင်။

အကယ်၍ လက်ပူးလက်ကြပ်ဖမ်းမိသွားပါက ငွေရရှိရန်အသာထား ဝမ်ရှို့မေသည် လည်ပင်းတွင်ဆိုင်းဘုတ်ချိတ်ဆွဲကာ လူသိရှင်ကြားအရှက်ခွဲခံရရန် တပ်ထဲသို့ ဆွဲခေါ်မခံရလျှင်ပင် ကံကောင်းလှပြီဖြစ်သည်။

သူ့အနာဂတ်ဇနီးအတွက် ငွေများ ရေစုန်မျောတော့မည်ဟု တွေးမိသောအခါ ဝမ်ဇီချန်သည် အားကုန်သုံးကာ ပြေးလေတော့သည်။

သူသည် ငယ်ရွယ်ဖျတ်လတ်သူဖြစ်ရာ ကြည့်ရှုသူ လူအုပ်ကြီးကို ကျော်တက်သွားခဲ့၏။ ဝမ်ဇီချန် သက်ပြင်းချမည့်ဆဲဆဲမှာပင် ရှဲ့လီက သတင်းဖြန့်ချီရေးအဖွဲ့ခေါင်းဆောင်အား ကျောပိုးကာ ပြေးထွက်သွားသည်ကို မြင်လိုက်ရသည်။

သူမခြေလှမ်းများသည် လေကဲ့သို့ဖြစ်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။ အဘွားကြီးသည် သူမပခုံးပေါ်တွင် ကျောက်ဆောင်တစ်ခုကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့်ပါသွား၏။

‘ပြီးပြီ ပြီးဆုံးသွားပြီ၊ အားလုံး ပြီးသွားပြီ'

အကယ်၍ သတင်းဖြန့်ချီရေးအဖွဲ့မှ အဘွားကြီးသာမြင်သွားပါက ကပ်ဘေးဆိုက်ပြီဖြစ်သည်။ ဝမ်ဇီချန် အံကြိတ်လိုက်သည်။ အဘွားအိုတစ်ဦးကို ကျောပိုးထားသော အမျိုးသမီးတစ်ဦးအား ကျော်မတက်နိုင်ဟု သူ မယုံကြည်ပေ။

သူသည် မြည်းတစ်ကောင်ကဲ့သို့ ဖုန်လုံးများကို ကန်ထုတ်ကာ ခေါင်းစောင်း၍ ရှေ့သို့ ပြေးဝင်သွားတော့သည်။

ရှဲ့လီသည် ရွာထဲတွင် တံခါးများခေါက်ကာ စက်ဝိုင်းကြီးတစ်ခုလို ပတ်ပြေးခဲ့ရသဖြင့် သူမခွန်အားများ ကုန်ခမ်းနေခဲ့ပြီဖြစ်သည်။

ယခု အဘွားအိုအား ကျောပိုးထားရသဖြင့် သူမခံနိုင်ရည်မှာ အနည်းငယ်ကျဆင်းလာခဲ့၏။ ဝမ်ဇီချန် သူ့စိတ်ထဲတွင် တွေးလိုက်သည်။

‘တင်တောင်းငွေ၊ မင်္ဂလာဆောင်'

*ရွှီး ရွှီး ရွှီး*

သူ ရှဲ့လီအား ကျော်တက်သွားခဲ့သည်။

“ဟေး ဟေး ဟေး”

ရှဲ့လီ စိုးရိမ်သွား၏။ ဤလူက တရားမျှတစွာ မကစားခဲ့ပေ။

သို့ပေမယ့် သူမ တကယ်ပင် အနည်းငယ် ပင်ပန်းနေခဲ့ပြီဖြစ်သည်။

“ပြီးပြီ အဘွားရေ၊ ကျွန်မတို့ အမီမသွားနိုင်ရင် အဘွားပြဇာတ်ကို ကြည့်ရတော့မှာမဟုတ်ဘူး”

ရှဲ့လီသည် မောဟိုက်နေခဲ့သည်။

အဘွားအိုမှာလည်း စိုးရိမ်သွားသည်။

ဤလောကတွင် သူမအတွက် ပြဇာတ်ကြည့်ရခြင်းသည် အရေးအကြီးဆုံးအရာပင်။

သူမသည် တုတ်ကောက်ကိုမြှောက်ကာ ဝမ်ဇီချန်၏လည်ပင်းကို လှမ်းချိတ်လိုက်သည်။

“ကောင်လေး၊ တုတ်ကောက်ကို သတိထား”

အဘွားကြီးသည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ဝမ်ဇီချန်မှာမူ တုတ်ကောက်ဖြင့် အချိတ်ခံရကာ ဘုန်းခနဲ လဲကျသွားတော့သည်။

“ဟီးဟီး”

အဘွားအိုသည် ကောက်ကျစ်စွာပြုံးလိုက်၏။

ရှဲ့လီသည် အဘွားအိုအား ကျောပိုးလျက် ဆက်ပြေးလေတော့သည်။

ဝမ်ဇီချန် စိတ်ပျက်သွားသည်။

“ခင်ဗျားတို့၊ ခင်ဗျားတို့ တကယ်ညစ်ပတ်တာပဲ”

သူ့ဇနီး၊ သူ့တင်တောင်းငွေ.....

သူ့အနာဂတ်ဇနီးလောင်းမိသားစုမှ တောင်းဆိုထားသော များပြားလှသည့် တင်တောင်းငွေကို တွေးမိသောအခါ ဝမ်ဇီချန်သည် အံကြိတ်ကာ မတ်တတ်ရပ်လိုက်ပြီး သူ့ခွန်အားများ မြင့်တက်လာတော့သည်။

သူ့ခြေထောက်များသည် လှည်းဘီးများကဲ့သို့ တစ်ရစပ်လည်ပတ်နေတော့သည်။

“အား”

သူ့ခြေအောက်မှ မီးပွားများလွင့်စင်လာပြီး ရှဲ့လီအား နောက်တစ်ကြိမ်ကျော်တက်သွားပြန်၏။

‘တင်တောင်းငွေရေ ငါ လာနေပြီ'

အဘွားအိုမှာ နောက်တစ်ကြိမ်စိုးရိမ်သွားပြန်သည်။

“ဒီခေတ်လူငယ်တွေက အရမ်းကို အားနည်းလွန်းတယ်”

အဘွားကြီးသည် ရုတ်တရက် မြေကြီးပေါ်သို့နောက်ပြန်ဂျွမ်းထိုးဆင်းကာ ရှဲ့လီအားကျောပိုး၍ အရှေ့သို့ပြေးဝင်သွားတော့သည်။

ဝမ်ဇီချန် တစ်မိနစ်မျှမကျေနပ်ရသေးမီမှာပင် လျှပ်စီးကဲ့သို့ အရိပ်တစ်ခု သူ့ဘေးမှ ဖြတ်ပြေးသွားသည်ကိုမြင်လိုက်ရ၏။

ငါ အမြင်မှားနေတာလား.....

ရှဲ့လီ အဘွားအိုအားစီးကာ တောအုပ်ငယ်ဆီသို့ ပြေးဝင်သွားသည်ကို သူမြင်လိုက်ရသလိုပင်။

ဝမ်ဇီချန်သည် အန်သည်အထိပြေးခဲ့သော်လည်း ရှဲ့လီကို ကျောပိုးထားသော အဘွားကြီးအား ကျော်မတက်နိုင်ခဲ့ပေ။

သူတို့ရောက်ရှိသွားသောအခါ အဘွားအိုသည် ရှဲ့လီအားအောက်ချပေးလိုက်ပြီး သူမ၏ငွေရောင်ဆံပင်များကို သပ်တင်လိုက်သည်။

ဖန်လင်းသည် လိပ်တစ်ကောင်ကဲ့သို့ မြက်ခင်းချိုင့်ဝှမ်းတစ်ခုထဲတွင် မလှုပ်မယှက်လှဲလျောင်းနေ၏။

ရှဲ့လီက အဘွားအိုကိုပါ ချိုင့်ဝှမ်းထဲသို့ ဆွဲသွင်းလိုက်သည်။

“အဘွား၊ ဒါကြည့်လို့အကောင်းဆုံးနေရာပဲ”

လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး အားလုံးမှာမောဟိုက်နေကြကာ တစ်စုံတစ်ရာလွတ်သွားမည်ကို ကြောက်ရွံ့နေကြသည်။

ဝမ်ဇီချန်သည် နောက်ဆုံးမှရောက်ရှိလာ၏။

သူသည် စောစောက အသားကုန်ပြေးခဲ့ရသဖြင့် အန်ဖတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။

*ဒင်*

ရှဲ့လီသည် ကျိုးပဲ့နေသောကြေးစည်တစ်ခုကို ဆွဲထုတ်ကာ စတင်တီးခတ်လေတော့သည်။

“အမှိုက်တွေ ရောင်းမယ်၊ စုတ်ပြတ်နေတဲ့ ဖိနပ်တွေနဲ့ အမှိုက်သရိုက်ပစ္စည်းတွေ ရောင်းမယ်”

ဤအော်ဟစ်သံသည် ချိန်းတွေ့နေကြသော ဝမ်ရှို့မေနှင့် ၀မ်ကျီးယုံတို့အား သေလောက်အောင် ထိတ်လန့်သွားစေခဲ့၏။

၀မ်ကျီးယုံ နောက်လှည့်ကြည့်လိုက်သောအခါ တစ်ရွာလုံးက သူတို့အား တိတ်တဆိတ်စိုက်ကြည့်နေသည်ကို မြင်လိုက်ရပြီး အင်မတန်ကြောက်လန့်သွားကာ ထိုနေရာတွင်ပင် ပျော့ခွေကျသွားတော့သည်။

ဝမ်ရှို့မေသည်လည်း အော်ဟစ်လိုက်ပြီး အဝတ်အစားများကို ကမန်းကတန်း ကောက်၀တ်လေတော့သည်။

၀မ်ကျီးယုံသည်လည်း သူ့အဝတ်အစားများကို အလျင်စလိုရှာဖွေခဲ့သော်ငြား ၎င်းတို့ ပျောက်ဆုံးနေလေပြီ။

‘ငါ့အဝတ်အစားတွေ ဘယ်ရောက်သွားပြီလဲ၊ ငါ့အဝတ်အစားတွေ ဘယ်မှာလဲ'

ရိုးသားကြိုးစားသော ဖိုးသခွါး‌လေးဖန်လင်းသည် သူခိုးယူထားသော ၀မ်ကျီးယုံ၏အဝတ်အစားများကို တင်ပါးအောက်တွင် တိတ်တဆိတ်ဖိထားလိုက်သည်။

သူ့အဝတ်အစားများကို ရှာမတွေ့သောအခါ ၀မ်ကျီးယုံသည် ဝမ်ရှို့မေ၏အဝတ်အစားများကို ဆွဲယူကာ ဝတ်ဆင်လေသည်။

စောစောလေးကမှ ချစ်တင်းနှောနေကြသော ထိုနှစ်ဦးသည် ယခုအခါ အဝတ်အစား တစ်ထည်တည်းအတွက် သေခန်းပြတ်ရန်ဖြစ်နေကြတော့၏။

“ငါ့အဝတ်အစားတွေ ပေးစမ်း သောက်ကောင်”

“နင့်အမေကိုပဲ သွား** အဲဒါ ငါ့အဝတ်အစားတွေဟ”

အချို့စပ်စုတတ်သည့် အမျိုးသမီးများသည် သူတို့ကလေးများကိုပါ ကြည့်ရှုရန် ခေါ်လာခဲ့ကြသည်။

မိန်းကလေးငယ်တစ်ဦးက ၀မ်ကျီးယုံအား လက်ညှိုးထိုးကာ ဖြူဖြူစင်စင်လေသံလေးဖြင့် ပြောလိုက်၏။

“အမေ ခွေးတွေမှာ အမြီးရှိတယ်ဆိုရင် ဘာလို့ ဦးလေးကျီးယုံမှာလည်း အမြီးရှိနေတာလဲ”

အားလုံး : “….”

“ဦးလေးကျီးယုံးရဲ့အမြီးက အရှေ့မှာရှိနေတာနော် ပြီးတော့ အရမ်းသေးတာပဲ၊ သူက မသန်မစွမ်းဖြစ်နေတာလား အမေ”

‘ဖူး'

၀မ်ကျီးယုံမှာမူ မှင်သက်သွားတော့သည်။

‘ထွက်သွားစမ်း’

‘တုံးအလိုက်တဲ့ ကလေး'

ရွာသားများသည် လက်ပူးလက်ကြပ် ဖမ်းမိထားသော ထိုစုံတွဲအား လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသည်။

ယွီတာ့ဖုန်းရောက်လာသောအခါ သူမသမီးဖြစ်သူမှာ မျက်နှာကိုအုပ်၍ အဝတ်အစားမဲ့နေသော ၀မ်ကျီးယုံဘေးတွင် လှဲလျောင်းရင်း အော်ဟစ်ငိုယိုနေ၏။

“အကုသိုလ်ကောင်မပါလား”

သူမသည် ဒေါသတကြီးဖြင့် ကိုယ့်ပေါင်ကို ရိုက်လိုက်သည်။

ပုံမှန်အားဖြင့် သူတို့သည် သူမစောင့်ကြည့်ပေးနိုင်သည့် နေရာတွင်သာ ဖောက်ပြန်လေ့ရှိကြသည်။

ဝမ်ရှို့မေ ဤတောထဲသို့ လာရောက်ချိန်းတွေ့လိမ့်မည်ဟု မည်သူသိမည်နည်း။

“အားလုံး ဖယ်ပေးကြ၊ ရွာလူကြီး ရောက်လာပြီ”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ ရွာသားများက လမ်းဖယ်ပေးလိုက်ကြသည်။ ယွီတာ့ဖုန်းခြေထောက်များ ပျော့ခွေသွားသည်။

မကောင်းတော့ဘူး

ရွာလူကြီးရောက်လာပြီဖြစ်ရာ ဤကိစ္စသည် ကြီးမားသော အရှုပ်အထွေးကြီး ဖြစ်သွားချေပြီ။

အခြေအနေများ ဆိုးရွားလာနေသည်ကို မြင်လိုက်ရသောအခါ ၀မ်ကျီးယုံသည် မတ်တတ်ရပ်ကာ ဝမ်ရှို့မေအား ကန်ထုတ်လိုက်သည်။

“ဖာသည်မ မင်း ငါ့ကိုမြူဆွယ်ခဲ့တာ၊ မင်း ငါ့ကိုဆေးတောင်ခတ်လိုက်သေးတယ်၊ ရွာလူကြီး ကျွန်တော်အပြစ်ကင်းပါတယ်၊ ဒီခွေးမက ကျွန်တော့်ကို မြူဆွယ်ဖို့ ဆေးခတ်ခဲ့တာပါ”

ဝမ်ရှို့မေ : “….”

“နင် နှလုံးသားမရှိတဲ့ကောင်၊ နင်က ငါ့ကိုတောင် စွပ်စွဲရဲတယ်ပေါ့၊ အခြေအနေဆိုးလာတော့ နင်က သင်္ဘောပေါ်ကနေ ခုန်ချချင်နေတာလား၊ အိပ်မက်ထဲမှာပဲ သွားမက်လိုက်၊ ၀မ်ကျီးယုံ နင့်ကို ငါနဲ့အလကားအိပ်ခွင့်ပေးခဲ့တာ လေးနှစ်တောင်ရှိပြီ၊ ပြီးတော့ ငါ ဖန်လင်းနဲ့လက်မထပ်ခင်က နင့်အတွက် တရားမဝင်သားတစ်ယောက်တောင် မွေးပေးခဲ့သေးတယ်၊ အဲဒီကလေးက အခုထိ ငါ့အဒေါ်အိမ်မှာ ကြီးပြင်းနေတုန်းပဲ၊ ဒါက နင်ငါ့ကို ဆက်ဆံတဲ့ပုံစံလား”

ဝမ်ရှို့မေသည် ဒေါသကြီးသူဖြစ်ပြီး မည်သည့်အရာကိုမျှ မြိုသိပ်ထားလေ့မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူမစိတ်ခံစားမှုလွယ်သောကြောင့်မဟုတ်ဘဲ သူမဦးနှောက်လုပ်ဆောင်နိုင်စွမ်း နိမ့်လွန်းသောကြောင့်ဖြစ်သည်။

၀မ်ကျီးယုံသည် မျက်လုံးများလှန်သွားပြီး ပါးစပ်တွန့်သွားရသည်။

ဒီမိန်းမရူးနေတာလား

သူမသည် သူ့အား အတူဆွဲချရန်အတွက်နှင့် ထိုအရာအားလုံးကို ဗြုန်းခနဲ ဖွင့်ဟပြောဆိုလိုက်သည်ပင်။

ဤသည်မှာ ‘ရန်သူ့တပ်သား ရှစ်ရာ ထိခိုက်စေရန် ကိုယ့်တပ်သား ရှစ်သန်း အရှုံးခံလိုက်ခြင်း’ ဖြစ်၏။

၀မ်ကျီးယုံသည် စိတ်တင်းထားပြီး ပြောလိုက်၏။ နောက်ဆက်တွဲ အကျိုးဆက်များကို သူ ဂရုမစိုက်နိုင်တော့ပေ။

“ထွက်သွားစမ်း၊ အဲဒီကလေးက ငါ့ကလေး လုံးဝမဟုတ်ဘူး”

ရှဲ့လီ မျက်လုံးများပြူးကျယ်သွားပြီး လက်ခုပ်တီးလိုက်သည်။

“အိုး ဘုရားရေ၊ ဒါ တကယ်ကို ခံစားချက်တွေ ပေါက်ကွဲထွက်လာတာပဲ”

အားလုံး : ‘ဟုတ်တယ်၊ ဟုတ်တယ်'

All Chapters