← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

Ch-148

ရွာသူကြီးသည် စပ်စုနေသောလူအုပ်ကြီးကြားထဲသို့ တိုးဝင်လာလေသည်။ ပါတီ၏လမ်းညွှန်ချက်အရ အရည်အချင်းပြည့်မီသော အောက်ခြေအဆင့် ခေါင်းဆောင်တစ်ဦးသည် လူထုကြားမှဆင်းသက်လာပြီး လူထုကြားထဲ၌ပင် ရှိနေရမည်ပင်။

ထို့ကြောင့် ရွာသူကြီးသည် လူအုပ်ကြားထဲတွင်ပုန်းကွယ်လျက် ဇာတ်လမ်းကို စတင်ကြည့်ရှုနေတော့သည်။ ဝမ်ရှို့မေ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

“ရှင် အဲဒီကလေး ရှင့်သွေးသားမဟုတ်ဘူးဆိုတာ ဘယ်တုန်းကသိသွားတာလဲ”

ဝမ်ရှို့မေ၏မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သော အပြစ်ရှိစိတ်တို့က တစ်ခဏတာ ဖြတ်ပြေးသွားလေသည်။

ဝမ်ကျီးယုံ အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်

“ဒီကလေးက ဝမ်အာ့နဲ့ ချွတ်စွပ်တူနေတာကို ငါကထပ်ပြီးစုံစမ်းနေစရာလိုသေးလို့လား၊ ဘယ်သူကြည့်ကြည့် သိနိုင်တဲ့ကိစ္စပဲလေ”

လူအုပ်ကြီးက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

“ဘာရယ်”

အားလုံး၏အကြည့်များက ဝမ်အာ့ထံသို့ စုပြုံကျရောက်သွားလေသည်။

လူအများက ဝမ်အာ့ကို ဝိုင်းဝန်းဂုဏ်ပြုနေကြလေသည်။

“ဂုဏ်ယူတယ်ကွာ ညီအစ်ကို”

“ဝမ်းသာစရာပဲ သားလေးတစ်ယောက် ထပ်ရသွားတာကိုး”

ဖခင်တစ်ယောက်ဖြစ်လာရသည့်အတွက် ဝမ်အာ့မှာအလွန်အမင်း စိတ်လှုပ်ရှားလွန်းသွားရပြီး ဝမ်းဗိုက်ထဲမှ ရုတ်တရက် အသံများမြည်ဟည်းလာပြီး ဝမ်းသွားချင်လာတော့၏။

*ပလုံ ပလွတ် ဘွတ်*

ဝမ်ရှို့မေ၏အပြစ်ရှိစိတ်မှာ တစ်စက္ကန့်မျှသာခံပြီး ချက်ချင်းပင် မောက်မာခက်ထန်သောအသွင်သို့ ကူးပြောင်းသွားလေသည်။

သူမက မိမိကိုယ်ကိုအမှန်တရားဘက်တော်သားသဖွယ် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ၊ ကလေးမွေးရတာ တကယ်ကို ပင်ပန်းတဲ့အလုပ်ပဲ၊ ဒါကြောင့် ဘယ်သူ့ကလေးလဲဆိုတာကို ခေါင်းထဲထည့်မနေစမ်းပါနဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးက ရှင့်ကိုအဖေလို့ ခေါ်နေတာပဲလေ”

လူအုပ်ကြီးမှာ ဆွံ့အသွားကြလေ၏။

“ဟိုက်”

တကယ့်ကို အံ့မခန်းပါပေ။ မည်သည့် အရှက်အကြောက်မျှမရှိဘဲ သူမကိုယ်သူမ ဤမျှလောက် မှန်ကန်နေသည်ဟု မည်သို့များ တွေးနေနိုင်သနည်း။

ဝမ်အာ့ကတော့ ဤကိစ္စကိုလုံးဝ လက်မခံနိုင်ပေ။ သူသည် ဝမ်ကျီးယုံထံသို့ ဒေါသတကြီးပြေးဝင်သွားကာ လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးကြိတ်လေတော့သည်။

ဝမ်ကျီးယုံက အလန့်တကြားအော်ဟစ်လိုက်၏။

“မင်းက ဘာလို့ ငါ့ကိုလာထိုးနေရတာလဲ”

အဝတ်အစားမဲ့နေသော ဝမ်ကျီးယုံမှာ မိမိကိုယ်ကို ဖုံးကွယ်ရန်ကြိုးစားရင်း ဝမ်အာ့၏လက်သီးချက်များကို ကာကွယ်နေရသဖြင့် အလွန်တရာစုတ်ချာပြီး သနားစရာကောင်းလှလေသည်။

ဝမ်အာ့က အေးစက်စက်နှာခေါင်းရှုံ့ကာ ဒေါသတကြီးတုံ့ပြန်လိုက်သည်။

“ငါ့သားက မင်းကိုအဖေလို့ ခေါ်လာတာ နှစ်တွေတောင် အတော်ကြာနေပြီ၊ မင်း အရိုက်ခံရတာ နည်းတောင်နည်းသေးတယ်”

ဝမ်ကျီးယုံက ငိုတော့မည့်အသံဖြင့် အော်ပြောလိုက်လေ၏။

“မင်းရူးနေလား”

ဝမ်အာ့က ဒေါသတကြီးနှာမှုတ်လိုက်ရင်း ဆက်ပြောသည်။

“အဲဒါ ငါတို့ဝမ်မိသားစုရဲ့ ကလေးကွ၊ ဒါကြောင့် သူ့မျိုးရိုးနာမည်က ဝမ်ဖြစ်ရမယ်”

ဝမ်ကျီးယုံက အလွန်တရာမတရားခံရသည့်ဟန်ဖြင့် ပြန်အော်လေသည်။

“သူ့မျိုးရိုးနာမည်က ဝမ်ပါပဲကွာ”

ဝမ်အာ့က တစ်ချက်မျှတွေးတောလိုက်ပြီးနောက် ဟုတ်သည်ဟု မှတ်ယူလိုက်လေ၏။

ဝမ်ကျီးယုံး၏မျိုးရိုးအမည်မှာလည်း ဝမ်ပင်ဖြစ်နေသည် မဟုတ်လော။

ဝမ်အာ့က အံ့သြတကြီးမေးလိုက်သည်။

“ဒါဆို ငါတို့ကဆွေမျိုးတွေပေါ့”

ဝမ်ကျီးယုံက ခေါင်းတဆတ်ဆတ် ညိတ်ပြရင်း ထောက်ခံလိုက်သည်။

“ငါတို့နှစ်ယောက်လုံးက ဝမ်မိသားစုကပဲလေ”

ထိုအခါမှသာ ထိုသူနှစ်ယောက်မှာ ယခင်ကကဲ့သို့ ပြန်လည်သင့်မြတ်သွားကြလေတော့၏။

ဝမ်အာ့သည် ကိုယ်တုံးလုံးဖြစ်နေသော ဝမ်ကျီးယုံးနှင့် ဖိုသီဖတ်သီဖြစ်နေသော ဝမ်ရှို့မေတို့ကိုကြည့်ရင်း သူ့မျက်ဝန်းများထဲတွင် ဝမ်းနည်းကြေကွဲမှုအရိပ်အယောင်များ ပြည့်နှက်လာလေသည်။

လွန်ခဲ့သောနှစ်များက သူနှင့် ဝမ်ရှို့မေတို့ တိတ်တဆိတ်ပတ်သက်ခဲ့ဖူးသော်လည်း နောင်တွင် သူမကသူ့ကို စွန့်ပစ်သွားခဲ့သည်။

သို့သော် သူမသည် သူ့သွေးသားကို မွေးဖွားပေးလိမ့်မည်ဟု မည်သူထင်မှတ်ထားခဲ့မည်နည်း။

သူက ဝမ်ရှို့မေကိုစိုက်ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ငါ ရောက်လာတဲ့အချိန်မှားသွားပြီ ထင်ပါရဲ့”

သူက ကျောခိုင်းလှည့်ထွက်ရန်ပြင်လိုက်သော်လည်း ဝမ်ရှို့မေက အလျင်အမြန် တားဆီးလိုက်သည်။

“မဟုတ်ဘူး၊ ရှင်ရောက်လာတဲ့ အချိန်က ကွက်တိပဲ”

လူအုပ်ကြီးက နားမလည်နိုင်စွာဖြင့်တီးတိုးရေရွတ်ကြသည်။

“ဘာတွေလဲ”

ဝမ်ရှို့မေက ဝမ်ကျီးယုံကို သူမရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရင်း ရှင်းပြလိုက်၏။

“ဒီနှစ်တွေတစ်လျှောက်လုံး သူက ကလေးရဲ့ အဖေနေရာမှာနေပေးခဲ့ပေမယ့် ကလေးရဲ့သွေးသားအရင်းအဖေက ရှင်ပါပဲ ဝမ်အာ့”

လူအများ၏အံ့သြမှင်တက်နေသော အကြည့်များကြားတွင် သူမက အမျိုးသားနှစ်ဦးလုံးကို ဖက်တွယ်ထားရင်း ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်သည်။

“ကျွန်မ ရှင့်တို့နှစ်ယောက်လုံးကို ချစ်တယ်”

လူအုပ်ကြီးမှာ ဆွံ့အသွားကြလေသည်။

“ဟာ”

တကယ့်ကို ကမ်းကုန်အောင်အရှက်မဲ့လွန်းလှပေ၏။

ရွာသူကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်

“တော်ကြစမ်း၊ တော်ကြတော့လို့ ငါပြောနေတယ်”

ရွာသူကြီးသည် ဤပြက်လုံးများကို ဆက်လက်သည်းမခံနိုင်တော့ပေ။

သူသည် ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး ထိုလူသုံးဦးကို ခြေထောက်ဖြင့်ကန်ထုတ်လိုက်ရင်း အမိန့်ပေးလေသည်။

“ဒီသုံးယောက်လုံးကို ကျေးရွာတပ်ခွဲရုံးဆီ ဖမ်းခေါ်သွားကြစမ်း”

မထွက်ခွာမီတွင် ဝမ်ရှို့မေသည် ဖန်လင်းကို ရှာဖွေရန် မမေ့လျော့ခဲ့ပေ။ သူမက ဖန်လင်းကိုလှမ်းကြည့်ရင်း ဆက်ပြောသည်။

“ဖန်လင်း ကျွန်မ ရှင့်ကိုအခွင့်အရေးတစ်ကြိမ် ပေးနိုင်တယ်နော်”

ဖန်လင်းက ချက်ချင်းပင်ခေါင်းယမ်းလိုက်၏။

“ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပါရစေ”

ဝမ်ရှို့မေက ခြိမ်းခြောက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“ရှင် ဒီအခွင့်အရေးကို ဆုပ်ကိုင်မထားဘူးဆိုရင် ကျွန်မ ရှင့်ဆီကနေ အပြီးတိုင် ထွက်သွားတော့မှာနော်”

ဖန်လင်းသည် တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် ခေါင်းမော့ကာ ကျယ်လောင်စွာရယ်မောလိုက်လေသည်

“ဟား ဟား ဟား ဟား အဲဒီလိုဆိုရင်တော့ တကယ့်ကို အတိုင်းထက်အလွန်ပဲပေါ့”

လူတိုင်းက ဖန်လင်းတစ်ယောက် ရူးသွပ်သွားပြီဟု ထင်မှတ်နေကြလေသည်။

သို့သော် သူ့ကိုလည်း အပြစ်ဆို၍မရနိုင်ပေ။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကြုံတွေ့ရပါက မည်သူကမရူးဘဲ နေနိုင်မည်နည်း။

မည်သူက ဤမျှကြီးမားသော အရှက်တကွဲ အကျိုးနည်းမှုကို သည်းခံနိုင်မည်နည်း။ ကိုယ်ကျင့်တရား ပျက်ပြားနေသော မိန်းမပျက်တစ်ဦးကို အိမ်သို့ခေါ်ဆောင်လာမိခြင်းသည်သာ တကယ့်ကို ရင်နာစရာပင်ဖြစ်လေသည်။

ပုံမှန်အားဖြင့် ဖောက်ပြန်သူများကို ဖမ်းဆီးလျှင် နှစ်ဦးသာဖမ်းမိတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သုံးဦးတပြိုင်နက် ဖမ်းမိခဲ့ခြင်းဖြစ်လေသည်။

ဝမ်ရှို့မေ၊ ဝမ်အာ့နှင့် ဝမ်ကျီးယုံ

ဝမ်ကျီးယုံတို့သုံးဦးလုံးသည် စိတ်ဓာတ်ရေးရာပြုပြင်ပြောင်းလဲရေးအတွက် တော်လှန်ရေးကော်မတီသို့ ပို့ဆောင်ခံလိုက်ရပြီးနောက် လူသိရှင်ကြား ထုတ်ဖော်ပြသခံရလေတော့၏။

သူတို့သုံးဦးသည် လည်ပင်းတွင် ဆိုင်းဘုတ်ကြီးများကို ဆွဲချိတ်ထားရပြီး ခေါင်းပေါ်တွင် ဖိနပ်ပျက်များတင်ထားလျက် လက်ပတ်နီတပ်ဖွဲ့ဝင်များက ရွာတစ်ပတ်လှည့်လည်ကာ အရှက်ခွဲခြင်းကိုခံရလေသည်။

All Chapters